ကောလင်းနဲ့ ကန့်ဘလူအစပ် တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထံက မူးယစ်ဆေးတွေ တွေ့ရှိ၊

စစ်အုပ်စုက မူးယစ်ဆေးကျွေးကာ စစ်တိုက်ခိုင်းတယ်လို့ သုံ့ပန်းထွက်ဆို၊
ထင်လင်း/MFP၊ နိုဝင်ဘာ – ၁၇
စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်၊ ကိုးတောင်ဘို့ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စု အလောင်းနဲ့ သုံ့ပန်းတွေ ဖမ်းမိခဲ့ပြီး ဖမ်းမိတဲ့ သုံ့ပန်းတွေထံက မူးယစ်ဆေးဝါး တွေပါ သိမ်းဆည်း ရရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်း ထုတ်ပြန်ပါတယ်။
ယခု နိုဝင်ဘာလအတွင်း အင်းတော်နယ်ကတဆင့် ဝန်းသို့မြို့ထဲ ဝင်ရောက်လာတဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ စစ်အုပ်စုဟာ ဝန်းသိုကတဆင့် ကန့်ဘလူနဲ့ ကောလင်းအစပ် ကိုးတောင်ဘို့ရွာဘက် ဆက်လက် စစ်ကြောင်းထိုးလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
“ကန့်ဘလူမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ ခွေးစစ်ကြောင်းများကို တော်လှန်ရေး အင်အားစုများ ခုခံတိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်မှ စစ်ခွေးအချို့အား အရှင်ဖမ်းဆီး ရရှိထားပြီး စစ်ဘက်တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းချက်အရ ၄င်းတို့အား မူယစ်ဆေးဝါးများ သုံးစွဲစေကြောင်း၊ အရှေ့သို့ တက်ခိုင်းသည်ကို မတက်ပါက ပစ်မိန့်ပေး ခိုင်းစေနေကြောင်း သိရှိရသည်” လို့ ကန့်ဘလူ ပအဖ က နိုဝင်ဘာ ၁၅ရက်မှာ ဖော်ပြပါတယ်။
ကိုးတောင်ဘို့တိုက်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စု အလောင်း ၂၀ ခန့် ရရှိ သလို သုံ့ပန်းတွေလည်း ဖမ်းမိထားပြီး အဲ့ဒီ သုံ့ပန်းတွေနဲ့အတူ WY ပန်းရောင် မူးယစ်ဆေးဝါးတွေလည်း သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“သုံ့ပန်းတွေ တော်တော်များများ မိတော့ အရမ်းငယ်တဲ့ ကလေးတွေ ပါတယ်တဲ့။ ၁၈နှစ်၊ ၁၉ နှစ် ကလေးတွေ ပါတယ်တဲ့။ အဲ့ဒီ ကလေးတွေကို မူးယစ်ဆေး ကျွေးပြီးမှ တိုက်ခိုင်းတယ်၊ တက်ခိုင်းတယ် တဲ့” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်က ကိုးတောင်ဘို့ရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲ ဝန်းသိုမြို့ အခြေပြု ခြေမြန်တပ်ရင်း (ခမရ) ၁၁၁ က စစ်အုပ်စု တစ်ယောက်လည်း ပါဝင်ပြီး ဖမ်းမိချိန် မူးယစ်ဆေး အသုံးများလို့ ဆေးကြောင်နေတာ တွေ့ရတယ်လို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က ဖော်ပြပါတယ်။
“ဦးလေးတို့က အသက်ကြီးပြီလေ မလုပ်ချင်လည်း လုပ်နေရတယ်၊ မျက်စိနှစ်လုံး ပွင့်တာနဲ့ ဆဲဆိုသံ မိုးမွှန်အောင် ကြားနေရတာ၊ သေမှာ အကုန်ကြောက်တာပဲ၊ မတက်ရဲဘူးဆိုလည်း မရဘူး ပစ်သ-တ်မယ် ပြောတယ်၊ ပြီးတော့ WYဆေးပြားတွေ ခွဲတမ်းနဲ့ပေးတယ်၊ အဲ့ဆေးပြားနဲ့ဆို ကြောက်စိတ် မရှိဘူး အေးဆေး လှုပ်ရှားနိုင်တယ် ပြောတော့ ဦးလေးတို့လည်း ရဲဆေးတင်ရတာပါ့၊ ရဲဆေးတင်ရင်း စွဲလာတာ ပါပဲ” လို့ စစ်သုံ့ပန်းက ထုတ်ဖော်ပြောဆိုတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

တပ်မ ၃၃ လက်အောက်ခံ၊ နည်းဗျူဟာ – ၃၃၂က နည်းဗျူဟာမှူး ဗိုလ်မှူးအဆင့် ကျော်ဆန်းဝင်း ဦးဆောင်တဲ့ ဝန်းသိုမြို့ ခြေမြန်တပ်ရင်း – ခမရ-၁၁၁နဲ့ ခမရ ၁၂၀ က အဖွဲ့တွေ အပါအဝင် အင်အား ၆၀၀ ခန့်ပါ စစ်အုပ်စုဟာ နိုင်ဝင်ဘာ ၁၂ ရက်မှာ ဝန်းသိုကနေ ကောလင်းမြို့နယ်ထဲ ဝင်ရောက်ပြီးနောက် ကောလင်းက တဆင့် ကန့်ဘလူနယ်ဘက်ကို နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေတာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ဖော်ပြပါတယ်။
ကောလင်းကနေ ရထားလမ်းအတိုင်း ကိုးတောင်ဘို့ဘက်ကို အင်အား ၄၀၀ လောက်နဲ့ တစ်ဖွဲ့၊ ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာဘက်ကို ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအတိုင်း အင်အား ၂၀၀ လောက်နဲ့ တစ်ဖွဲ့၊ နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ကိုးတောင်ဘို့ဘက် ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ နိုဝင်ဘာ ၁၃ရက်မှာ တိုက်ပွဲ စတင် ဖြစ်ပွားကာ နိုဝင်ဘာ ၁၆ရက်အထိ ကိုးတောင်ဘို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်ရှိ ဇော်ချောင်းနဲ့ သင်တောကျေးရွာတွေကို စီးနင်း လုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုက လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲနေလို့ ကောလင်းနဲ့ ကန့်ဘလူနယ်အစပ်ရှိ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်နဲ့ ကန့်ဘလူတိုက်နယ် လွှဲဆိပ်ဘက်ရှိ ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
လက်ရှိ ကောလင်းနဲ့ ကန့်ဘလူနယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း မန္တလေးနဲ့ မတ္တရာကတဆင့် ကသာနဲ့ အင်းတော်နယ်ထဲ ပို့ထားတဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ အများစု ဖြစ်ပြီး အောက်တိုဘာလဆန်းမှာ အင်းတော်မြို့ကနေ မဲဇာဘက် စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စု ဖြစ်ပါတယ်။

အင်းတော်နယ်ထဲ စစ်ကြောင်းထိုးတဲ့ အဲ့ဒီ စစ်အုပ်စုကို အောက်တိုဘာလအတွင်း တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ရာနဲ့ချီ သုတ်သင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (အထူးလှုပ်ရှားတပ်မ) နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ကျော်ဆန်းဝင်း ဦးဆောင်တဲ့ စစ်အုပ်စုဟာ အင်းတော်နယ် တိုက်ပွဲတွေမှာ အထိနာ အသေများတိုင်း ဒေသခံပြည်သူကို တုန့်ပြန်ရန်ပြုခဲ့ပြီး အင်းတော်နယ်က ဒါဇင်ချီတဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့သလို ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကိုးတောင်ဘို့တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းထံက သိမ်းဆည်း ရမိတဲ့ မူးယစ်ဆေးနဲ့ အောက်တိုဘာလက အင်းတော်နယ် တိုက်ပွဲတွေမှာ မသေဘဲ ဝန်းသို့မြို့ထဲ ဝင်ရောက်လာတဲ့ တပ်မ ၃၃ က နည်းဗျူဟာမှူး ဗိုလ်မှူးအဆင့် ကျော်ဆန်းဝင်းနဲ့ အဖွဲ့ကို စစ်အုပ်စု အချင်းချင်း ကြိုဆိုနေစဉ်/Photo – ဒေသခံ၊ စစ်အုပ်စု
MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကောလင်းကိုးတောင်ဘို့ #ကန့်ဘလူချပ်သင်း



