
ရွှေဥ/MFP၊နိုဝင်ဘာ-၂၆
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊နောင်ကြီးအိုင်ကျေးရွာကို စစ်အုပ်စုက တန်ဆောင်မုန်းလပြည့်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် သုံးဦးသေဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
နိုဝင်ဘာ(၂၄)ရက် တန်ဆောင်မုန်းလပြည့် မနက် (၁၀)နာရီခွဲဝန်းကျင်မှာ အရာတော်မြို့နယ်အတွင်းက အိမ်ခြေ (၂၀၀၀)ကျော်ရှိတဲ့ နောင်ကြီးအိုင်ကျေးရွာက စျေးဆိုင်တန်းကို ပါရာမော်တာတစ်စီးနဲ့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။



အဲဒီတိုက်ခိုက်မှုကြောင့် အသက် (၄)နှစ်အရွယ် မနှင်းရတီ၊ (၄၆)နှစ်အရွယ် ဒေါ်နှင်းရွှေနဲ့ (၁၉)နှစ်အရွယ် ကိုကျော်သူညိမ်းတို့သုံးဦး ပွဲချင်းပြီး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အရာတော်မြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပဖ -အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“နောင်ကြီးအိုင်ရွာ မိန်းလမ်းကတော့ စျေးဆိုင်တွေပဲလေ။စျေးဆိုင်တွေဆိုတော့ ကုန်ပစ္စည်းတွေက မျိုးစုံးပေါ့ ၊ကုန်ခြောက်ဆိုင်ရှိမယ်။စက်ပစ္စည်းမျိုးစုံးပေါ့ စသည်အားဖြင့် တန်ဆောင်မုန်းလပြည့်ဆိုတော့လဲ တော်တော်များများက စျေးဝယ်သွားကြတာပေါ့ဗျ ၊အဲဒီအချိန် ချလိုက်တာဆိုတော့ ထိခိုက်သွားတာကတော့ (၁၀)ယောက်လောက်ရှိတယ်။ “
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသူ (၁၀)ဦးထဲမှာ လေးဦးက အသက်အန္တရာယ် စိုးရိမ်ရပြီး ဆေးဝါးကုသမှုခံယူနေရသလို စျေးဆိုင်တန်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေဟာ စျေးရောင်းစျေးဝယ်နေကြတဲ့ အရပ်သားပြည်သူတွေဖြစ်ပြီး ဒေသတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“အကြောင်းမဲ့သက်သက် တိုက်သွားတာပေါ့၊ဘာစစ်ရေးမှာ မရှိသလို ၊ဘာစစ်ကြောင်းမှ မထိုးဘူး ။ကျနော်တို့ဘက်ကလည်း စစ်ကြောင်းမထိုးဘူး “
အရာတော်မြို့နယ်အတွင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ရန်ပြုသတ်ဖြတ်တာတွေကြောင့် အိမ်ထောင်စု (၃၅၀၀)ကျော်ခန့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး လတ်တလောမှာ ရာသီဥတု ဆိုးရွားနေတာကြောင့် အနွေးထည်တွေနဲ့ စောင်တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးသူတွေက ပြောပါတယ်။
အဲဒီစစ်ရှောင်တွေထဲမှာ စစ်အုပ်စု ရန်ပြုသတ်ဖြတ်လို့ နေရပ်မပြန်ရဲသူတွေနဲ့ ရေဘေးကြောင့် အိုးအိမ်မဲ့ဖြစ်သွားသူတွေလည်း ပါဝင်ပြီး အဲဒီထဲက ဒေသခံ ၁၅၀၀ ကျော်ဟာ သက်ကြီးရွယ်အိုတွေ ၊ကလေးငယ်တွေနဲ့ ၊ကိုယ်ဝန်ဆောင်သည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုက အရာတော်မြို့နယ်အပါအဝင် စစ်ကိုင်း၊ရွှေဘို ၊ဝက်လက်၊ကနီ၊ဘုတလင် ၊ကောလင်း ၊ဝန်းသို ၊အင်းတော် ၊ကသာ ၊ကန်ဘလူ စတဲ့မြို့နယ်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေအပါအဝင် အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး အာဏာသိမ်းကာစကနေ ဒီနှစ်အောက်တိုဘာလကုန်အထိ ငါးနှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲမှုပေါင်း ၁၅၃၂၇ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၄၆၇ ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း၊ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံနဲ့ အရပ်သားပိုင်အဆောက်အအုံ ၁၅၀၀ကျော် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့က အရာတော်မြို့နယ်၊နောင်ကြီးအိုင်ကျေးရွာကို စစ်အုပ်စုတပ်တွေက ဗုံးကြဲတိုက်ခိုက်သွားစဉ်/ဓာတ်ပုံ- အရာတော်ပကဖ



