မိုးကုတ်၏ မျှော်လင့်ချက်ဈာပနနှင့် မေးခွန်း (၆) ခု

(သုံးသပ်ချက် ဆောင်းပါး)
ဇူဇူး/MFP
တရုတ်၏အကြပ်ကိုင်မှုဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ TNLA ၏ ထုတ်ပြန်ချက်သည် စစ်အုပ်စု၏ လက်အောက်သို့ ဒုတိယအကြိမ် ပြန်လည်ကျရောက်ရမည့် ရတနာမြေ၏ ကံကြမ္မာကို ညွှန်ပြနေသည်။ ဤသည်မှာ နိုင်ငံရေး သဘောတူညီချက်တစ်ခု၏ ဆိုးရွားသော အကျိုးဆက်ဖြစ်သလို တရားမျှတမှုကို ချစ်မြတ်နိုးသည့် မိုးကုတ်လူထုအတွက် “စစ်အာဏာသိမ်းမှု နောက်တစ်ကြိမ် ထပ်ခံရ” သကဲ့သို့ ကြီးမားသည့် စိတ်ဒဏ်ရာတစ်ခုပင်ဖြစ်သည်။ကျွန်ုပ်တို့ မျက်စိရှေ့မှာပင် နိုင်ငံ၏ အဖိုးတန်မြေ မိုးကုတ်၏ မှောင်မိုက်သော အနာဂတ်အတွက် မေးခွန်း (၆) ခု၏ အဖြေလိုနေပါသည်။

၁။ ဤစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမည်နည်း။
မြို့သိမ်းတိုက်ပွဲ အပြီး အောင်မြင်စဉ်က ပျော်ရွှင်ခဲ့ကြသည့် ဒေသခံများအဖို့ ယခုအခါ စစ်အုပ်စုပြန်လာမည့် သတင်းသည် “သေမည့်ရက်ကို ထိုင်စောင့်နေရခြင်း” ဟူသော ခံစားချက်ကို ပေးနေသည်ဟု မြို့ခံအမျိုးသမီးတဦးက MFP ကိုမှတ်ချက်ပြုပါသည်။
“မြို့မှာ ကျန်နေတောင် မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေနဲ့ပဲ ကျန်နေစေချင်တာ။ သေမယ့်ရက် ထိုင်စောင့်နေရတာပါလား ဆိုတဲ့စိတ်နဲ့ မကျန်စေချင်ဘူး။ သတင်းတွေက အဲ့လိုဖြစ်နေတယ်” ဟု သူမက ဆိုပါသည်။ ဆိုရှယ်မီဒီယာ သတင်းများနှင့်ထင်မြင်ယူဆချက်များကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာရကြောင်း သူမက ထပ်ပြောပါသည်။
MFP က စုစည်းထားသည့် စာရင်းများ အရ ပြီးခဲ့သည့် သုံးလအတွင်း (ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ) စစ်အုပ်စုရဲ့ဗုံးကြဲမှုကြောင့် မိုးကုတ်မြို့ခံ လူပေါင်း ၇၀ ဝန်းကျင် သေဆုံးခဲ့ရသည်။ ဩဂုတ်လ တစ်လထဲမှာပင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရသည်။ စစ်အုပ်စုသည် မြို့အပေါ် အငြိုးအတေးထားပြီး စစ်ရေးပစ်မှတ်မဟုတ်သော လူစည်ကားသည့် မြို့ဧရိယာများကို ရည်ရွယ်ချက်ဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲကာ မြို့လူထုကို ညှင်းဆဲခဲ့သည်။
ထိုတိုက်ခိုက်မှုများစွာတွင် ဩဂုတ်လ ၂ ရက်နေ့က မိုးကုတ်အနောက်ပိုင်းသို့ ပေါင် ၂၅၀ ဗုံး (၂) လုံး ကြဲချခဲ့ခြင်းသည် ဒေသခံများကို အလွန်အမင်း ကြောက်လန့်စေခဲ့သည်ဟု မြို့ခံတဦးက ဆိုပါသည်။ ထိုနေ့ မနက် ၇ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်သံဃာတော်တစ်ပါးနှင့် လူ ၁၂ ဦး သေဆုံးသွား ခဲ့ရသည်။
ထိုဒဏ်ရာများကို ခါးစည်းခံနေသော်လည်း မြို့ခံများသည် မျှော်လင့်ချက်တစ်ခုကို အမြဲ ထွေးပွေ့ ထားခဲ့သည်။လွတ်မြောက်ရေးဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် အမာခံ ဒေသတစ်ခုအဖြစ် ခံယူထားခဲ့သည့် မြို့သည် ပြည်သူများအသက်ပေးခဲ့သည့် ကြားမှ ဒုတိယအကြိမ် ကျဆုံးသွားခဲ့ ပြန်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုသာမက၊တော်လှန်ရေးအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များပါ ထိခိုက်ခဲ့ခြင်းဟု ဆိုနိုင်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က မိုးကုတ်မြို့ လူနေရပ်ကွက်များမှ သံဗုံးတီးသံများ ထွက်ပေါ်လာ ခဲ့သည်။ ထို ထုရိုက်သံများက မြို့ခံများ၏ မကျေနပ်သည့် ဆန္ဒကို ပြနေသည်။ သူတို့၏ စိတ်ဒဏ်ရာ များနှင့် မရေရာသည့် အနာဂတ်အတွက် ညီးတွားသံများလည်း ဖြစ်ပါသည်။မြို့ခံများ၏ ဒီစိတ်ဒဏ်ရာကို ဘယ်လို ကုစားပေးမလဲဆိုသည့် ဒီမေးခွန်းက အရေးကြီးဆုံးပင် ဖြစ်သည်။

၂။ တော်လှန်ရေးကို ထောက်ခံသူများ၏ လုံခြုံရေးသည် မည်သို့နည်း။
နောက်ထပ် အရေးအကြီးဆုံး မေးခွန်းမှာ မြို့ခံအားလုံး၏ “လုံခြုံရေး အာမခံချက်” ပင်ဖြစ်သည်။ TNLA ၏ အုပ်ချုပ်ရေးတွင်ပါဝင်ခဲ့သူများ၊ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများကို အားပေးကူညီခဲ့သည့် ဒေသခံများ၊ ထိုသူတို့၏ အသက်အန္တရာယ်သည် ယခုအခါ လားရှိုးသာဓကနှင့် နောင်ချိုသာဓက ဟူသော လမ်းဆုံတွင် ရပ်နေသည်။
လားရှိုးသာဓကတွင် မြို့ကို MNDAA (ကိုးကန့်တပ်) က စစ်အုပ်စုထံ ပြန်ပေးပြီးနောက် ဖိနှိပ်မှု တချို့ရှိခဲ့သော်လည်း ကိုးကန့်တပ်က ၎င်းတို့၏ သစ္စာခံများစွာကို တနည်းနည်းဖြင့် ကာကွယ်ပေးခဲ့သည်။ အထူးသဖြင့် ကိုးကန့်အုပ်ချုပ်ရေးစနစ် အောက်သို့ ဝင်လာသူ ဝန်ထမ်းများကို ၎င်းတို့ဒေသသို့ အပါခေါ်သွားခဲ့သည်။
TNLA ထိန်းချုပ်ခဲ့သော နောင်ချို၊ ကျောက်မဲတို့တွင်တော့ ဖမ်းဆီးမှုများက ပိုမိုပြင်းထန်ဆိုးဝါးခဲ့သည်။ နောင်ချိုမြို့ကို စစ်အုပ်စုက ယခုနှစ် ဇူလိုင် တွင် ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ် ၁၅ လုံးထက် မနည်းကို ချိတ်ပိတ်ပစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ကြသည်။ ထိုထဲတွင် NLD ပါတီဝင်ဟောင်းများနှင့် ထောက်ပို့ဟု ယူဆရသူများ ပါဝင်ခဲ့သည်။ ထို့ပြင် စစ်ရှောင် ရာမှ ပြန်လာသော ဒေသခံများကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများရှိသည်ဟု ဒေသတွင်းသတင်းများက ဆိုကြသည်။ထိုဖြစ်ရပ်များသည် မိုးကုတ်မြို့ ဒေသခံများအပေါ် လွှမ်းမိုးမှုရှိသည့် သာဓကများဖြစ်သည်။
အဓိကအားဖြင့် မိုးကုတ်မြို့၏အနောက်ပိုင်းရပ်ကွက်များသည် လူနေထူထပ်ပြီး စစ်အာဏာရှင် တော်လှန်ရေးကို အားတက်သရော ပါဝင်ခဲ့သူများ ဖြစ်ကြသည်။ ထိုသို့ ဒုန်းစိုင်းပါဝင်ခဲ့ကြသူများအဖို့ စစ်တပ်တကျော့ပြန်လာခြင်းသည် အိမ်မက်ဆိုးတစ်ခုဖြစ်သည်ဟု မိုးကုတ်မြို့အနောက်ပိုင်းနေ ပြည်သူတစ်ဦးက MFP ကိုပြောပါသည်။
မိုးကုတ်မြို့ခံများကို စစ်အုပ်စုက မတရားဖမ်းဆီးခြင်း၊ အိမ်များကို ချိတ်ပိတ်ခြင်း မပြုရန် TNLA သည် သဘောတူညီချက်အတွင်း တိကျခိုင်မာသော အာမခံချက်တစ်ခုကို အဘယ်ကြောင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးသနည်း။
“မြို့ခံတွေအတွက် အစီအမံတစ်ခုရှိရင် အဆင်ပြေတယ်၊ အခုက ဘာအစီအစဉ်မှလည်းမရှိ၊ မြို့ကို ပြန်ပေးရမယ်ဆိုတာပဲသိတယ်၊ တခြားဘာလုပ်ရမလဲ မစဉ်းစားတတ်ဘူး” ဟု မြို့ခံတဦးက MFP ကို ပြောပါသည်။
၃။ ဒေသခံတို့၏ သယံဇာတ ပိုင်ဆိုင်ခွင့် ဘယ်တော့ လုံခြုံမလဲ။
TNLA က ၎င်းတို့ မဆုတ်ခွာမှီ ယခုရက်ပိုင်းအတွင်း ဒေသခံများကို ကျောက်မျက်တွင်း လုပ်ကွက်များ ခွဲဝေချပေးခဲ့မှုသည်စီးပွားရေးမျှော်လင့်ချက်၏ သော့ချက်တစ်ခုဖြစ်သည်။ သို့သော် TNLA သည် မိုးကုတ်မြို့၏ သယံဇာတ စီမံခန့်ခွဲရေးကိုစနစ်တကျ ကိုင်တွယ်ခဲ့သည်ဟု မဆိုနိုင်ပေ၊ ၎င်း၏အုပ်ချုပ်မှုအောက်တွင် အားနည်းချက်များနှင့် အမြှီးမောက်မတည့်မှုများစွာရှိသည်ဟု မိုးကုတ်မြို့၏ ကျောက်တွင်းလုပ်ငန်းရှင်များ MFP ကို ဆိုပါသည်။
သို့သော် စစ်အုပ်စု ပြန်ဝင်လာပါက ထိုလုပ်ကွက်များသည် ဒေသခံ လက်လုပ်လက်စား မိသားစုများ ထံတွင် ဆက်လက် တည်မြဲနေပါ့မလား။ သို့မဟုတ် စစ်တပ်နှင့် နီးစပ်သော စီးပွားရေးသမားများထံ ပြန်ရောက်သွားပြီး မြို့၏ သယံဇာတများကို မတရား ထိန်းချုပ်မှု ပြန်လည်ဖြစ်ပွားတော့မည်လား။ စစ်တပ်က ၎င်းတို့ ပြန်လည်ထိန်းချုပ်ရာတွင် မြို့၏ သယံဇာတ စာမျက်နှာကို ဘယ်လို အရှိန်မြှင့်ခုတ်မောင်းရန် အစီအမံများရှိပါသလဲဆိုသည်မှာ မေးခွန်းတစ်ခုလည်း ဖြစ်သည်။
မိုးကုတ်မြို့ခံတို့သည် ခေတ်အဆက်ဆက် ရတနာမြေ၏ အသီးအပွင့်ကို ကိုယ်တိုင်ခံစားခွင့် မရရှိခဲ့ပေ။ ထို့အပြင် အုပ်ချုပ်သူအဆက်ဆက်၏ အပြင်းအထန် တိုက်ပွဲများက ဤရတနာမြေ၏ အဖိုးတန် သယံဇာတများအပေါ်တွင်သာ ဦးတည်ထားတတ်ကြသည်ကို အကြိမ်ကြိမ်တွေ့ခဲ့ရသည်။ စင်စစ်တွင် ရတနာမြေ၏ အသီးအပွင့်နှင့် အကျိုးအမြတ်ကို မည်သူက အကောင်းဆုံးအာမခံပေးမည်နည်း။ ဤမေးခွန်းမှာ မိုးကုတ်မြို့ တည်ရှိနေသမျှ အရေးကြီးသည့် မေးခွန်းဖြစ်သည်။

မြို့မှ ထွက်သွားလိုသော မြို့ခံများသည် တိကျသော အစီအစဉ်၊ လမ်းညွှန်မှုတစ်ခုကို တောင့်တနေကြသည်။ ရွေ့ပြောင်းရန်လမ်းကြောင်း၊ ယာဉ်၊ နေရာ၊ တိကျသော အာမခံမှု – အဆိုပါ အရာအားလုံးအတွက် အဖြေက ဗလာဖြစ်နေသည်။သာမန် လက်လုပ်လက်စား မိသားစုတစ်စုအတွက် မြို့မှ ထွက်ခွာခြင်းသည် အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု မြို့ခံများက MFP နှင့် အင်တာဗျူးတွင် ဖြေပါသည်။
မြို့သိမ်းတိုက်ပွဲ မတိုင်မီက ကျပ် ၃၀,၀၀၀ (သုံးသောင်း) ခန့်သာ ရှိခဲ့သော မိုးကုတ်–မန္တလေးကားခသည် ယခုအခါ ၅၀၀,၀၀၀ ကျပ် (ငါးသိန်း) အထိ ဈေးတက်သွားသည်။လမ်းခရီးကလည်း တစ်ညအိပ်မှ သုံးညအိပ်အထိ မခန့်မှန်းနိုင်အောင် ကြာမြင့်နေသည်။
ပထမတစ်ကြိမ် စစ်ရှောင်ခဲ့ရပြီးနောက် ငွေပန်း၊ လူပန်း၊ စိတ်ပန်းနေသော ဒေသခံများအဖို့ ဒုတိယအကြိမ် ရွှေ့ပြောင်းရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲနေသည်။ဤလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို မည်သည့် အဖွဲ့အစည်းက တာဝန်ယူ ဖြေရှင်းပေးနိုင်ပါမည်နည်း။
“ပြောင်းရ၊ ရွှေ့ရမယ်ဆိုရင်လည်း ဘယ်ကိုပြောင်းရမလဲ၊ အဆင်ပြေရာပြောင်းရင်းနဲ့ စစ်တပ်အုပ်ချုပ်တဲ့ ဒေသထဲမှာပဲ ပြန်နေရမယ်ဆိုရင်လည်း မထူးသာဘူး” ဟု မြို့ခံတစ်ဦးက MFP ကိုပြောပါသည်။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်မှာ မိမိဆန္ဒတစ်ခုတည်းဖြင့် အကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ၊ နှစ်ဖက် အပစ်ရပ်ရေးတွင် ဤအခြေအနေကို အထူးတလည် ထည့်သွင်းမဖော်ပြခြင်းသည် မိုးကုတ် မြို့ခံများ၏ စိုးရိမ်စိတ်ကို တောက်လောင်စေခဲ့သည်။ ထိုမေးခွန်းအတွက် အဖြေကို ကျယ်ကျယ် လောင်လောင်သော်လည်းကောင်း တိုးတိုးတိတ်တိတ်သော်လည်းကောင်းဖြေပေးဖို့ လိုအပ်နေသည်။
၅။ အပစ်အခတ်ရပ်စဲရေး၏ ကတိများသည် မိုးကုတ်ကို ကာကွယ်ပေးနိုင်ပါ့မလား။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်ကောင်စီ၏ စစ်ရေးဖိအားနှင့် လူထုကို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်မှုများကိုရှောင်ရှားရန်အတွက် ဆုတ်ခွာရခြင်းဖြစ်ကြောင်း MFP ကို ဖြေကြားခဲ့သည်။ သို့ဆိုလျှင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်သော “လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်း မပြုရ” ဟူသော ကတိသည် အမှန်တကယ် အသက်ဝင်ပါ့မလား။မြို့ကို ဆက်လက် ထိန်းသိမ်းကာကွယ်သွားမည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ (MDY-PDF/မိုးကုတ်ဗျူဟာ) ကို ပစ်မှတ်ထားကာ အရင်ကထက် နှစ်ဆပိုမိုဆိုးရွားသော ထိုးစစ်နှင့် ဗုံးကြဲမှုများကို စစ်အုပ်စုက မပြုလုပ်နိုင်ဟု အာမခံနိုင်ပါသလား။
ထို့အပြင် TNLA ဆုတ်ခွာသော်လည်း ဒေသတွင်း တပ်ဖွဲ့များက ရရှိထားသည့် နယ်မြေများကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ကြေညာထားသည်။ တပ်သားသစ်ဖိတ်ခေါ်ခြင်းနှင့် တပ်သားဟောင်းများအား ပြန်လည်ပူးပေါင်းရန် နှိုးဆော်ထားသည်။ဤသည်မှာ မြို့ခံလူထု၏ စိတ်ဓာတ်ခွန်အားကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းမှုဖြစ်သော်လည်း၊ တစ်ဖက်တွင် စစ်ပွဲကြီး ဖြစ်လာဦးမည်ဟု ကြေညာချက်လည်း ဖြစ်နေပြန်သည်
ဒေသခံများနှင့် MFPတွေ့ဆုံမေးမြန်းရာတွင် မြို့ခံများသည် ကြီးမားသည့် စစ်ပွဲတခုဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ထိုစစ်ပွဲကြောင့်မြို့သည် အပျက်အစီးအရှုံးဖြစ်လာနိုင်သည်ဟု ကျိန်းသေတွက်ဆထားကြသည်။ အပစ်အခက်ရပ်စဲရေးသည် မြို့ခံများအပေါ်ဘယ်လောက်အကာကွယ်ပေးနိုင်မလဲဆိုသည်မှာ မယုံရဲစရာပင်ဖြစ်နေပြန်သည်။သို့ဆိုလျှင် အပစ်အခတ်ရပ်စဲရေးသည် ဘာအဓိပ္ပာယ်ကို ဆောင်ပါသနည်း၊ ညာလက်ကို ဖြတ်၍ ဘယ်လက်နှင့် တိုက်ပွဲဝင်ရန်သဘောတူညီမှုတစ်ခုနှင့်သာ တူညီနေသည်။ အင်အားကြီး စစ်အုပ်စု၏ ပြန်လည် ထိုးစစ်များကို ဤစုပေါင်းတပ်ဖွဲ့က မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။ ၎င်းတို့၏ ရပ်တည်ချက်သည် မိုးကုတ်မြို့၏ အနာဂတ် လုံခြုံရေးအတွက် နောက်ဆုံးသောမျှော်လင့်ချက် ဖြစ်နေသည်ကို မေ့ထား၍ မရပေ။
၆။ မိုးကုတ်မြို့ လက်လွတ်ရခြင်းအတွက် အကျိုးအမြတ်သည် အဘယ်နည်း။
TNLA အနေဖြင့် မိုးကုတ်မြို့ကို စစ်အုပ်စုလက်ထဲသို့ ပြန်လည်ပေးအပ်ရခြင်းသည် အကျိုးအမြတ်ကို ချက်ချင်းရရန်ထက်၊ရေရှည်အတွက် ပိုမိုကြီးမားသော မဟာဗျူဟာမြောက် စစ်ရေးနှင့် နိုင်ငံရေးဖိအားများကို လျှော့ချရန် ဆုံးဖြတ်ခြင်းဟုသာ သုံးသပ်နိုင်သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က ၎င်းတို့ ဆုတ်ခွာရခြင်းမှာ စစ်ကောင်စီ၏ စစ်ရေးဖိအားနှင့်လူထုကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားရန် အတွက်ဖြစ်ကြောင်း ဖြေကြားခဲ့သလို ဤအချက်ကပင် မိုးကုတ်ကိုဆက်လက်ထိန်းချုပ်ထားခြင်း၏ တန်ဖိုးထက် ဆုံးရှုံးရမည့် အသက်နှင့် တန်ဖိုးက ပိုများနေသည်ကို ညွှန်ပြနေသည်။
ဖြစ်နိုင်သည့် အကျိုးအမြတ် တွက်ချက်မှုများတွင် စစ်ရေးဖိအားလျှော့ချခြင်း၊ TNLA ၏ အဓိကနယ်မြေများသို့ အင်အားပြန်လည်စုစည်းနိုင်ရန် အချိန်ယူခြင်း၊ တရုတ်နှင့် စစ်အုပ်စုတို့၏ နိုင်ငံရေးအရ လိုက်လျောမှု သို့မဟုတ် မျက်နှာသာပေးမှုတစ်ရပ်ကို ရယူနိုင်ခြင်းတို့ ပါဝင်နိုင်သည်။ပထဝီဝင်အရ TNLA ၏ အမာခံနယ်မြေနှင့် အလှမ်းဝေးကွာသော မိုးကုတ်တွင် အင်အားသုံး၍ ဆက်လက်တောင့်ခံနေခြင်းထက်၊ အင်အားကြီးမားစွာ ခွဲထုတ်ထားရခြင်းကို ရှောင်ရှားရန် ရွေးချယ်ခြင်း ဖြစ်နိုင်သည်။
ထို့ပြင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ (MDY-PDF/မိုးကုတ်ဗျူဟာ) ကို ဆက်လက်ရပ်တည်စေခြင်းဖြင့် တိုက်ပွဲကို ဒေသခံအင်အားစုများလက်သို့လွှဲပြောင်းပေးကာ၊ TNLA အနေဖြင့် အချိန်ယူ၍ အားပြန်စုစည်းရန် အသက်ရှူချိန် ရယူခြင်းလည်း ဖြစ်နိုင်သည်။
မိုးကုတ်ကို လက်လွှတ်လိုက်ရခြင်းသည် TNLA အနေဖြင့် စစ်အုပ်စုနှင့် တရုတ်၏ ဖိအားများကြားတွင် မဟာဗျူဟာအရနောက်ဆုတ်လိုက် ခြင်း ဖြစ်ပြီး၊ ဤနောက်ဆုတ်မှု၏ အကျိုးအမြတ်သည် TNLA ၏ အဓိက နယ်မြေနှင့် အင်အားစု များ၏လုံခြုံရေး ဖြစ်သည်။ သို့သော် ဤအကျိုးအမြတ်သည် မိုးကုတ်မြို့ခံများအတွက်မူ မျှော်လင့်ချက်များ၊ လုံခြုံရေး အာမခံချက်များနှင့် သယံဇာတပိုင်ဆိုင်ခွင့်များ ကို လဲလှယ်ပေးလိုက်ရခြင်းဖြစ်နေ၍ ဒေသခံလူထု၏ နာကျင်မှုသည် အလွန်ကြီးမားနေခြင်းဖြစ်သည်။

မိုးကုတ်မြို့သည် မျှော်လင့်ချက်မဲ့ပြီး မှောင်မိုက်သော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ခိုင်မာမှုမရှိသော ဆိုရှယ်မီဒီယာသတင်းများက ပူပန်မှုများကို ပိုမိုတိုးပွားစေသည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။ မျှော်လင့်ချက်နှင့် ယုံကြည်မှုတို့ဖြင့် မြို့တွင် ကျန်ရှိနေလိုသော်လည်း ၎င်းတို့၏ အနာဂတ်ကို လမ်းပြပေးမည့် အလင်းရောင်တစ်ခုကို စောင့်မျှော်နေရဆဲဖြစ်သည်။စစ်ရေးဖိအားနှင့် နိုင်ငံရေး သဘောတူညီချက်ကြားမှ ဤမေးခွန်း (၆ ) ခုသည် မိုးကုတ်၏ မရေရာသော ကံကြမ္မာကို ထင်ဟပ်ပြနေပါသည်။



