ဆောင်းပါး

လက်သည် 

"လက်သည်" ဆိုတဲ့ လူတန်းစားတစ်ရပ်ဟာ မြို့ပြမှာ ပျောက်ကွယ်သွားတာ နှစ်တွေကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျေးလက်မှာတော့ကလေးမွေးဖွားဖို့ လက်သည်ကိုပဲ အားကိုးနေရတဲ့ မိခင်လောင်းတွေ ဒီနေ့အထိ ရှိနေဆဲပါ။

ဇူဇူး/MFP၊   နိုဝင်ဘာ – ၁၅

“လက်သည်” ဆိုတဲ့ လူတန်းစားတစ်ရပ်ဟာ မြို့ပြမှာ ပျောက်ကွယ်သွားတာ နှစ်တွေကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျေးလက်မှာတော့ကလေးမွေးဖွားဖို့ လက်သည်ကိုပဲ အားကိုးနေရတဲ့ မိခင်လောင်းတွေ ဒီနေ့အထိ ရှိနေဆဲပါ။

လက်သည်ခေါ် ဝမ်းဆွဲသည်တွေဟာ ဆေးရုံဆေးခန်း သွားရောက်ခွင့်မသာတဲ့ မိခင်လောင်းတွေကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ကလေးမွေးဖွားနိုင်ဖို့ ကူညီကြသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပူနေတဲ့ ဒေသများမှာ သူတို့က ပိုပြီး အရေးပါလာပါတယ်။ မိခင်တွေဟာ ကာလရှည်ကြာအောင် ဆေးရုံ၊ ဆေးခန်း သွားမရတာ၊ ဆေးဝါးမရှိတာတွေကြောင့် အရပ်ထဲက လက်သည်တွေကပဲ အားကိုးစရာ ဖြစ်လာခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ နေထိုင်တဲ့ ဒေါ်မြလေးငုံကတော့ လက်သည်လုပ်တာ အနှစ် ၂၀ ကျော် ရှိခဲ့ပါပြီ။ အနီးဝန်းကျင် ကျေးရွာတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သွေးတွေ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ ဒေါ်မြလေးငုံကို အားကိုးအားထား ပြုကြပါတယ်။

သူမ (၈) တန်းအောင်ပြီးတဲ့နောက် အရံသားဖွား သင်တန်းကို တက်ခွင့်ရခဲ့ပေမဲ့လည်း မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် သင်တန်းကို ပြီးဆုံးအောင်အထိ တက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဝါသနာအရင်းခံပြီး လက်သည်အလုပ်ကို လုပ်ကိုင်နေပေမဲ့ တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် ကြုံရာကျပန်း အလုပ်တွေကို လုပ်ရပါသေးတယ်။ သူ့သက်တမ်းတစ်လျှောက်မှာ ဒေါ်မြလေးငုံဟာ ကိုယ်ဝန်ဆောင် အယောက် ၉၀ ကျော်ကို အောင်မြင်စွာ ကလေးမွေးဖွားပေးခဲ့ပြီး ဖြစ်ပါတယ်။

“ရယ်စရာတော့ မဟုတ်ဘူးပေါ့နော်၊ အများဆုံး သူတို့လည်း ကန်တော့နိုင်သလောက် လက်အုပ်ချီပြီးတော့ တစ်သောင်း အဲ့လိုလေးပါပဲ၊” လို့ ဒေါ်မြလေးငုံက သူရတဲ့ အဖိုးအခ မများလှကြောင်း ဆိုပါတယ်။

လက်သည် အလုပ်ဆိုတာ ဥပဒေနဲ့ ကင်းလွတ်၊ မလွတ်ဆိုတာကိုတောင် ပြောဖို့ ခက်ခဲပါတယ်။ ဆေးရုံဆေးခန်း မရှိတာ၊လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ နယ်မြေ မအေးချမ်းတာ၊ ငွေကုန်ကြေးကျ များပြားတာတွေကြောင့် ဆေးရုံဆေးခန်း မသွားလာနိုင်တဲ့ မိခင်လောင်းတွေက ကလေးမီးဖွားရာမှာ လက်သည်ကို အားကိုးကြပေမယ့် အလွဲအချော်ဖြစ်ခဲ့ရင်တော့ မီးဖွားပေးတဲ့ လက်သည်အနေနဲ့ တရားစွဲခံရနိုင်ချေလည်း ရှိပါတယ်။

“အမျိုးသားကတော့ ပြောတယ် မလုပ်နဲ့၊ ဘာလို့လဲဆိုတော့ နင့်လက်ထဲမှာ တကယ်လို့ ကလေး သေသွားရင် ဖြစ်ဖြစ်၊ လူကြီးသေသွားရင် ဖြစ်ဖြစ်၊ သူတို့ဆိုင်ရာပိုင်ရာ ယောက်ျားတွေ ဘာတွေကပေါ့နော့၊ မအေတွေက တရားစွဲမယ်ဆို နင်ခံရမှာ ဆိုတော့ကိုယ်ကလည်း ဘယ်လို ဝါသနာပါမှန်း မသိဘူး တော်တော်ကြီးကို ဝါသနာ ပါတာ ငယ်ကတည်းက၊ လေးတန်းကတည်းကဝါသနာပါတာပေါ့နော်၊” လို့ ဒေါ်မြလေးငုံက ဆိုပါတယ်။

MFP က ဒေါ်မြလေးငုံနဲ့ တွေ့ဆုံစဉ်မှာ သူမနဲ့ပဲ ကလေးမီးဖွားနေကျဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် မခင်ယုယုထွေးနဲ့ ဆုံခဲ့ပါတယ်။ သူမရဲ့ တတိယမြောက် ကလေးကို ဒေါ်မြလေးငုံရဲ့ အကူအညီနဲ့ပဲ ဆက်လက် မွေးဖွားဖို့ စီစဉ်ထားသူပါ။ မွေးဖွားခါနီးမှာ သူရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်လို့ မခင်ယုယုထွေးက အခုလို ပြောပါတယ်။

“ကြောက်တာထက်ကို ဟို ငွေရေးကြေးရေးလည်း နည်းနည်း စိုးရိမ်တာပေါ့၊ ပြီးရင်လည်း ကိုယ် မွေးဖွားနိုင်ပါ့မလား ပြန်စဉ်းစားတာပ၊ ဒါမဲ့လည်း အားတော့ တင်းထားပါတယ်၊ အမေကြီးရဲ့ အားပေးဆေးလေးနဲ့ပ၊” လို့ MFP ကို ပြောပါတယ်။

ဒေါ်မြလေးငုံ လုပ်သက်တစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ဝန်သည် အများစုဟာ ငွေကြေးမတတ်နိုင်ဘဲ ဆေးရုံမှာ သွားမွေးနိုင်တဲ့ အခြေအနေမရှိကြသူတွေ ဖြစ်ကြပါတယ်။

“အများစုအားဖြင့်တော့ ပိုက်ဆံကြောင့်ပဲ၊ သူတို့မှာ စိုးရိမ်တယ် စိတ်ပူတယ်။ ကိုယ်သွားတယ်၊ ခုနစ်ရက် ခုနစ်လီလုံး သွားကြည့်ပေးတယ်၊ မီးမထွက်မချင်း။ အန်တီလေး အမေကြီး ရော့ ကော်ဖီတစ်ခွက် သောက်၊ သူတို့ မတိုက်နိုင်ဘူး မတိုက်နိုင်ဘူးဆိုတာလည်း သူတို့ဆီက ကိုယ် သောက်ချင်လို့တော့ မဟုတ်ဘူး၊ သူတို့မှာ မရှိဘူး။ သူတို့သားသမီးတောင် ကျွေးစရာ မရှိဘူးဆိုမှတော့ ကိုယ့်ကို ကျွေးဖို့ရာ အဝေးကြီးလေ၊” လို့ သူမက ဆိုပါတယ်။

ဒေါ်မြလေးငုံ နေထိုင်တဲ့ မိုးမိတ်မြို့မှာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မြို့သိမ်းတိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း ဆေးရုံထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်PSLF/TNLA က ထိန်းချုပ်ထားပြီး မြို့နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်ထားပေမယ့်လည်း ကျန်းမာရေး ဝန်ထမ်းတွေတော့လုံလောက်အောင် မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မိုးမိတ်ဒေသက အခြေခံလူတန်းစား ပြည်သူတွေဟာ စားဝတ်နေရေးကိုပဲ ဦးစားပေးနေရတာပါ။ အကျိုးဆက်အနေနဲ့ ဒေသခံအများစုဟာ သားဆက်ခြားနည်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းပါးလာတဲ့အပြင် သန္ဓေတားဆေးတွေကိုလည်းလုံလောက်အောင် သုံးစွဲနိုင်တဲ့ အခြေအနေ မရှိကြဘူးလို့ လက်သည် ဒေါ်မြလေးငုံက ပြောပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် စစ်တမ်းတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသအတွင်း မိခင်သေဆုံးနှုန်း ဒုတိယအမြင့်ဆုံး ဖြစ်ပြီး မီးဖွားမှု အကြိမ် ၁၀၀,၀၀၀ မှာ မိခင် ၂၈၂ ဦး သေဆုံးလေ့ ရှိပါတယ်။

အဲ့ဒီလို မီးဖွားစဉ် မိခင်တွေ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ မီးဖွားပြီးနောက် သွေးဆင်းမှုများတာ၊ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရောဂါဖြစ်တာ၊ မီးဖွားစဉ် ဒါမှမဟုတ် မီးဖွားပြီးနောက် ရောဂါပိုးဝင်တာ၊ ကိုယ်ဝန်ဆောင်စဉ်အရေးပေါ်အခြေအနေ ကြုံရတာ၊ ဒါ့အပြင် ဆေးရုံဆေးခန်းနဲ့ ဆေးဝါး မရရှိတာလိုမျိုး ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမမီတာ၊ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ၊ ကျန်းမာရေး ပညာပေးမှု မလုံလောက်တာ စတာတွေကြောင့် ဖြစ်တယ်လို့ WHO က ဆိုပါတယ်။

ဒေါ်မြလေးငုံဟာ သူမအသက် ၂၇ နှစ်အရွယ်မှာ သားဖွားပေးမယ့်သူ မရှိဘဲ အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်သည် တစ်ဦးကိုပထမဆုံး ကူညီမီးဖွားပေးခဲ့ရာကနေ လက်သည်ဘဝ စတင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ငွေကြေးမပြည့်စုံတဲ့ ကိုယ်ဝန်သည်တွေအတွက် လက်သည်အလုပ်ကို ယနေ့အချိန်ထိ ကူညီ လုပ်ကိုင်နေပါတယ်။ ခက်ခဲနေတဲ့ မိခင်လောင်းတွေကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ဖို့ ကူညီနေရခြင်းကပဲ ဒေါ်မြလေးငုံအတွက်တော့ လက်သည်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေနဲ့အတူကျန်းမာရေးစောင့်ရှောက်မှုတွေကလည်း ပြည်သူတွေအတွက် ပိုအလှမ်းဝေးလာပါတယ်။ အထူးသဖြင့် အမျိုးသမီးများ၊မိခင်လောင်းများအတွက် စိန်ခေါ်မှု လွန်စွာ ကြီးမားပါတယ်။ အကျိုးဆက်အနေနဲ့ ဒေါ်မြလေးငုံလို လက်သည်တွေကိုအားကိုးအားထားပြုနေရတဲ့ မိခင်လောင်းတွေကရော ဘယ်လောက်တောင် ပိုများလာပါသလဲ။

ဓာတ်ပုံ ဇူဇူး/MFP- ဒေါ်မြလေးငုံကို ကျေးရွာအတွင်းရှိ ကလေးမိခင်များ၊ကိုယ်ဝန်ဆောင်များနှင့် အတူတွေ့ရစဉ်၊ 

Related Articles

Back to top button