စစ်အုပ်စုက တအာင်း/ပလောင် မုန်းတီးရေးမီးမွှေးနေသည်၊( သတင်းသုံးသပ် ဆောင်းပါး)
နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေနဲ့ ဗမာပြည်သူလူထုကို သွေးခွဲအုပ်ချုပ်လာခဲ့တဲ့ မြန်မာစစ်တပ်ဟာ မိုးကုတ် ကျဆုံးခန်းကို အခွင့်ကောင်းယူပြီး တော်လှန်ရေးရဲ့ ညီညွတ်မှုထဲက TNLA နဲ့ တအာင်း/ ပလောင် လူမျိုးတွေရဲ့ ခွန်အားကို ဖြိုခွဲဖို့ အားထုတ်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါတယ်။

မိုးကုတ်/မိုးမိတ် အရှုံးမှာ ကွန်မြူနစ်တပ် (PLA) ဘာကြောင့် နှုတ်ဆိတ်နေသလဲ
Reddy Simon/MFP၊ နိုဝင်ဘာ -၂၂
၁၀၂၇စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအတွင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ အောင်ပွဲ၊ ဗမာပြည်မထဲက စစ်ကောင်စီရဲ့ အမာခံစိတ်ဓာတ်တွေကို ဖြိုဖျက်နိုင်ခဲ့တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့် “မြန်မာစစ်တပ်ကို တကယ်တိုက်ရင် နိုင်တယ်” ဆိုတဲ့ စိတ်ဝိဉာဉ် နိုးထလာခဲ့ကြတာကို ခံစားမှတ်မိမှာပါ။
ဒီတိုက်ပွဲတွေမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အပါအဝင် မန္တလေး PDF နဲ့ တခြားသော တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကိုင်း၊ ရှမ်းမြောက် စတဲ့ ဒေသအများအပြားမှာ အတူပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး အောင်ပွဲတွေ ရယူခဲ့ကြပါတယ်။ PLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ အပါအဝင် မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့တော်တော်များများမှာ မဟာမိတ်တပ်တွေနဲ့ အတူ ပူးပေါင်းအုပ်ချုပ်ခွင့် ရခဲ့ပါတယ်။
အခုတော့ ဒီလို ရင်းယူခဲ့ရတဲ့ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးရပါပြီ။
ဒီဆုံးဖြတ်ချက်ကို ချခဲ့တဲ့ TNLA ကို ဝေဖန်မှုတွေရှိ နေချိန်မှာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး လက်နက်ကိုင်တပ်လို့ ခေါ်နိုင်တဲ့ အတွေ့အကြုံရင့် ကွန်မြူနစ်တပ်ကတော့ ခပ်ဆိတ်ဆိတ်ပဲ နေပါတယ်။
ဘာကြောင့်ပါလဲ?
မဟာမိတ် ညီညွတ်ရေးကို အလေးထားတဲ့ PLA ရဲ့ ဗျူဟာကို မြန်မာပြည်ကွန်မြူနစ်ပါတီ၊ PLA တပ်ရဲ့ ခေါင်းဆောင်တစ်ဦးနဲ့ မေးမြန်းပြီး ယခုဆောင်းပါးကို MFP က ရေးသား ဖော်ပြလိုက်ပါတယ်။
မိုးကုတ်၊မိုးမိတ် ကျရှုံးခန်းနှင့် ပြည်သူ့ဒေါသ ပေါက်ကွဲမှု
TNLA က မိုးကုတ်ကို သတ်မှတ်ထားတဲ့ ရက်အတွင်း မြို့ကနေ ဆုတ်ခွာပေးရမယ်လို့ မိုးကုတ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး၊ စစ်ကောင်စီတပ်တွေဟာ မြို့ထဲကို တပ်မနှစ်ခုနဲ့ ပြန်ဝင်လာဖို့ရှိတယ်လို့ သတင်းဌာနတွေက သုံးသပ်ထားပါတယ်။
မိုးကုတ်မြို့ခံ အများစုဟာ စစ်တပ်ပြန်ဝင်လာမှာကို စိုးရိမ်လို့ မန္တလေးနဲ့ နီးစပ်ရာ မြို့တွေဆီ တိမ်းရှောင်နေကြရတဲ့အတွက် မြို့တွင်းမှာ လူခြေတွေက တိတ်ဆိတ်နေခဲ့ပါပြီ။
ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းပေါ်က ပြောဆိုရေးသားချက်တွေအောက်မှာ မြို့ခံအများစု ဟာ မျှော်လင့်ချက်မဲ့ပြီး ဆုံးဖြတ်ရခက်ခဲနေတယ်လို့ မိုးကုတ်မြို့အနောက်ခြမ်းမှာ နေထိုင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးက MFP ကိုပြောပါတယ်။
“ကျွန်မတို့မှာ ကောလဟလတွေရော၊ သတင်းတွေ ရော မျိုးစုံ ကို ဖတ်ပြီးရင် တစ်မမနဲ့ ကွန့်မန့်တွေလိုက်ကြည့်၊ ဖတ်ရင်း ဘာလုပ်ရင်ကောင်းမလဲ တစ်နေ့နေ့” လို့ စိုးရိမ်ပူပန်နေရပုံကို ဆိုပါတယ်။
ဒီလို ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေမှာ သူမ အနေနဲ့ အားကိုးရမယ့် အဖွဲ့အစည်းတစ်ခုကို လိုအပ်ကြောင်း ဖွင့်ဟပါတယ်။ လက်တွေ့အခြေအနေမှာ အွန်လိုင်းက သတင်းတွေနဲ့ မရေရာမှုတွေက ပိုပြီးစိတ်ဖိစီးတယ် လို့ သူမက ပြောပါတယ်ꩻ
စစ်အုပ်စု၏ အကျိုးအမြတ် နှစ်ခွနှင့် လူမျိုးရေး သွေးခွဲမှု မဟာဗျူဟာ
မိုးကုတ်မြို့ကို စွန့်ခွာခြင်းရဲ့ နောက်ဆုံးရက်တွေမှာ စစ်ကောင်စီက သူအတွက် အကျိုးအမြတ် နှစ်ခွထွက်အောင် ကြံစည်နေပါတယ်။ PLA တပ်က အရာရှိကတော့ စစ်အုပ်စုကို ဒီအကျိုးအမြတ်တွေ မပေးချင်တာကြောင့် သူတို့ ဆိတ်ဆိတ်နေတယ်လို့ MFP ကိုပြောပါတယ်။
စစ်ရေးအမြတ်အဖြစ် စစ်ကောင်စီဟာ တိုက်ခိုက်စရာ မလိုဘဲ အရေးပါတဲ့ မိုးကုတ်/မိုးမိတ် မြို့နှစ်မြို့ကို ပြန်လည် ရရှိသွားပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ စစ်ရေး အရှိန်အဟုန်ကို တားဆီးနိုင်ခဲ့တဲ့ ကြီးမားသော အောင်ပွဲတစ်ခုလို့ စစ်အုပ်စုက ဝါဒဖြန့်ဖို့ အခွင့်အရေး ရသွားပါတယ်။
တဖက်မှာလည်း လူမျိုးရေး သွေးခွဲအမြတ်အဖြစ် စစ်အုပ်စုဟာ TNLA ရဲ့ ဆုတ်ခွာမှုကို အသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေကြား၊ အထူးသဖြင့် ဗမာလူထုနဲ့ တအာင်း/ပလောင် တိုင်းရင်းသား လက်နက်ကိုင်တွေကြား လူမျိုးရေး မုန်းတီးမှုနဲ့ မယုံကြည်ခြင်း ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အွန်လိုင်းပေါ်ကနေ ဖန်တီးနေပါတယ်။
MFP က ဒီလိုမှတ်ချက်တွေကြားမှာ အမုန်းစကားဖြန့်ဝေမှုနဲ့ လူမျိုးရေးတိုက်ခိုက်မှုတွေ ခွဲခြားဖို့ လေ့လာခဲ့ပါတယ်။
နည်းပညာ ကျွမ်းကျင်သူ (Social Media expert) တစ်ဦးရဲ့ အကူအညီကိုရယူပြီး Mandalay Free Press ဖေ့ဘုတ်စာမျက်နှာမှာ နိုဝင်ဘာလ ၁၈ က ဖော်ပြခဲ့တဲ့ “မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်တည်း ခေါ်သွင်းမည်” ဆိုတဲ့သတင်းအောက်က မှတ်ချက်ပေါင်း ၆၇၀ ကျော် ကို AI နည်းပညာအသုံးပြုပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ MFP က တွေ့ရှိချက်တွေအရ
• စုစုပေါင်း မှတ်ချက် ၆၇၀ ခု အနက် ၂၅၀ ဟာ TNLA (သို့မဟုတ်) တအာင်း/ပလောင် လူမျိုးများကို ပစ်မှတ်ထားသောအလွန်ဆိုးရွားသည့်၊ ညစ်ညမ်းသည့်၊ လူမျိုးရေးဆိုင်ရာ စော်ကားသည့် သို့မဟုတ် တိုက်ခိုက်ရန် လှုံ့ဆော်သည့် မှတ်ချက်များဖြစ်ပြီး၊ စုစုပေါင်းရဲ့ ၃၇.၃၁% ခန့်ရှိပါတယ်။ ဒီထဲမှာ
(၁) ပြင်းထန်သော ဆဲဆိုမှု/ညစ်ညမ်းမှုများ (Vulgarity/Slurs): စစ်ခွေးဟု နှိုင်းယှဉ်ပြောခြင်း
(၂) လူမျိုးရေး/ဂိုဏ်းဂဏ စော်ကားမှုများ (Racial/Ethnic Derogation): တအာင်း (ပလောင်) လူမျိုးစုအားလုံးကို စုပြုံတိုက်ခိုက်စော်ကားထားခြင်း
(၃) တိုက်ခိုက်ရန် လှုံ့ဆော်မှု (Incitement to Attack): လူမျိုးပြတ်ချေမှုန်းရန်၊မောင်းထုတ်ရန် ပြောဆိုမှုများ
• MFP က နည်းပညာကျွမ်းကျင်သူနဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီး မှတ်ချက်ပေးသူတွေကို စစ်ဆေးခဲ့ရာမှာ
(၁) အများစုဟာ ပြောဆိုမှုကို တာဝန်ယူနိုင်တဲ့ သုံးစွဲသူတွေ မဟုတ်ပါဘူး။ ရာခိုင်နှုန်းအများစုသော အသုံးပြုသူတွေဟာ အကောင့်တုလို့ ယူဆရတဲ့ သတ်မှတ်ချက်များနဲ့ ညီပါတယ်
(၂) သူတို့အများစုဟာ လက်တွေ့ဒုက္ခကို ကြုံနေတဲ့ မိုးကုတ်၊ မိုးမိတ် မြို့ခံတွေ မဟုတ်ကြပါဘူး။
ဒီအချက်တွေအရ လူမျိုးရေးနဲ့ သွေးခွဲရေးကို ပစ်မှတ်ထားကာ အမုန်းစကား ဖြန့်ချိသူတွေ လို့ ယူဆနိုင်တဲ့ မှတ်ချက်ပေးသူတွေ များလာတာကို မြင်နိုင်ပါတယ်။
စစ်ကောင်စီဟာ ဒီလို Troll Army လို့ခေါ်တဲ့ အမုန်းစကားဖြန့်ဝေသူတွေကို တပ်ဖွဲ့အသွင် အသုံးပြုနေတာကို Myanmar now သတင်းဌာနနဲ့ Freedom house, New York Times သတင်းဌာနတွေက ဖော်ထုတ်ထားပြီးဖြစ်ပါတယ်

နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေနဲ့ ဗမာပြည်သူလူထုကို သွေးခွဲအုပ်ချုပ်လာခဲ့တဲ့ မြန်မာစစ်တပ်ဟာ မိုးကုတ် ကျဆုံးခန်းကို အခွင့်ကောင်းယူပြီး တော်လှန်ရေးရဲ့ ညီညွတ်မှုထဲက TNLA နဲ့ တအာင်း/ပလောင် လူမျိုးတွေရဲ့ ခွန်အားကို ဖြိုခွဲဖို့ အားထုတ်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါတယ်။
တော်လှန်ရေးအင်အားစုတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ လက်ညှိုးထိုး အပြစ်တင်နေမယ်ဆိုရင် ရန်သူသာ ဝမ်းသာစရာ ဖြစ်လာမယ်ဆိုတဲ့ အန္တရာယ်ကို PLA ရဲ့ ခေါင်းဆောင်က အခုလို ရှင်းပြပါတယ်။
“ကျွန်တော်တို့က တိုင်းရင်းသားတွေနဲ့ ဗမာပြည် သွေးခွဲခံထားရတယ် နှစ်ရှည်လများ။ ဒီအချိန်မှာ သူ့နဲ့ငါနဲ့ သူက ဘာဖြစ်တယ်။ ငါက ဘာဖြစ်တယ်။ လက်ညှိုးထိုးရင် ရန်သူ ဝမ်းသာမယ် ပေါ့နော်။ အဲ့လို ရန်သူဝမ်းသာမယ့်အလုပ်တွေ မလုပ်ချင်ဘူး” လို့ သူက တုံ့ပြန်ပါတယ်။

ညီညွတ်ရေးကို ရှေ့တန်းတင်သော အတွေးအခေါ်
PLA ရဲ့ ဒီလို နှုတ်ဆိတ်ခြင်းဟာ အားနည်းခြင်း၊ ဒါမှမဟုတ် သဘောထားကွဲလွဲမှုကို လက်ခံခြင်းမျိုး မဟုတ်ဘဲ၊ သူတို့ရဲ့ တော်လှန်ရေး အတွေးအခေါ်နဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ရပ်တည်ချက်ကို ထင်ဟပ်နေတာ ဖြစ်ပါတယ်။
PLA ဟာ မြန်မာပြည် ကွန်မြူနစ်ပါတီ (CPB) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး၊ သူတို့ရဲ့ တော်လှန်ရေးဟာ လူမျိုးရေး အခြေခံမဟုတ်ဘဲ လူတန်းစား လွတ်မြောက်ရေး အယူဝါဒကို အဓိကထားပါတယ်။ သူတို့အနေနဲ့ မဟာမိတ်ရဲ့ အခက်အခဲကို နားလည်ကြောင်းနဲ့ ဝေဖန်ခြင်း မပြုလိုကြောင်း တာဝန်ရှိသူ တစ်ဦးက ရှင်းပြချက်မှာ ရှင်းရှင်းလင်းလင်း ဆိုပါတယ်။
“သူတို့လည်း အကြောင်းမျိုးမျိုးတွေ၊ ခက်ခဲမျိုးစုံတွေကြောင့် ဒီမြို့တွေ ပေါ့နော် ပြန်ဆုတ်ရတဲ့အပေါ်မှာ သူတို့ရဲ့ အခက်အခဲတွေကို နားလည်တယ်။ ဝေဖန်တွေ သိပ်ပြီးတော့ မပေးချင်ဘူး။ သူတို့လည်း ဆုတ်ချင်လို့ ဆုတ်ရတာ မဟုတ်ဘူးဆိုတာ သိတယ်” လို့ ဆိုပါတယ်။
ဒီကိစ္စရပ်ကြောင့် TNLA ဟာ ရန်/ငါ ပြတ်ရမယ့် ရန်သူဖြစ်သွားတာ မဟုတ်သလို လက်ရှိ အခြေအနေဟာ ရန်/ငါ ပဋိပက္ခမဟုတ်ဘဲ မဟာမိတ် ပဋိပက္ခ ဖြစ်တယ်လို့ သူက ထပ်ပြောဆိုပါတယ်။
PLA ရဲ့ အဓိက ရည်ရွယ်ချက်က ဒေသတစ်ခုတည်း လွတ်မြောက်ဖို့ မဟုတ်ဘဲ၊ တစ်နိုင်ငံလုံး လွတ်မြောက်ရေး ဖြစ်တဲ့အတွက် လူမျိုးစွဲတွေကို ဖျောက်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ရေး၊ အထူးသဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးလို ဗဟိုချက်ဒေသတွေဆီကို ဦးတည်ပြီး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ဖို့ကိုသာ အမြဲတစေ တွေးခေါ်နေဖို့လိုတယ်လို့ ဆိုပါတယ်။
သူက ဒီ ကျဆုံးခန်းကနေ ဥပမာတစ်ခု ပေးပါတယ်။
“ဥပမာ စစ်ကိုင်းတိုင်း လွတ်မြောက်သွားတယ်၊ ကျန်တဲ့ မန္တလေးတို့ နေပြည်တော်တို့ကို မတိုက်နိုင်သေးရင် စစ်ကိုင်းလွတ်မြောက်မှုကလည်း တစ်ချိန်ချိန်မှာ ပြန်ပေးရမှာပဲ”
“မြန်မာပြည်မှာ တကယ်တိုက်ဖို့ လိုနေတာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ဒီသုံးမြို့ပဲ” လို့ သူက ဆိုပါတယ်။
ဒါ့ကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒေသစွဲ၊ လူမျိုးစွဲတွေကို ဖျောက်ပြီး အင်အားကြီးတဲ့ တော်လှန်ရေးလှိုင်းတခုဖြစ်လာဖို့ သူက တိုက်တွန်းပါတယ်။
တအာင်းတပ် TNLA ရဲ့ ထွက်ပေါက် အစစ်အမှန်
တရုတ်မြန်မာအရေး လေ့လာသူဖြစ်တဲ့ ဒေါက်တာလှကျော်ဇောကတော့ ဒီဖြစ်ရပ်တွေအပေါ်မှာ တရုတ်ရဲ့ ဖိအားလို့ မပြောဘဲ၊ မက်လုံးလို့ သုံးနှုန်းထားပါတယ်။ တနည်းအားဖြင့် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက စီးပွားရေးအားဖြင့်၊ ဒေသဖွံ့ဖြိုးမှုအားဖြင့် ကြိုးကိုင် ချယ်လှယ်နိုင်မှုကို ထောက်ပြပါတယ်။ သူက ရှဉ့်လည်းလျှောက်သာ ပျားလဲစွဲသာဖြစ်သင့်ကြောင်း Mizzima သတင်းဌာနမှာ ပြီးခဲ့တဲ့ အပတ်က ပြောဆိုခဲ့ပါတယ်။
တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ TNLA အနေနဲ့ မိုးကုတ်မြို့ကို စွန့်ခွာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပြီး လူထုအတွက် အသက်သာဆုံးဖြစ်မယ့် နည်းလမ်း လို့ ဆိုခဲ့ပါတယ်။
မိုးကုတ်မြို့မှာ အောက်တိုဘာလ တစ်လထဲတင် လေကြောင်းဗုံးကြဲမှုကြောင့် လူပေါင်း ၅၀ သေဆုံးခဲ့ပြီး ဒီလိုသေဆုံးမှုတွေကလည်း လူထုကို နှိပ်စက်နေတယ်လို့ သူမက ရှင်းပြပါတယ်။
ဒါပေမယ့် ဒီအကြောင်းပြချက်တွေပေးခြင်းအားဖြင့် တအာင်းတပ် (TNLA) ဟာ ဖြူစင်ပြီး အပြစ်ကင်းတယ်လို့ ကောက်ချက်ဆွဲခြင်း မဟုတ်ပါဘူး။ မြို့ကို အုပ်ချုပ်ခဲ့တဲ့ TNLA ဟာ အခု ထွက်ခွာရာမှာလည်း အားနည်းချက်များစွာ ရှိတယ်လို့လည်း မြို့ခံအစစ်အမှန်တွေက MFP ကို ပြောဆိုပါတယ်။
အဓိက အားဖြင့် မြို့သူမြို့သားတွေရဲ့ လုံခြုံရေးအတွက် ပေးနိုင်မယ့် ကတိကဝတ်နဲ့ စစ်အုပ်စုအောက်မှာ မနေလိုသူများအတွက် ရွေ့ပြောင်းနိုင်မယ့် အစီအစဉ်ကို မဖော်ဆောင်ပေးနိုင်တာက TNLA ရဲ့ ကြီးမားတဲ့ အားနည်းချက် ဖြစ်ပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့ကနေ ရွေ့ပြောင်းနေလိုသူတွေ အများအပြား ရှိလာပြီး ဒါက စစ်အုပ်စု လက်အောက်မှာ မနေလိုတဲ့ ပြည်သူ့ဆန္ဒ အစစ်အမှန် ဖြစ်သော်လည်း ဒီဆန္ဒကို အကောင်အထည်ဖော်ရေးအတွက် အခက်အခဲတွေ အပြည့်ဖြစ်နေပါတယ်။
တကယ်တော့ တအာင်းတပ်ရဲ့ ထွက်ပေါက် အစစ်အမှန်ဟာ ကတိကဝတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ ကတိကဝတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပေးရမယ့် ကတိထက် အဖိနှိပ်ခံ မြန်မာပြည်သူတွေကို ပေးရမယ့် ကတိဖြစ်ပါတယ်။ “အဆုံးထိ” ဆိုတဲ့ တအာင်းတပ်ရဲ့ ခိုင်မာတဲ့ ကတိကပဲ အမုန်းစကား ဖန်တီးသူတွေကို ချေဖျက်ပစ်ပြီးထွက်ပေါက်ကို ရနိုင်ပါလိမ့်မယ်.။



