ဆောင်းပါးမန္တလေး

မဲထောင်ချောက်ထဲက ရှင်သန်ရေး

Reddy Simon/MFP – ဒီဇင်ဘာ ၁၂ 

ဈေးချိုတော်မှာ ပြန့်ကျဲသွားခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့ချင်းပဲသိမ်းဆည်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ ဈေးသည်တွေကို လက် နက် ကြီးငယ် လွယ်ပြီး ကြိမ်းမောင်းနေတဲ့ စစ်သားတွေဟာရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ချမ်းအေးသာစံ မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ဒီဆန္ဒပြပွဲအတွက် မခံမရပ်ဖြစ်နေခဲ့ပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ လက်ရှိအချိန်မှာ စစ်အုပ်စု မကြားချင်ဆုံး လှုံ့ဆော်မှုပါ။ ဒါကြောင့် ဒီဇင်ဘာ ၃ ရက်နေ့က ဆန္ဒပြပွဲ ကို စတင်ခဲ့တဲ့ မန္တလေးမြို့က ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြလှုပ်ရှားသူ ၁၀ ဦးကို အမှုဖွင့်ခဲ့သလို တိုင်းရဲတပ်ဖွဲ့ကအပူတပြင်း လိုက်ရှာခဲ့ကြပေမယ့် မမိခဲ့ပါဘူး။  ရွေးကောက်ပွဲကိုဆန့်ကျင် သပိတ်မှောက်ကြဖို့ သတင်းစကားကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်အဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်း အခြေအနေတွေမှာ အထက်မြန်မာပြည်ရဲ့ ဝင်ပေါက် မန္တလေးမြို့ဟာ တခြားမြို့တွေနဲ့ မတူတဲ့ စစ်တပ်ရဲ့ ဖိအားပေးမှု အများဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ (၁) တော်လှန်ရေးတပ်များနှင့် အနီးဆုံးမြို့(၂) တိုက်ပွဲများနှင့် အနီးဆုံးမြို့ (၃) စစ်ဘေးရှောင်ပြည်သူ အများဆုံးမြို့။ 

ဒီအခင်းအကျင်း သုံးခုနဲ့ မန္တလေးမြို့ဟာ စစ်အုပ်စုအတွက် သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသဖို့ “ပြခန်း” တစ်ခုသဖွယ်ပါပဲ။ ဒီ “ပြခန်း” မှာ ရွေးကောက်ပွဲဇာတ်ထုတ် ကပြချိန် လူမဝင် မစည်ကား ခဲ့ရင် အင်မတန် အရှက်ရဖွယ်ဖြစ်လာမှာကို စစ်အုပ်စုက တွက်ချက်ထားပြီး ဖြစ်ပါတယ်။

အရပ်သားအစိုးရရဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ် ၂၈ မြို့နယ်မှာ တစ်ရက်တည်း ကျင်းပခဲ့ရာမဲရုံပေါင်း ၅,၄၄၇ ခုရှိပြီး မဲပေးသူပေါင်း ၃ သန်း ၈ သိန်းနဲ့ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဒီစာရင်းရဲ့ တစ်ဝက်ကိုတောင် လိုက်မီဖို့ မဖြစ်နိုင်တာ ကိန်းဂဏန်းတွေက သက်သေပါပဲ။

မန္တလေးတိုင်းဒေသကြီးမှာ ရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် (၈) မြို့နယ်မှာပဲ ကျင်းပနိုင်မှာပါ။ မြို့ပေါ်ရပ်ကွက် ဖြစ်တဲ့ချမ်းအေးသာစံ၊ အောင်မြေသာစံ နှစ်ခုနဲ့ ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်တွေမှာ မဲရုံပေါင်း ၁,၂၄၂ ရုံပဲ ရှိပါမယ်။

ဒီ (၈) မြို့နယ်အတွင်း စုစုပေါင်း မဲပေးနိုင်သူ အသက် ၁၈ နှစ်အထက် လူဦးရေပေါင်း ၁ သန်းနဲ့ ၂ သိန်းကျော် (1,283,191) ရှိမယ်လို့ ၂၀၂၄ ခုနှစ်က ကောက်ယူထားတဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအရ ဆိုနိုင်ပါတယ်။

လာမည့် ရွေးကောက်ပွဲ အပိုင်း (၁) မှာ မန္တလေးတိုင်းအတွင်း မြို့နယ် (၈) ခုက လူပေါင်း ၁ သန်း ခန့် ရာနှုန်းပြည့် မဲလာပေးခဲ့ရင်တောင် မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးမှာ ရွေးကောက်ပွဲရဲ့ ၂၆ ရာခိုင်နှုန်းသာ အောင်မြင်တယ်လို့ ဆိုလိုပါတယ်။ ဒီရလဒ်တောင်မှ စစ်အုပ်စုအတွက် မျှော်လင့်နိုင်စရာ မရှိပါဘူး။ မည်သို့ပင်ဖြစ်စေ စစ်အုပ်စုက ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ ကြောင်း မလှိမ့်တပတ်နဲ့ ကြေညာမောင်းခတ်ဖို့ အသင့်ပါပဲ။

ရွေးကောက်ပွဲ အပိုင်း (၂) မှာလည်း မဲရုံပေါင်း ၁,၀၇၃ ရုံ သာ ရှိပါတယ်။ အပိုင်း (၃) ကို တိကျစွာ မသိရသေးပါဘူး။ရွေးကောက်ပွဲကို အခုလို အပိုင်း (၃) ပိုင်း ခွဲခြင်းအားဖြင့်၊ ရလဒ်တွေကို ပြန်ပေါင်းခြင်းအားဖြင့်၊ အတည်တကျ မရှိတဲ့ မြို့နေစစ်ရှောင်တွေကို ဖိအားပေးခြင်းအားဖြင့် ရှုပ်ထွေးတဲ့  စီအမံ ဖြစ်ဖို့၊ အောင်မြင် စည်ကားသယောင် ရလဒ်ဖြစ်ဖို့ စစ်ကောင်စီက ရည်ရွယ်ထားတာ ထင်ရှားပါတယ်။

အထက်မှာ ဆိုခဲ့သလို မန္တလေးမြို့ဟာ စစ်အုပ်စုရဲ့ တည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသဖို့ “ပြခန်း” တစ်ခုသဖွယ်ပါပဲ။အထူးသဖြင့် နိုင်ငံတကာနဲ့ သံတမန်ခင်းရေးရာမှာ မန္တလေးမြို့ရဲ့ အရေးပါမှုက တခြားမြို့ကြီးတွေနဲ့ မတူညီပါဘူး။ စီးပွားရေး၊ကုန်သွယ်မှုနဲ့ အထက်မြန်မာနိုင်ငံ နယ်စပ်ထွက်ပေါက်၊ ကြီးမားတဲ့ ကုန်လှောင်ရုံတွေနဲ့ ဧရာဝတီမြစ်ကြောင်း ကုန်သွယ်မှုတွေဟာ မန္တလေးရဲ့ ထူးခြားတဲ့ အားသာချက်ပါ။

ဒါကြောင့် မန္တလေးမြို့ရဲ့ ရွေးကောက်ပွဲပြဇာတ်မှာ လူဝင်ဖို့ စစ်အုပ်စုက အားထုတ်နေသလို၊ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့တော်လှန်ရေး စိုးမိုးနယ်မြေက ပြည်သူတွေကို ပစ်မှတ်ထား နှိပ်ကွပ်နေတာ ယခု ဒီဇင်ဘာလ နှစ်ပတ်အတွင်း ဒေသတွင်းသတင်းတွေကတစ်ဆင့် မြင်နိုင်ပါတယ်။

မြန်မာပြည်အထက်ပိုင်းက ပြင်းထန်တဲ့ တိုက်ပွဲကြောင့် မန္တလေးမြို့ဟာ စစ်ဘေးရှောင် အများဆုံး လက်ခံထားရတဲ့ မြို့ ဖြစ်လာပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာပဲ စစ်ဘေးရှောင် ၂၅၀,၀၀၀ ကနေ ၄၀၀,၀၀၀ (နှစ်သိန်းခွဲက–လေးသိန်း) ဝန်းကျင် ခိုလှုံနေကြတယ်လို့အရပ်ဖက်အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်က ရာနဲ့ချီတဲ့ လူပေါင်းများစွာ မန္တလေးမြို့ကိုပြောင်းလာကြသလို ယခုအပတ်အတွင်းမှာပဲ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေက စစ်ဘေးရှောင်များစွာ ရှိလာခဲ့ ပါတယ်။

ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ်တွေက စစ်ရှောင် အများဆုံး မြို့နယ်တွေပါ။ အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေးက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်မှုထမ်းဥပဒေကတော့ အပူပန်ရဆုံး ခြိမ်းခြောက်မှုပါပဲ။

စစ်ရှောင်ရင်း မြို့ပေါ်ရောက်လာရင် စစ်အုပ်စုဆီက ဘာအကူအညီမှ မရနိုင်ပါဘူး။ ဒါပေမယ့် ဧည့်စာရင်းတိုင်ဖို့ လိုအပ်သလိုမြို့နယ် အုပ်ချုပ်ရေးမှူးတွေက ရွေးကောက်ပွဲ မဲပေးဖို့ တိုက်တွန်းတယ်လို့ စစ်ရှောင်တစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည် စတဲ့ မြို့နယ်တွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ်ရွေးကောက်ပွဲမှာ အတင်းအဓမ္မ မဲပေးခိုင်းစေမှုတွေ ရှိတယ်လို့ မြို့နေပြည်သူတွေက MFP ကို ထုတ်ပြောလာပါတယ်။

သူတို့ရဲ့ ခိုလှုံခွင့် ဒါမှမဟုတ် အကူအညီရဖို့အတွက် မဲပေးရမယ်လို့ အာဏာပိုင်တွေက ဖိအားပေးတာတွေကို ကြုံနေရပါတယ်။ပြောင်းရွေ့လာသူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို မူဝါဒတစ်ခုနဲ့ တိကျစွာ ဖြေရှင်းမယ့်အစား ဆန္ဒမဲ ပေးစေဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ စစ်အစိုးရက အရင်ခေတ်က ဥပဒေဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကိုအသုံးချပြီး ခြိမ်းခြောက်လာတာပါပဲ။ ညအိပ်ဧည့်သည် စာရင်းပေးရတဲ့ ဒီဥပဒေကို သုံးပြီး အာဏာပိုင်တွေနဲ့ ပြည်သူ့စစ်တွေက စစ်ရှောင်တွေ မဲမပေးရင် ခိုလှုံခွင့် ရုပ်သိမ်းခံရမယ်၊ အပြင်ပြန်ထွက်ရမယ် ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ MFP ကို ပြောပါတယ်။

မန္တလေးမြို့ရဲ့ မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာကလည်းမန္တလေးမြို့တွင်း အခြေအနေကို ပိုပြီး ဖိအားများစေပါတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေကြောင့် ထောင်သောင်းချီတဲ့ ဒေသခံတွေဟာ သူတို့ရဲ့ အိမ်တွေကို စွန့်ပြီး မန္တလေးမြို့ပေါ်ကို ရောက်လာကြရပါတယ်။

ယခု ဒီဇင်ဘာလအတွင်းမှာပဲ မန္တလေးတိုင်းထဲက တကောင်းမြို့နယ် တစ်ခုကလွဲပြီး တခြားမြို့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆုတ်ခွာပေးနေရပါတယ်။

ဒီစစ်ဆင်ရေးတွေရဲ့ အချိန်ကိုကြည့်ရင် ရွေးကောက်ပွဲ မတိုင်ခင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လုံခြုံအောင် ပြန်သိမ်းဖို့ ကြိုးစားနေတယ်ဆိုတာအပြင် ပဋိပက္ခကြောင့် စစ်ဘေးရှောင်တွေ တိုးလာတာဟာ မြို့ထဲရောက်လာတဲ့ IDP တွေ ကို ဖိအားပေးဖို့အတွက် စစ်အုပ်စုရဲ့ အခွင့်အရေးတစ်ခုလို ဖြစ်နေပြန်ပါတယ်။

ဒီလို ဖိနှိပ်မှုတွေ ရှိနေပေမယ့် မန္တလေးမြို့ထဲမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုံးဝ ပျောက်ကွယ်မသွားနိုင်တာဒေါက်တာတေဇာဆန်းတို့ရဲ့ ဆန္ဒပြပွဲက သက်သေခံပါ။ အန္တရာယ်များလွန်းတဲ့ ဒီဆန္ဒပြပွဲဟာ ဖိနှိပ်ခံ မန္တလေးမြို့ကို အခြေတည်ပြီး တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တာ ဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုနန်းလင်းက MFP နဲ့ အင်တာဗျူးမှာ ဖြေကြားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ ဝေဖန်ဆန့်ကျင်မှုတွေနဲ့ ကြုံနေရသလို ပြည်သူတွေရဲ့သပိတ်မှောက်မှုကို အပြင်းအထန် ခံနေရပါတယ်။ စစ်အုပ်စုက ဒီရွေးကောက်ပွဲကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဖြစ်အတင်း ခေါင်းစဉ်တပ်နေပေမယ့်လည်း ခြိမ်းခြောက်မှု၊ အသက်ရှင်သန်မှုတွေနဲ့ အလဲအလှယ်အဖြစ် ပေးရတဲ့ မဲတွေဖြစ်ကြောင်း ဒီဆောင်းပါးကတစ်ဆင့် သုံးသပ်လိုက်ရပါတယ်။

Related Articles

Back to top button