ဆောင်းပါး

လူပေါင်းထောင်ချီအသက်ဆုံးရှံးသည့် ငလျင်လှုပ်ခတ်ချိန် မန္တလေးငလျင်တိုင်းစက်နှင့် နေပြည်တော် ငလျင်တိုင်းစက်ကြီးများပျက်နေခဲ့သည်၊

ဇူးဇူး/Reddy Simon

မတ်လ ၂၈ ရက်တွင် ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိသော စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း လေးထောင် (၄,၀၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟု စစ်အုပ်စု ကိန်းဂဏန်းကဆိုသော်လည်းလက်တွေ့ တွင်ဒီ့ထက် အသက်အိုးအိမ်စည်းစိမ် များစွာ ဆုံးရှုံးမှုကြီးမားပါသည်။

ထိုသို့ ငလျင်ဘေးဆိုးကြီး ကြုံတွေ့ရချိန်၌ မြန်မာနိုင်ငံရှိ အဓိက ငလျင်တိုင်းစက်အချို့သည် ကောင်းစွာ အလုပ်မလုပ်ဘဲ ချို့ယွင်းနေခဲ့သည်ဟု မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က MFP နှင့် ယခုလအတွင်း သီးသန့်ဆွေးနွေးခန်းတွင် ပြောကြားခဲ့သည်။ထိုအချက်ကို အခြေခံ၍ MFP က စုံစမ်းမှုများကို ပြုလုပ်ခဲ့ရာ ငလျင်ဖြစ်ပွားသည့် မတ်လ ၂၈ ရက်၊ ထိုနေ့ မတိုင်မီနှင့် နောက်ပိုင်းတို့တွင် မြန်မာနိုင်ငံရှိ ငလျင်တိုင်းစက် (သို့) ငလျင်အာရုံခံ ကိရိယာ အများအပြား အလုပ်မလုပ်သည်ကို စုံစမ်းတွေ့ရှိခဲ့ရသည်။

မြန်မာပြည်အလယ်ပိုင်း၏ အဓိက မြေငလျင်စခန်းများထဲမှ တစ်ခုဖြစ်သော မန္တလေးတောင်ရှိ မန္တလေးမြေငလျင်စခန်းသည် ငလျင်လှုပ်ခတ်စဉ် မှတ်တမ်းယူနိုင်ခဲ့ခြင်း မရှိသည် ကို MFP က စုံစမ်းသိရပြီး အတည်ပြုနိုင်ခဲ့သည်။ “ လျှပ်စစ်မီး ပျက်သွားတာကြောင့်ရယ်၊ အချိန်မီ မပြုပြင်တာကြောင့်ရယ် ချို့ယွင်းချက်ရှိသွားတာပါ။ စက်ကလည်း တော်တော်ဟောင်းနေပြီ။ တော်ရုံလူလည်း မပြင်တက်ဘူး။ ပြင်တတ်တဲ့ လူကလည်း ခေါ်လို့မရ ဖြစ်နေတာ ” ဟု မန္တလေးမြို့မိုး/ဇလဌာနက အမည်မဖော်လိုသော ဝန်ထမ်းတဦးက MFP ကို ပြောသည်။ ထို့ပြင် နေပြည်တော်မြေငလျင်စခန်းတွင်လည်း မြေငလျင်လှုပ်ခတ်ချိန် GPS (ကမ္ဘာလုံး ဆိုင်ရာတည် နေရာပြစနစ်) သည် အလုပ်မလုပ်ခဲ့သောကြောင့် အချိန်ကို ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်သတ်မှတ်ခဲ့ရသည်။ချို့ယွင်းမှုများ ရှိခဲ့သည့်အတွက် မြေငလျင်တိုင်းတာရေးစခန်း အများအပြားသည် မှတ်တမ်းမယူနိုင်ခဲ့ဘဲ ကျိုင်းတုံနှင့် ညောင်ဦး မြေငလျင်စခန်းများ အပါအဝင် မြေငလျင်စခန်း လေးခုဝန်းကျင်ခန့်မှသာ မှတ်တမ်းများ ရရှိခဲ့သည် ဟု ဒေါက်တာမျိုးသန့်က ဆိုပါသည်။

ဒေါက်တာမျိုးသန့်သည် မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ ဒု ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး နိုင်ငံတကာနှင့် ငလျင်သုတေသနပေါင်းများစွာ အတွေ့အကြုံရှိသည့် ပညာရှင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ငလျင်အန္တရာယ် မြင့်မားသော နိုင်ငံဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်တိုင်းစက် ရာနှင့်ချီ တပ်ဆင်ထားရန် လိုအပ်သော်လည်း လက်ရှိအချိန်အထိ မြေငလျင်ဌာနအနေဖြင့် ငလျင်တိုင်းစက် အလုံးရေ ၂၀ ကျော်သာ တပ်ဆင်ထားနိုင်သေးသည် ဟု ဒေါက်တာမျိုးသန့်က ထောက်ပြခဲ့သည်။

မြန်မာပြည်တွင် လက်ရှိအသုံးပြုနေသော ငလျင်တိုင်းစက် (Seismograph) နှင့် အာရုံခံကိရိယာ (Seismometer)များ ကို ၂၀၁၆ ခုနှစ်နှင့်၂၀၁၇ ခုနှစ်ကြားတွင် စင်ကာပူနိုင်ငံ Earth Observatory of Singapore လှူဒါန်းမှုဖြင့် တပ်ဆင်ခဲ့ကြသည်။ ထိုစနစ်နှင့်တွဲသုံးရန် GPS နှင့် LiDer စက်များလည်း တပ်ဆင်ခဲ့သည်။ နှစ်အနည်းငယ် ထိုစက်များကို စင်ကာပူ နိုင်ငံမှ ပညာရှင်များက လာရောက်ထိန်းသိမ်း ပြုပြင်မှုများ လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် စင်ကာပူပညာရှင်များ မလာရောက်နိုင်သည့် အလျှောက် ထိန်းသိမ်းပြုပြင်မှုမှာလည်း အားနည်းလာခဲ့သည်ဟု ဒေါက်တာမျိုးသန့်က ဆိုပါသည်။

အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား တိုက်ရိုက်ပေးနိုင်သော်လည်း တချို့စက်များကို ဆိုလာပြား တပ်ဆင်ထားသည်။ အာဏာသိမ်းကာလနောက်ပိုင်းတွင် လျှပ်စစ်မီး ပုံမှန်မရခြင်းတို့ အပြင် ဆိုလာပြားများ ခိုးယူ၊ ဖျက်ဆီးခြင်းများ ရှိလာသည်ဟု ၎င်းက ဆက်ပြောသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် မြို့နယ် ၂၁ မြို့၌ မြေငလျင်စခန်းများ ဖွင့်လှစ်ထားပါသည်။ မြေငလျင်တိုင်းစခန်း (Analog စခန်း)၊ အင်းအားပြင်း မြေငလျင်တိုင်းစခန်း၊ လှိုင်းခွင်ကျယ် မြေငလျင်တိုင်း စခန်းများကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ နမ့်စန်၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ၊ စစ်တွေ၊ ထားဝယ်၊ ညောင်ဦး၊ ကသာ၊ ကန့်ဘလူ၊ ဂွ၊ သီပေါ၊ တောင်ငူ၊ တောင်ကြီး၊ ဟားခါး၊ ကျိုင်းတုံ၊ တမူး၊ မြိတ်နဲ့ မြဝတီမြို့များတွင် ဖွင့်လှစ်ထဲသည်။ ၎င်းတို့ထဲက စခန်းအချိ့မှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ၏ တိုက်ပွဲကြားတွင် ဝန်ထမ်းအင်အား၊ ကိရိယာအင်အား ထိခိုက်ခဲ့ကြသည်။ အရေအတွက်ကို MFP က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မတ်လ ၂၈ ရက် ပြင်းထန်သော ငလျင်တွင် မှတ်တမ်းမယူနိုင်ခဲ့သည့် မန္တလေးတောင်ရှိ မန္တလေးမြေ ငလျင်စခန်းနှင့် နေပြည်တော်စခန်းသည် အဓိက မြေငလျင်စခန်းများထဲက တစ်ခုလည်း ဖြစ်ပါသည်။ ငလျင်တိုင်းစက်များ မှတ်တမ်းမယူနိုင်ခြင်း၏ အသေးစိတ်အကြောင်းရင်းကို မသိရသေးသော်လည်း ငလျင်တိုင်းစက်များ ကိုယ်တိုင် ပျက်စီးနေခြင်း သို့မဟုတ် စက်လည်ပတ်ရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းတို့ ဖြစ်နိုင်ကြောင်း ဒေါက်တာမျိုးသန့်က သုံးသပ်သည်။

“ငလျင်လှုပ်ပြီးသွားပြီဟေ့ ဆိုလို့ရှိရင် အဲဒီ ငလျင်တိုင်းစက်တွေက သူကိုယ်၌ကကိုက လှုပ်ခါတဲ့ဒဏ်ကို ခံလိုက် ပြီးပြီဆိုတော့ အဲဒီနေရာကို သွားပြီးတော့ adjust (ချိန်ညှိပြင်ဆင်မှု) ပြန်လုပ်ရမယ်။ ရှေ့နောက် တောင်မြောက် location (တည်နေရာ) ကိုက်ရဲ့လား၊ ရေချိန်တွေ ကိုက်ရဲ့လား စသဖြင့်ပေါ့၊ ဒီဟာမျိုးတွေက တောက်လျှောက် monitoring (စောင့်ကြည့်စစ်ဆေးမှု) လုပ်နေရမယ့်ဟာမျိုးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အထက်မြန်မာပြည် မိုး/ဇလ၊ မန္တလေးရုံးမှ တာဝန်ရှိသူ တဦး၏ ပြောကြားချက်အရ စစ်အုပ်စုသည် မိုးဇလ၊ဌာန နှင့် ဌာနခွဲရုံး များကို ငွေကြေးအင်အား၊ လူအင်အား ပံ့ပိုးမှု မရှိဘဲ ပြစ်ပယ်ထားသည်မှာ ကြာမြင့်နေပြီဟု ဝေဖန်ပါသည်။ “ CDM လုပ်တဲ့လူတွေလည်း များတယ်၊ မက်လောက်စရာက ဘာမှမရှိဘူးလေ၊ မိုးဇလဝန်ထမ်းဆိုတဲ့ ဂုဏ်သိက္ခာလေးပဲ ရှိတာ၊ နယ်တွေမှာဆို တချို့ဝန်ထမ်းတွေ လစာမရ ဘာမရနဲ့ ဒုက္ခရောက်နေကြတယ်” ဟု MFP ကို ပြောသည်။ မိုး/ဇလဌာနတွင် စောင့်ကြည့်စစ်ဆေးရေးအခန်း (monitoring room) မှနေ၍ တပ်ဆင်ထားသော Seismograph Seismometer များ၏ ချို့ယွင်းမှုများကို သိနိုင်သော်လည်း နည်းပညာပညာရှင်များကို မြေပြင်ငလျင်စခန်းများ၊ အာရုံခံကိရိယာ မြှုပ်နှံထားရာနေရာသို့ စေလွှတ် ပြုပြင်ရန်အတွက် ငွေကြေးကုန်ကျစရိတ် အခက်အခဲနှင့် ဘတ်ဂျက် မလုံလောက်မှုများက ကြီးမားသည့် အခက်အခဲများ ဖြစ်နေသည်။ ငလျင်တိုင်းတာရေးစနစ်များ/ ကိရိယာများသည် အသက်ဝင် ငလျင်ကြောများ၊ အထူးသဖြင့် စစ်ကိုင်းပြတ် ရွေ့ကြော အပေါ် ထိုင်နေရသည့် မြန်မာနိုင်ငံအတွက် အရေးပါသော စနစ်များ ဖြစ်ပါသည်။

ထိုစနစ်များသည် မြေသားပြောင်းလဲမှုများ၊ ငလျင်လှိုင်း၏ ရွေ့လျားမှုလမ်းကြောင်းများကို သိရှိနိုင်ပြီး ဆောက်လုပ်ရေးအတွက် အခြေခံကျတော့ Building Codes များနှင့် ငလျင်လမ်းပြ မြေပုံများကို ရေးဆွဲပေးနိုင်သည်။ ထို့အပြင် ခေတ်မီ ငလျင်အချက်ပေးစနစ်ကို တည်ဆောက်ရန် အလွန်အရေးပါသည်။ ဂျပန်နိုင်ငံသည် ၎င်း၏ နေရာအနှံ့တွင် မြေအောက်အာရုံခံ ကိရိယာပေါင်း ၆၀၀၀ ကျော် ထည့်သွင်းထားကြပြီး ငလျင်အချက်ပေးစနစ်ကို ငလျင်မဖြစ်ခင် မိနစ်ပိုင်းအလိုကတည်းက ခန့်မှန်းနိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်ဟု American Science ဂျာနယ်က ဖော်ပြထားသည်။ ထိုပမာဏနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် တပ်ဆင်ထားသည့် ငလျင်အာရုံခံကိရိယာ ၂၀ ကျော်ဆိုသည်မှာ အလွန်ပင်သေးနှုတ်သည့် ပမာဏဖြစ်နေပါသည်။

ထို့အပြင် ဂျပန်သည် သမုဒ္ဒယာအောက်တွင် အာရုံခံစနစ် ဖြန့်ကျက်ခြင်း အားဖြင့် ငလျင်ကို စက္ကန့်ပိုင်း ပိုမို ကြိုသိနေရန် ဆူနာမီကို မိနစ် ၂၀ ခန့်ကြိုသိနိုင်ရန် အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်း American Science ဂျာနယ်က ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဖော်ပြခဲ့သည်။ ဤတွေ့ရှိချက်သည် ငလျင်ကို ကြိုတင်မခန့်မှန်း နိုင်ဟူသော တဖက်ပိတ်အယူအဆကို ချိုးဖျက်လိုက်သည့် တွေ့ရှိချက်ပင် ဖြစ်သည်။

Related Articles

Back to top button