စစ်အုပ်စုရွေးကောက်ပွဲ၊ ထိုင်းရောက်မြန်မာတွေအပေါ်ရိုက်ခတ်မှု၊
မိုးဝေမိုး၊MFP – ဒီဇင်ဘာ ၁၈
ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့က လူတန်းရှည်ကြီးထဲ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရင်း လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က အခုလိုအချိန်ကို မစိုး (အမည်လွှဲ) ပြန်သတိရနေပါတယ်။အဲ့ဒီတုန်းကတော့ ရွေးကောက်ပွဲ အတွက် မဲပေးဖို့ ဒီနေရာမှာ တန်းစီစောင့်ဆိုင်းခဲ့ဖူးပါတယ်။
“အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကိုယ်တာဝန်ကျေသလို ခံစားရတယ်။ဂုဏ်ယူစရာလည်း ကောင်းတယ်ထင် တယ်။ အဲ့ချိန်တုန်းက မဲပေးပြီးပြီဆိုပြီး လက်သန်းကိုလေ မှင်အိုးနှစ်တယ်မလား လက်သန်းလေ၊ အဲ့မှင်ကိုတောင် သူများတွေ လိုင်းပေါ်တင်သလို တင်သေးတယ်” ဒါက အသက်လေးဆယ်ဝန်း ကျင်ရှိပြီတဲ့ မစိုးအတွက် တစ်ခုတည်းသော ရွေးကောက်ပွဲအတွေ့အကြုံလည်း ဖြစ်ပါတယ်။
နောက်ထပ် ငါးနှစ်လောက်အကြာ မြန်မာမှာ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလို ၂၀၂၅ နိုဝင်ဘာလ ရောက်တော့ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့က လူတန်းရှည်ကြီးထဲ မစိုးတစ်ယောက် ပြန်ရောက် နေခဲ့ပါတယ်။
ဒီတစ်ခါတော့ သူအပါအဝင် စီတန်းနေတဲ့ လူတန်းရှည်ကြီးဟာလည်း ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ကြဖို့ မဟုတ်ပါဘူး။ ပတ်စ်ပို့ သက်တမ်းတိုးကြဖို့ဖြစ်ပါတယ်
“ဒီနှစ်တော့မဲမပေးတော့ပါဘူး ကိုယ်ကြိုက်တဲ့ပါတီလည်းမပါဘူး။ပြီးတော့ ဘယ်သူတွေပါမှန်းလည်း မသိဘူး” လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဇာတိဖြစ်တဲ့ အသက် လေးဆယ်ဝန်းကျင်အရွယ် မစိုး က ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက လာရောက်နေထိုင် အလုပ်လုပ်နေခဲ့သူပါ။
၂၀၂၁ကတည်းက ငါးနှစ်ကြာ အာဏာသိမ်းယူထားတဲ့ မြန်မာစစ်အုပ်စုက ဒီဇင်ဘာလအတွင်း ရွေး ကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပေမဲ့ ထိုင်းရောက်မြန်မာအများစုကတော့ မစိုး လိုပဲ အဲ့ဒီရွေးကောက်ပွဲ အတွက် မဲပေးမှာမဟုတ်သလို စိတ်ဝင်စားမှုမရှိဘူးလို့ ထုတ်ပြောလာကြပါတယ်။
ဒီဇင်ဘာလပထမပတ်အတွင်း ပြီးစီးခဲ့တဲ့ ထိုင်းနိုင်ငံရောက်မြန်မာတွေရဲ့ ကြိုတင်မဲပေးမှု အခြေအနေ ကလည်း “စိတ်ဝင်စားမှုမရှိဘူး”ဆိုတဲ့ စကားသံတွေနဲ့ ထပ်တူကျခဲ့ပါတယ်။
ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ဒီဇင်ဘာ ၆ရက်နဲ့ ၇ရက်၊ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးမှာ ဒီဇင်ဘာ ၁ရက်ကနေ ၄ရက်အထိ ကြိုတင်မဲပေးနိုင်ဖို့ မြန်မာအာဏာသိမ်းစစ်အုပ်စုက ပြင်ဆင်ခဲ့ပါတယ်။ ဘန်ကောက်နဲ့ ချင်းမိုင်မှာ ကြိုတင်မဲပေးခဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ အာဏာသိမ်းစစ်အုပ်စုလက် အောက်ခံ မြန်မာနိုင်ငံခြားရေးဌာနနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ဘက်က ဒီဇင်ဘာ လလယ်အထိ မထုတ်ပြန်သေးပါဘူး။
ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေမှာ နေထိုင်ကြတဲ့ မျက်မြင်မြန်မာနိုင်ငံသားတချို့နဲ့ ပြည်ပရောက်မြန်မာ သတင်းဌာနတွေကတော့ အဲ့ဒီနှစ်မြို့လုံးမှာ ကြိုတင်မဲပေးခဲ့သူ အလွန်နည်းပါးတယ်လို့ ဆိုပါတယ်။
အဲ့ဒီ မဲရုံဖွင့်တာတောင် မသိလိုက်ဘူး၊ဘာလို့လည်းဆိုတော့ ကျွန်မတို့ကဒီ ဒီစစ်ကောင်စီက လုပ်တဲ့ ရွေးကောက်ပွဲကို စိတ်လည်းမဝင်စားဘူး”လို့ ချင်းမိုင်မြို့မှာ ဆယ်စုနှစ်တစ်ခုကြာ အခြေချ နေထိုင်နေတဲ့ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲတုန်းက တော့ ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာပဲ ကြိုတင်မဲလာပေး သူတွေများ ပြားတာကြောင့်ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာပါ အရေးပေါ် ယာယီ တဲထိုး စီစဉ်ခဲ့ရတဲ့ ချင်းမိုင် ကောင်စစ်ဝန်ရုံးမှာ အခုတကြိမ်ကြိုတင်မဲပေးကာလဟာ တိတ်ဆိတ်ရှင်းလင်း နေခဲ့ တယ်လို့ ချင်းမိုင်ရောက်မြန်မာအသိုင်းအဝိုင်းကပြောပါတယ်။
“အပြင်မှာလည်း လူတယောက်မှမရှိ၊ ခြံဝန်းထဲမှာကျတော့ သူတို့လုံခြုံရေးနဲ့ သံရုံးအရာရှိ တွေပဲရှိ တယ်”
၂၀၂၀အထွေထွေရွေးကောက်ပွဲကာလ ချင်းမိုင်မြို့မှာ ကြိုတင်မဲပေးခဲ့သူ တစ်ထောင်ကျော်ရှိခဲ့တယ်လို့ မြန်မာကောင်စစ်ဝန်ရုံးရဲ့ အဲ့ဒီကာလ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘန်ကောက်မြို့က မြန်မာသံရုံးမှာလည်း ကြိုတင်မဲပေးဖို့ စီစဉ်ထားတဲ့ နှစ်ရက်လုံး လူသူရှင်း လင်းနေ ခဲ့တယ်လို့ ဒီဇင်ဘာ ၆ရက်နေ့လယ်ပိုင်းမှာ သံရုံးရှေ့ကို ရောက်ခဲ့တဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။
AFP သတင်းဌာနကတော့ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မဲရုံးဖွင့်အပြီး ပထမနှစ်နာရီအတွင်း ကြိုတင်မဲပေးခဲ့သူ၂၅ဦးခန့်သာရှိတယ်လို့ ဖော်ပြပါတယ်။ဒါ့အပြင် မဲလာပေးခဲ့သူအများအပြားက မှတ် ချက်ပေးဖို့ ငြင်းဆန်ကြတယ်လို့လည်း ဆိုပါတယ်။
“အားလုံးပြောသလို ထွက်ပေါက်မဟုတ်ဘူး၊ထောက်ချောက်လို့ထင်လို့လေ(မဲ) မပေးတာ”လို့ အသက် နှစ်ဆယ်ကျော်အရွယ် မြန်မာလူငယ်တစ်ဦးဖြစ်တဲ့ ကိုသက် (အမည်လွှဲ)ကပြောပါတယ်။သူက ၂၀၂၁ ခုနှစ်နောက်ပိုင်း မှ ထိုင်းနိုင်ငံကိုရောက်လာပြီး ကော့စမွေကျွန်းမှာ အလုပ်လုပ်နေသူပါ။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေလို တစ်ပြိုင်တည်းမဟုတ်ဘဲ အပိုင်းသုံးပိုင်း အထိ ခွဲပြီး ကျင်းပမှာဖြစ်တာကြောင့် ဘန်ကောက်နဲ့ချင်းမိုင်အပါအဝင် နိုင်ငံတကာက မြန်မာသံရုံး တွေမှာ နောက်ထပ်ကြိုတင်မဲပေးဖို့ စီစဉ်မှုတွေထပ်ရှိလာဦးမှာပါ။
“အစ်မတို့အချက်အလက်လည်း သူတို့ဆီ ရှိနေတော့ တခုခုပေါ့ ခြိမ်းခြောက်ရင် အစ်မတို့တော့ ပေးရမှာ ပေါ့ ။ဥပမာပြောရရင် passport for Thailand only ဖျက်ပေးမယ့် PJ မှာဆိုရင် ‘မဲ’ သွားပေးရမှာပေါ့၊ မဟုတ်ရင် တခြားနိုင်ငံထွက်မရဖြစ်မှာလေ” လို့ မစိုးကသူ့အမြင်ပြောပါတယ်။
ခေတ်အဆက်ဆက် တရားဝင်ရော တရားမဝင် နည်းမျိုးစုံနဲ့ပါ ပြည်ပနိုင်ငံ တွေမှာ နေထိုင်လုပ်ကိုင်နေ ကြတဲ့ မြန်မာနိုင်ငံသား သန်းချီရှိပေမဲ့ မြန်မာအစိုးရအဆက်ဆက်က အဲ့ဒီနိုင်ငံသားတွေမဲပေးခွင့်ရဖို့ ဂရုတစိုက်လုပ်ဆောင်ပေးနိုင်ခဲ့တာမရှိပါဘူး။
တရားဝင် မှတ်တမ်း အချက်အလက်တွေအရ ၂၀၁၅တုန်းက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ခြောက် ရာကျော် ကပဲ ကြိုတင်မဲပေးခွင့်ရခဲ့ပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်းကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာတော့ တစ်သောင်းခွဲဝန်းကျင်လောက် ကြိုတင်မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရသိရပါတယ်။
တရားဝင်အချက်အလက်တွေအရ မဲပေးပိုင်ခွင့်ရှိတဲ့ အချက်အလက်တွေနဲ့ ချိန်ဆမယ်ဆိုရင် မဲပေးခွင့်ရှိသူတွေရဲ့ တစ် ရာခိုင်နှုန်းလောက်ပဲမဲပေးခဲ့ရတဲ့ သဘောပါ။အဲ့ဒီကာလတွေတုန်းက မြန်မာ့ နိုင်ငံရေး အရွေ့တွေအရ ပြည်ပရောက်မြန်မာတွေဟာ ဆန္ဒမဲပေးဖို့စိတ်ဆန္ဒပြင်းပြကြသူတွေပါ။
လက်ရှိအာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာတော့ ထိုင်းနိုင်ငံထဲရွှေ့ပြောင်းအခြေချ နေသူအရေအတွက် လေး၊ငါးဆအထိတိုးလာသလို သူတို့ဟာစစ်အာဏာသိမ်းမှုရဲ့အကျိုးဆက်ကို တစ်နည်းမဟုတ် တစ်နည်း ခံစားနေကြရသူတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အများစုက ရရာနည်းလမ်းနဲ့ နယ်ခြားဖြတ်ကျော်ခဲ့ကြရတာဖြစ်လို့ တရားဝင်စာရင်းဇယားတွေ အရ ကိန်းဂဏန်းကွာဟချက်တွေကလည်း အရင်ကထက် အဆပေါင်းများစွာ တိုးလာနိုင်ပါတယ်။ စစ် ကော်မရှင်ရဲ့ အမည်ခံဟန်ပြ ရွေးကောက်ပွဲ ရွှေ့ကွက်တွေထဲ ဒီကိန်းဂဏန်းတွေက အသုံးချခံ ဖြစ်လာ နိုင်တယ်လို့ ထောက်ပြကြသူတွေရှိနေပါတယ်။
“ထိုင်းရောက်မြန်မာတွေရဲ့အချက်အလက်တွေကိုသုံးပြီးမဲမသမာမှုတွေကတော့လုပ်မှာပဲစစ်ကောင်စီ လက်ထက်မှာတော့ အားလုံးလိမ်တာပဲတွေ့နေရတယ်” လို့ WAG အဖွဲ့က ကိုမုန်တိုင်းက သူ့အမြင်ကို ပြောပါတယ်။
WAG ဟာ ၂၀၂၃ ခုနှစ်မှာစတင်ပြီး ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ ဥပဒေရေးရာ အခက်အခဲတွေကို အဓိကထား ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ် ပါတယ်။
မြန်မာ့ရွေးကောက်ပွဲအလွန်အခင်းအကျင်းကို ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ပညာရှင် တွေရဲ့ လှမ်းမျှော်သုံးသပ်ချက်တွေလည်းရှိနေပါပြီ။ ချင်းမိုင်တက္ကသိုလ် နယ်စပ်လုံခြုံရေးဆိုင်ရာ စာတမ်း တစ်ရပ်မှာတော့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံအတွက် ဘေးအန္တရာယ်ပိုတိုး လာစေတာမျိုးတောင်ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲအခင်းအကျင်းဖြစ်လာဖို့မရှိတာ ၊စစ်တပ်ကပဲ အာဏာကိုဆက်လက်ချုပ်ကိုင်ထားမဲ့အလားအလာတွေရှိနေတာတွေကြောင့် ပဋိပက္ခရဲ့ မူလအရင်းအမြစ်နဲ့ ထိုင်းနိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်မှုတွေဆက်ရှိနေမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လကThe Nation မှာဖော်ပြတဲ့ အဲ့ဒီစာတမ်းကသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ချိန်ကစလို့ စစ်ပွဲတွေ၊ကျားဖြန့်အွန်လိုင်းလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုစတဲ့ နယ်စပ်ဖြတ်ကျော်ပြဿနာတွေ၊ဒေသတွင်းကျန်းမာရေးနဲ့ လူမှုစီးပွားပြဿနာအများ အပြားတိုးပွားလာမှုကို ထိုင်းနိုင်ငံကလည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။
မူလပြဿနာအရင်းအမြစ်ကို အဖြေရှာဖို့ဦးတည်တာမဟုတ်တဲ့ မြန်မာရွေးကောက်ပွဲကြောင့် ပြည် တွင်း တင်းမာမှုတွေပိုမြင့်တက်လာနိုင်ပြီး ထိုင်းနိုင်ငံအပေါ် ပြဿနာတွေထပ်တိုး ရိုက်ခတ်လာနိုင် တာကို စိုးရိမ်ရတယ်လို့ ချင်းမိုင်တက္ကသိုလ် နယ်စပ်လုံခြုံရေးဆိုင်ရာ စာတမ်းကထောက်ပြပါတယ်။
ဒါကြောင့် မြန်မာရွေးကောက်ပွဲကျင်းပပြီးချိန်အထိ သူတို့နိုင်ငံအပေါ် ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကိုလျှော့နိုင်ခြင်းမရှိရင် ထိုင်းရောက်မြန်မာတွေအပေါ် ထိုင်းအစိုးရက ပိုတင်းကျပ် အရေးယူမှု၊စည်းမျဉ်း တွေချမှတ်လာမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သဘောတူညီမှုယူပြီး ရွှေ့ပြောင်းလုပ်သားဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေလုပ်လာမှာကို ထိုင်းရောက်မြန်မာတွေက စိုးရိမ်မှုရှိကြပါတယ်။
လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေဟာလည်း မတည်ငြိမ်မှုတွေရှိနေပြီး နိုင်ငံတောင်ပိုင်းဒေသကို အထိ နာစေခဲ့တဲ့ ရေကြီးမှု၊ကမ္ဘောဒီးယားနဲ့ စစ်ပွဲ လာမယ့် လအနည်းငယ်အတွင်းကျင်းပတော့မဲ့ ထိုင်းလွှတ် တော် ရွေးကောက်ပွဲတွေကြောင့် ရှုပ်ထွေးနေချိန်ဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး မြန်မာစစ်အုပ်စုက ထိုင်းအစိုးရနဲ့ပူးပေါင်းပြီး နောက်ထပ်တင်းကျပ်မှုတွေ လုပ်လာမယ် ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေအဖို့ အခက်တိုးလာတာမျိုးလည်းဖြစ်နိုင်တယ်လို့ အမည် မဖော်လိုတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
“တရားမဝင် အလုပ်သမားဘဝရောက်ရှိမယ်ဆိုရင် ခေါင်းပုံဖြတ်ခံရနိုင်ခြေ ပိုများလာမှာ” လို့ အဲ့ဒီ အမျိုးသားကသုံးသပ်ပါတယ်။
စစ်အုပ်စုအလိုကျ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ဆန့်ကျင်နေသူတွေကို တရားဝင်အလုပ်အကိုင်စာရွက် စာတမ်းတွေ သက်တမ်းမတိုးပေးတော့တာ၊နေရပ်ပြန်စေတာမျိုးတွေဆောင်ရွက်လာရင် မြန်မာရွှေ့ ပြောင်းတွေပိုပြီး အခက်ကြုံရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
“တရားမဝင်လာလည်းထိုင်းတွေကလည်း တရားဝင်ဖြစ်အောင် လုပ်ပေးတာသိတယ်။ ဒါပေမယ့်သူတို့ လည်း အစ်မတို့ဆီက လုပ်အားရတယ်လေ ။အစ်မတို့ ဖက်ကိုလည်းငဲ့စေချင်တယ်” လို့ မစိုးက ပြောပါတယ်။
အကယ်၍ ထိုင်းနိုင်ငံ အစိုးရက မြန်မာစစ်အုပ်ရဲ့ ညှိနှိုင်းတောင်းဆိုမှုတွေကို လိုက်လျောပြီး ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံအပေါ်မှာလည်း သက်ရောက်မှုတွေပေါ်ပေါက်လာနိုင် တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီပေးနေတဲ့အမျိုးသားကပြောပါတယ်။
“ဖိအားပေးမှုတွေကြောင့် လုပ်သားတွေတရားမဝင် ဖြစ်သွားတာ ဒါမှမဟုတ် နေရပ်ပြန်ပို့ခံရတာမျိုးတွေ စစ်တပ်က ကြိုးပမ်းတာတွေဖြစ်ပေါ်လာခဲ့ရင် ထိုင်းနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်တွေအတွက် လုပ်သား ရှားပါး မှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်”
တဖက်မှာတော့စစ်အုပ်စုရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေက အခုရွေးကောက် ပွဲဟာ နိုင်ငံ တစ်ခုလုံးအတွက် အလှည့်အပြောင်းတွေပြန်ဖြစ်လာဖို့ လမ်းစ လို့ကြွေးကြော်မက်လုံးပေး နေကြပါတယ်။
ဒါပေမဲ့ WAG အဖွဲ့က ကိုမုန်တိုင်းကတော့ အဲ့ဒီလို မယူဆပါဘူး။
“စစ်တပ်က ရွေးကောက်ပွဲလုပ်လည်း စစ်ကတော့ဖြစ်နေမှာပဲ၊အဲ့တော့ထိုင်းရောက်မြန်မာတွေအနေနဲ့ မျှော်လင့်လို့ မရနိုင်ဘူး။ အခွင့်အရေးတစုံတရာ ပေါ်မလားဆိုတာ၊ကျွန်တော်တို့ ကိုယ်တိုင်လည်း မျှော် လင့်ချက်မရှိဘူး” လို့ သူက ပြောပါတယ်။
တစ်ချိန်တုန်းက ထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာသူတွေအဆင်ပြေကြတဲ့ မြင်ကွင်းကြောင့် အာဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံကိုထွက်လာခဲ့တဲ့ မစိုးကတော့ လက်ရှိသူ့ အခြေအနေကို ညည်းညူနေပါတယ်။
“အိမ်လေးတလုံးလောက်ဆောက်ပြီး ဈေးဆိုင်လေး ဖွင့်ချင်တာ ညမလေးရေ သူများတွေလို အေးဆေး လေး နေချင်တာ ။မရဘူးလေ ပိုက်ဆံတောင် စုချိန်မရဘူး။ သူများနိုင်ငံမှာ ထမင်းစားကျွန်ခံလိုဖြစ်နေ တာ ဘဝလည်း မတိုးတက်ပါဘူး။ ဒုံရင်းက ဒုံရင်းပဲ” လို့သူကဖွင့်ဟပါတယ်။
ထိုင်းနိုင်ငံမှာ အဆင်မပြေတာကြောင့် ဇာတိကိုပြန်မယ်ဆိုရင်လည်း လက်ရှိမြန်မာနိုင်ငံထဲက အခြေ အနေတွေကြောင့် အချိန်မရွေးကြုံလာရနိုင်တဲ့ အသက်အန္တရာယ်နဲ့ တခြားသော လုံခြုံရေး စိုးရိမ်ရမှုတွေ ကစောင့်ကြိုနေပြန်ပါတယ်။
“ပြန်လို့မရဘူးလေတိုက်ပွဲတွေဖြစ်နေတာ။အစ်မတို့အမေတွေကိုတောင် အပြင်ပေးမသွားဘူး ။ သူများ လာတိုက်လို့၊စစ်တပ်က၊ အဲ့ဒါကြောင့် ဘယ်မှမသွားရဘူး” လို့ ပြည်တွင်းက သူ့မိသား စုအခြေအနေကို မစိုးကပြောပြပါတယ်။
မဖြစ်မနေ သေရေး ရှင်ရေး အခြေအနေတွေနဲ့ ပြည်တွင်းကစားဝတ်နေရေးခက်ခဲမှုတွေကြောင့် မျှော်လင့် ချက်တစ်ပွေ့တပိုက်နဲ့ ထိုင်းနိုင်ငံထဲရောက်ရှိ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားအများစုဟာ မစိုးလိုပဲ ဘက်ပေါင်းစုံမရေရာမှုတွေကို ရင်ဆိုင်နေကြရတာပါ။
ပြည်ပရောက်မြန်မာအများစုဟာ မွေးရပ်မြေက မိသားစုအရိပ်ဆီ ပြန်ခိုလှုံချင်ကြသူတွေပါ။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေ၊စစ်ပွဲတွေ၊စစ်ဗိုလ်ချုပ်တွေရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေ ကိုကာကွယ်ပေးဖို့ လူငယ်တွေကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းနေတဲ့ အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံကိုတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ လက်ရှိ စစ်ရေးနှင့် စီးပွားရေး ပဋိပက္ခတွေကြောင့်သာ ပြည်ပကို ထွက်ခွာလာ ခဲ့ရပြီး နိုင်ငံရေးနဲ့ စီးပွားရေးအခွင့်အလမ်းတွေကောင်းမွန်တည်ငြိမ်လာခဲ့ရင် ဇာတိမြေကိုသာ ပြန်ချင်တဲ့ အကြောင်း မစိုးကအခုလိုဖွင့်ဟပါတယ်။
“အကုန်အဆင်ပြေတဲ့အချိန်ဆိုတာ နိုင်ငံရေးကောင်းသွားပြီး ကိုယ့်တော်လှန်ရေးလည်း ပြီးတဲ့အချိန်ပေါ့ ။အိမ်ပြန်ချင်တယ် မြန်မြန်ပြီးပါစေဆုတောင်းတယ်”



