ဆောင်းပါး

ရွှေမန်းယံ နန်းကြိုကြား၊ လက်ခတ်သံများ ညံစေချင်

ဂျီဂျီ/MFP၊ ဆောင်းပါး

 မန္တလေးမြို့နဲ့ မြန်မာပြည်အလယ်ပိုင်းက ကျွမ်းကျင်ရက်ယန်းလုပ်သားများစွာဟာ ယခုနှစ် သြဂုတ်လက စစ်ကိုင်း ငလျင်ကြီးနောက်ပိုင်းမှာ အကြပ်အတည်းတွေကြောင့် လုပ်ငန်းကို စွန့်ခွာသွားကြပါတယ်။ တချိန်က စည်ကားဆူညံဖူးတဲ့ ရိုးရာ အိမ်တွင်းမှုလုပ်ငန်းမှုလုပ်ငန်းတွေဟာ  အသက်မဲ့လို့နေပါတယ်။ 

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် အဓိကထိခိုက်ရတာကတော့ စီးပွားရေးအရအရေးပါတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာဖြစ်ပါတယ်။ 

မြို့ရဲ့ အမွေအနှစ်ဖြစ်တဲ့ မန္တလေး၊ အမရပူရနဲ့ စစ်ကိုင်းဒေသမှာရှိတဲ့ လက်ရက်ကန်း၊ စက်ရက်ကန်း၊ ပိုးထည်တိုက်၊ ဖိနပ်ချုပ်လုပ်ငန်းနဲ့ အိတ်ချုပ်လုပ်ငန်းတွေဟာလည်း ထိခိုက်ပျက်စီး ခဲ့ရပါတယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရက်ကန်းစက်ရုံပေါင်း (၅၀၀)၊ စက်ရက်ကန်းစင်ပေါင်း (၃,၅၀၀) နဲ့ လက်ရက်ကန်းစင်ပေါင်း (၂,၀၀၀) ကျော်ရှိတာဖြစ်သလို စစ်ကိုင်းဒေသမှာလည်း ရက်ကန်းစင် ထောင်ဂဏန်းခန့် ရှိပါတယ်။ MFP က စုံစမ်းထားတဲ့စာရင်းအရ အမရပူရမှာရှိတဲ့ ရက်ကန်းရုံတွေထဲက သုံးပုံတစ်ပုံခန့်ကပဲ လည်ပတ်နိုင်သေးတာဖြစ်သလို စစ်ကိုင်းဒေသမှာဆိုရင်တော့ မြို့ပေါ်က ရုံ အနည်းငယ်သာ လည်ပတ်နိုင်သေးတာပါ။

“အပျက်အစီးနည်းတဲ့သူရှိတယ်။ အပျက်အစီးများတဲ့သူရှိတယ်။ များတဲ့သူကတော့ မစနိုင်သေးဘူး။ ခုမှ ပြန်ပြင်ဆင်တာ။စက်ရုံပြန်တည်တာတို့၊ ပြန်ပြီးတော့တည်ဆောက်တာတို့ လုပ်နေရတာကိုး။ တအားမပျက်စီးဘူး။ အပေါ်ယံလောက်ပဲဖြစ်တဲ့သူကတော့ စပြီ” လို့ အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင် တစ်ဦးက MFP ကိုရှင်းပြပါတယ်။ 

အမရပူရမြို့နယ်မှာရှိတဲ့ ရက်ကန်းလုပ်ငန်းရှင်အများစုဟာ ပိုးထည်တိုက်၊ အရောင်းဆိုင်၊ ရက်ကန်းရုံတွေကို လူနေအိမ်နဲ့အတူတူတွဲဆောက်ထားတာဖြစ်လို့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုပျက်စီးမှုဟာ အခြားသောလုပ်ငန်းတွေထက် ပိုမိုကြီးမားခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

“လုပ်ငန်းရှင်များက သူတို့အိမ်မှာပဲ လူနေတယ်။ အလုပ်လုပ်တယ်။ ပိုးထည်တိုက်လည်း တော်တော် များများ ထိုနည်းလည်းကောင်းပဲ။ သုံးထပ်လောက်ရှိရင် အပေါ်မှာလူနေမယ်။ အောက်မှာ ရောင်းမယ်။ ရက်ကန်းစင်လည်း ထိုနည်းလည်းကောင်းပဲ။ အိမ်ရဲ့အတွင်းမှာ အလုပ်လုပ်တဲ့အခါကျတော့ ဒီငလျင် ဒဏ်ရဲ့  သက်ရောက်မှုက အိမ်ချည်းပဲ မဟုတ်ဘူး။အလုပ်ပါ တခါတည်း ပါသွားတာဖြစ်ပါတယ်” လို့ စစ်အုပ်စုက ပြုလုပ်တဲ့ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊  အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဆွေးနွေးခဲ့ပါတယ်။ 

ငလျင် ဘေးမှာ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းထိခိုက်ပျက်စီးတာ၊ ကျန်းမာရေးထိခိုက်တာ တွေရှိခဲ့ တဲ့အတွက် လပေါင်းအတော်ကြာဟာ ရက်ကန်းလုပ်ငန်းတွေဟာ ရပ်ထားခဲ့ရပါတယ်။ လုပ်ငန်း တွေရပ်သွားတဲ့အတွက် လုပ်ငန်းတွေမှာ မှီခိုနေရတဲ့လုပ်သားတွေဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး တခြားအလုပ်အကိုင်တွေဆီကို ထွက်ခွာသွားကြတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ 

စက်ရက်ကန်းရုံတစ်ခုမှာဆိုရင် ရက်ကန်းလုပ်သား၊ ချည်ချ၊ ချားပုတ်၊ နှပ်ကော်၊ ကြီးကြပ်ရေး စတဲ့ လုပ်ငန်းစဉ်တွေမှာလုပ်ကိုင်ကြတဲ့ဦးရေဟာ အမရပူရမြို့နယ်မှာ လုပ်သား ၅,၀၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ ကိုယ်ပိုင် ရက်ကန်းတွေခတ်ပြီး လုပ်ငန်းရှင်ကြီးတွေနဲ့ ပိုးထည်တိုက်ကိုသွင်းတဲ့ လက်ရက်ကန်းခတ်သူဦးရေကိုပါ ထည့်ပြီးတွက်ချက်မယ်ဆိုရင်တော့ ဒီထက်ပိုများနိုင်ပါတယ်။

ငလျင်ဗဟိုချက်ဖြစ်ခဲ့တဲ့ စစ်ကိုင်းဒေသမှာဆိုရင်လည်း ငလျင်ဖြစ်ပြီးတဲ့အချိန်မှာ ဒေသခံတွေက စစ်ကိုင်းမှာ မနေရဲတော့တာကြောင့် တခြားဒေသကို ရွှေ့ပြောင်းသွားတာ၊ ငလျင်ဘေးကြောင့် ရက်ကန်းသမလေးတွေ အသက်ဆုံးရှုံးတာတွေကြောင့်လည်း လုပ်သားအင်အားရှားပါးကုန်တယ်လို့ စစ်ကိုင်းမြို့ဒေသခံက ပြောပါတယ်။

စစ်အုပ်စုရဲ့ထုတ်ပြန်ချက်အရ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူပေါင်း ခြောက်သိန်း ကျော် အပေါ် တိုက်ရိုက်သက်ရောက်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ နောက်ပြီး ငလျင်ဘေးသင့်ဒေသမှာရှိတဲ့ ထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ရက်ကန်းနဲ့အထည်အလိပ်လုပ်ငန်း စတဲ့ အသေးစားစီးပွားရေးလုပ်ငန်းများစွာ ရပ်တန့်သွားရပြန်ပါတယ်။

ဒါပေမယ့်လည်း မရပ်မနား လည်ပတ်နေရတဲ့လုပ်ငန်းတစ်ခုရှိပါတယ်။ အဲဒါကတော့ ဆောက် လုပ်ရေးလုပ်ငန်းပါ။ ရပ်တန့်သွားတဲ့လုပ်ငန်းတွေကလုပ်သားတွေဟာ ဝင်ငွေ မရှိတော့တဲ့အတွက် ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ကြတဲ့အချိန်မှာပဲငလျင်ဒဏ်ထိ လူနေအဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဘက်မှာ ကူးပြောင်းလုပ်ကိုင်ကြပါတော့တယ်။

ဆောက်လုပ်ရေးလုပ်ငန်းဘက်မှာလည်း လုပ်သားအင်အား မလုံလောက်တဲ့အတွက် တစ်နေ့တာလုပ်အားခကို အများကြီးပိုပေးနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အလုပ်သမားတွေ အလုပ်မရှိဘူး။ ရတဲ့အလုပ် ဝင်လုပ်ကြတယ်။ ပြင်ဆင်တဲ့လိုအပ်ချက်ကြောင့် သူတို့ရဲ့ daily wages (တစ်ရက်လုပ်အားခ)က ပုံမှန် နဂိုကရနေတာထက် နှစ်ဆ၊ သုံးဆအထိ တက်သွားတဲ့အခါမှာ တကယ်လုပ်ငန်းတွေပြန်စတဲ့အခါမှာskilled labour (ကျွမ်းကျင်လုပ်သား) ရဖို့က အခက်အခဲ ဖြစ်လာပါတယ်”  လို့ စစ်အုပ်စုကပြုလုပ်တဲ့ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ မန္တလေးတိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (MRCCI)၊ ဥက္ကဋ္ဌ ဦးတင်လတ်က ဆွေးနွေးခဲ့ပါတယ်။ 

ဒီဆွေးနွေးချက် မြန်မာနိုင်ငံက ကျွမ်းကျင်လုပ်သားအများစု ဟာ မကျွမ်းကျင်တဲ့ နေ့စားလုပ်သားအဖြစ် ပြန်လည်ရောက်ရှိသွားပုံကိုထင်ရှားစွာ မြင်သာနိုင်ပါတယ်။ 

ရက်ကန်းလုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန်မှာ လုပ်သားတွေအနေနဲ့ တခြားပြင်ပလုပ်ငန်းတွေကို ရှာဖွေပြီး ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်နေရေးအတွက် ဖြေရှင်းကြပါတယ်။ ပြင်ပလုပ်ငန်းကရတဲ့ ဝင်ငွေဟာ ရက်ကန်းရုံမှာလုပ်တဲ့ လုပ်သားတစ်ဦးရဲ့လုပ်အားခထက် များပြားတာကြောင့်လည်း လုပ်သားအင်အားရှားပါးတာလို့ ရက်ကန်းလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

“ရက်ကန်းခတ်တာက ဝန်ထမ်းတွေရဲ့လုပ်အားခကို ကွင်းအရေအတွက်နဲ့ တွက်တာရှိတယ်။ ၁၀ ကွင်းပြီးရင် ၁၀ ကွင်း ၊ ကွင်း၂၀ ပြီးရင် ကွင်း ၂၀။ အဲ့လိုတွက်တာကိုး။ သိရတာက ပန်းရန်၊ ဆေးသုတ်လုပ်အားခက ရက်ကန်း လုပ်အားခထက်များတော့အလုပ်တွေပြောင်းကြတာပေါ့” လို့ အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းရှင်က MFP ကိုပြောပါတယ်။

ငလျင်ကြောင့် အပျက်အစီး၊ အထိအခိုက်နည်းခဲ့တဲ့ စက်ရက်ကန်း လုပ်ငန်း ရှင်တစ်ဦး ကတော့ သင်္ကြန်အပြီးကာလကတည်းက စက်ရုံကို ပြန်လည်လည်ပတ်နေတာပါ။ လုပ်ငန်း စတင်လည်ပတ်ချိန်မှာ ကုန်ကြမ်းဝယ်ယူရတာ အခက်အခဲမရှိသလို အရောင်းအဝယ်အခြေအနေကလည်း ကောင်းပေမယ့် ရက်ကန်းလုပ်သားမရှိတာက ပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။

စက်ရက်ကန်းရုံတွေမှာ အထည်တွေကို စက်နဲ့ခတ်တာဆိုပေမယ့် စက်လည်ပတ်နေတဲ့အချိန်မှာ လုပ်သားက စက်ကို စောင့်ကြည့်နေရတာဖြစ်ပြီး ချည်မျှင်ပြတ်သွားရင် ပြတ်သွားတဲ့ချည်မျှင်တွေကို ပြန်ဆက်ပေးရတာ၊ လွန်းထဲက အဖောက်ချည်ကုန်သွားရင် ချည်လုံးတွေလဲပေးရတာ၊ ချည်လုံးလဲတဲ့အခါမှာ အကွက်တွေပြန်ဖော်ဖို့ အတွက် ချိန်းပတ်တွေလှည့်ပေးရတာတွေကိုလုပ်ပေးရတယ်လို့ စက်ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက MFP ကို ရှင်းပြပါတယ်။

လုပ်ငန်းကျွမ်းကျင်ဖို့အတွက် လုပ်သားတစ်ဦးဟာ အနည်းဆုံး တစ်လခွဲကနေ သုံးလအထိ အချိန်ပေးသင်ယူရတာ ဖြစ်ပြီးတစ်ရက်၊ နှစ်ရက်သင်ယူရုံနဲ့ တတ်တဲ့ပညာရပ် မဟုတ်တဲ့အတွက် ရက်ကန်းပညာကို မသင်ကြတော့ဘဲ (ဝင်ငွေ)မြန်မြန်ရနိုင်မယ့်လမ်းကိုပဲ လိုက်ကြတယ်လို့ စက်ရက်ကန်းလုပ်ငန်းရှင်က သုံးသပ်ပါတယ်။

“သုံးလလောက်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင်တတ်သွားပြီပေါ့နော်။ တဖြည်းဖြည်းနဲ့အချိန်ကြာလာပြီး ပိုကျွမ်းကျင်လာရင်တော့လူတစ်ယောက်ကို ရက်ကန်းစင် ၂ စင်၊ ၃ စင် ခတ်နိုင်တဲ့အထိ ကျွမ်းကျင်သွားတာပေါ့” လို့ စက်ရက်ကန်းလုပ်ငန်းရှင်က ပြောပါတယ်။

စက်ရက်ကန်းလုပ်ငန်းမှာ အလုပ်လုပ်မယ့်လုပ်သားကို အသက်အရွယ်ကန့်သတ်မထားပေမယ့် မျက်စိကောင်းမွန်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ စက်ရက်ကန်းလုပ်သားတစ်ဦးဟာ မနက် (၇) နာရီကနေ ညနေ (၆) နာရီအထိ တစ်နေကုန်အလုပ်လုပ်ရတာဖြစ်ပြီး နေ့လယ်စာစားချိန် တစ်နာရီသာ နားခွင့်ရတဲ့လုပ်ငန်း ဖြစ်သလို လုပ်အားခကလည်း လစာနဲ့မဟုတ်ဘဲ(လုံချည်)ကွင်းအရေအတွက် ကျ(ထွက်)သလောက် ရရှိတာဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်ဖို့ ပညာသင်ယူရသလို လုပ်ငန်းမကျွမ်းကျင်ရင်လည်း လုပ်အားခ အရနည်းတာကြောင့် လုပ်သားအင်အား ရှားပါးတာဖြစ်မယ်လို့  လုပ်ငန်းနဲ့ရင်းနှီးတဲ့ မန္တလေးမြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

လုပ်ငန်းကျွမ်းကျင်တဲ့လုပ်သားကို အလုပ်ရုံမှာ အမြဲတမ်းအလုပ်လုပ်စေဖို့ဆိုရင် ကြိုသုံးငွေများများ ထုတ်ပေးတဲ့နည်းလမ်းကိုကျင့်သုံးနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက‌ပြောပါတယ်။

“အရင်က လုပ်သားတစ်ဦးကို (ကျပ်) ၅ သိန်း၊ ၁၀ သိန်းလောက်ပဲ ထုတ်ပေးရပေမယ့် ခုနောက်ပိုင်းမှာတော့ လုပ်သားတစ်ဦးဆိုရင် ၁၅ သိန်း၊ သိန်း ၂၀ လောက်အထိ ကြိုသုံးတွေ ထုတ်ပေးနေရတယ်”

ငလျင်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေကို စစ်ကိုင်းမြို့မှာ နေစားငြိမ်းအစီအစဉ်နဲ့ လက်ရက်ကန်းပညာသင်ပေးနေတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ကြော်ငြာထားပါတယ်။ ဒါဟာ ရှားပါးနေတဲ့ လုပ်သားအင်အားအခက်အခဲကို တစ်ဖက်တစ်လမ်းက ဖြေရှင်းတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

“စက်နဲ့ လုပ်ရတာ မဟုတ်ဘူး။ လက်နဲ့ လုပ်ရတာဖြစ်တဲ့အတွက် လုပ်သားမရှိရင် အလုပ်လုပ်လို့ မရဘူးပေါ့” လို့ လက်ရက်ကန်းလုပ်ငန်းရှင်က ပြောပါတယ်။

လုပ်သားအင်အားရှားပါးတယ်ဆိုပြီး လုပ်ငန်းရှင်တွေက ညည်းတွားကြပေမယ့် မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၅ နှစ်ကနေ ၃၅နှစ်အတွင်းရှိ လူငယ်လေးသန်းခန့်ကတော့ ပညာသင်ယူနိုင်မှုမရှိတာနဲ့ အလုပ်အကိုင်မရှိတာကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်) က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ လူမှုရေးပြဿနာတွေကြားမှာ လူငယ်တွေရဲ့ ပညာသင်ယူမှုနဲ့ အလုပ်အကိုင်ရရှိရေးလမ်းကြောင်းတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ အနာဂတ်ရပ်တန့်ခံ မျိုးဆက်သစ်၊ မြန်မာ့လူငယ်တွေရဲ့ အလုပ်အကိုင်နဲ့ပညာရေးအခြေအနေဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

လူငယ်အားလုံးရဲ့ထက်ဝက်နီးပါးဟာ အသက်မွေးဝမ်းကြောင်းပညာရပ်ဆိုင်ရာသင်တန်းတွေ လိုအပ်နေပြီး အဲဒီထဲကပညာရေးနည်းပါးသူတွေ၊ ကျေးလက်ဒေသနဲ့ပဋိပက္ခဒေသတွေမှာ နေထိုင်ကြရတဲ့လူငယ်တွေအတွက် လိုအပ်ချက်ဟာ သိသိသာသာမြင့်မားနေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေလည်ပတ်ဖို့ဆိုရင် လျှပ်စစ်မီးကလည်း မရှိမဖြစ်လိုအပ်တာပါ။ လျှပ်စစ်မီး ပုံမှန်ရရှိမှသာ အလုပ်ရုံတွေလည်ပတ်ဖို့ အဆင်ပြေမှာဖြစ်ပြီး လျှပ်စစ်မီးပုံမှန်မရရှိတဲ့အတွက် ဆိုလာနဲ့ မီးစက်တွေကိုဝယ်ယူကာ အလုပ်ရုံလည်ပတ်နေကြတာဖြစ်ပါတယ်။ ဆိုလာနဲ့ မီးစက်မရှိတဲ့အလုပ်ရုံဆိုရင် လုပ်သားတွေက အလုပ်မလုပ်ချင်ကြဘူးလို့ ရက်ကန်းလုပ်ငန်းရှင်ကလက်ရှိအခြေအနေကို ရှင်းပြပါတယ်။

ဒါ့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားတဲ့အဆောက်အအုံအောက်မှာ အထည်တွေပိတ်မိတာရှိခဲ့သလို ရက်ကန်းစင်တွေလည်း ပျက်စီးခဲ့ရပါတယ်။ ရက်ကန်းစင်တစ်စင်ဟာ စင်အသေးဆိုရင် ကျပ်သိန်း (၄၀)၊ စင်အကြီးဆိုရင် ကျပ်သိန်း (၁၀၀) ဝန်းကျင်အထိ တန်ဖိုးရှိတာပါ။

ရက်ကန်းလုပ်ငန်းတွေလည်ပတ်နိုင်ဖို့ဆိုရင် ပျက်စီးသွားတဲ့အဆောက်အအုံတွေ ပြုပြင်ဖို့၊ ရက်ကန်းစင်တွေပြန်လည်ထူထောင်ဖို့၊ ကုန်ကြမ်းဝယ်ယူနိုင်ဖို့ ငွေကြေးအရင်းအနှီးလည်း လိုအပ်တာဖြစ်တယ်လို့ မန္တလေးတိုင်း၊အထည်အလိပ်နှင့် ရက်ကန်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သွားတဲ့လုပ်ငန်းရှင်တွေနဲ့ လုံးဝပျက်စီးသွားတဲ့လုပ်ငန်းရှင်တွေကို စာရင်းကောက်ယူကာ စစ်အုပ်စုရဲ့ တိုင်းဒေသကြီးအစိုးရနဲ့ ဌာနပေါင်းစုံကို တင်ပြထားတယ်လို့ ဆိုပါတယ်။

“ဘဏ်တွေမှာ ချေးပေးမှာပေါ့။ ဒါပေမယ့် Collateral အာမခံ အပေါင်ပစ္စည်းတောင်းတယ်။ မြို့ပေါ်မှာတော့ ဂရန်တွေ ရှိတာကိုး။ နယ်မှာကျ ဂရန်မရှိဘူး။ ဒါနဲ့ ချေးငွေရဖို့ ခက်ခဲသွားပြန်ရော” လို့ ရက်ကန်းလုပ်ငန်းရှင်က ချေးငွေနဲ့ပတ်သက်တဲ့အခက်အခဲကို ပြောပြပါတယ်။

ကျွမ်းကျင်လုပ်သားပြဿနာ၊ လျှပ်စစ်မီးပြဿနာတွေကို လုပ်ငန်းရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကာ အလုပ်ရုံတွေလည်ပတ်နေကြတာဖြစ်ပြီး ငလျင်ဘေးသင့်ကာ ပြန်လည်ထူထောင်ဖို့ လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေပါသေးတယ်။

စစ်ကိုင်းငလျင်အပြီး (၈) လအကြာမှာ လည်ပတ်နေတဲ့ ရက်ကန်းရုံအများစုဟာ အထိအခိုက် နည်းတာ၊ ငွေကြေးအရင်းအနှီးတတ်နိုင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်ကြပြီး အပျက်အစီးများပြီး ငွေကြေးအရင်းအနှီး မတတ်နိုင်တဲ့ လုပ်ငန်းငယ်လေးတွေကတော့ မလည်ပတ်နိုင်သေးပါဘူး။ “တချို့ကျတော့လည်း ဝန်ထမ်းတွေကို ထိန်းတဲ့အနေနဲ့ရော ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်ရော ဖြစ်သလို ရုန်းကန်နေကြရတာပေါ့” ရက်ကန်းရုံတွေရဲ့အခြေအနေကို အမရပူရမြို့နယ်၊ ဒေသခံက ပြောပါတယ်။

ရက်ကန်းလုပ်ငန်းဟာ တချိန်က မြန်မာပြည်အလယ်ပိုင်းဒေသရဲ့ မိသားစုပေါင်းများစွာကို စိုပြေချောင်လည်စေခဲ့တဲ့ ရိုးရာလုပ်ငန်းဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းငလျင်ကြီးအပြီးနောက်ဆက်တွဲ မျိုးစုံရဲ့ဖိစီးမှုကြောင့် ကျွမ်းကျင်လုပ်သားတွေဟာ ဒီလုပ်ငန်းကိုစွန့်ခွာနေတာကို မြင်တွေ့နေရပါတယ်။  တချိန်က အဖိုးတန် ယဉ်ကျေးမှုအဖြစ်တန်ဖိုးထားခဲ့ကြတဲ့ ရွှေမန်းမြေမှာ လက်ခတ်သံများ ညံခဲ့တာကိုပဲ အောက်မေ့မိပါတော့တယ်။ 

ဓာတ်ပုံများ၊ပြန်ကြားရေးဝန်ကြီးဌာန − MOI

Related Articles

Back to top button