ဆောင်းပါး

ငလျင်ကဖျက်၊စနစ်ကသတ်နေသည့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ

ဂျီဂျီ/MFP – ဒီဇင်ဘာ ၂၀

ငလျင်ဗဟိုချက်ပေါ်က မြန်မာ့အမွေအနှစ်တွေ ပုံစံပျက်ယွင်းသွားတာ၊ ဘုန်းဘုန်းလဲ ပြိုကျတာ၊ မွမွကြေ ပျက်စီးတာ၊ ဖျက်ဆီးခံလိုက်ရတာတွေ အားလုံးဟာ တန်ဖိုးသိသူ ပညာရှင်တွေရဲ့ နှလုံးသားကို အင်အားပြင်းပြင်းနဲ့ ထိုးနှက်လိုက်သလို ခံစားရစေခဲ့ပါတယ်။

နှစ် (၁၀၀) ဝန်းကျင်မှာ လှုပ်ခတ်လေ့ရှိတဲ့ မန္တလေးငလျင်ကြီးက ချေမှုန်းလိုက် တဲ့ အဆောက် အအုံတွေထဲမှာ လူနေအိမ်တွေသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ၊ ကမ္ဘာ့အမွေအနှစ် ပဏာမစာရင်းဝင် မြို့တော်ဟောင်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ၊ သမိုင်းကြောင်း၊ ဗိသုကာနဲ့ အနုလက်ရာ တန်ဖိုးကြီးမားလှတဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ၊စေတီပုထိုးတွေလည်း ပါဝင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒုတိယအများဆုံးနဲ့ တတိယအများဆုံးရှိတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဟာငလျင်ဗဟိုချက်ရဲ့ အဓိကနေရာဖြစ်နေတာက မရှောင်လွှဲနိုင်တဲ့ အကြောင်းတရားဖြစ်နေခဲ့ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ကျိုက်လတ်ချောင်စေတီ၊ ဓာတ်ပုံ−ဖေ့ဘုတ်

မန္တလေးတိုင်းတခုလုံးအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေ (၁၀) ခုရှိတဲ့ အထဲက (၈) ခု၊ ှေးဟောင်းအဆောက်အအုံပေါင်း (၂,၅၆၂) ခုရှိတဲ့အထဲက (၁,၅၂၈) ခု ထိခိုက်ပျက်စီးခဲ့တာကြောင့် ၆၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။  ဒါက ဒေသတစ်ခုအတွက် အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဆုံးရှုံးမှုဖြစ်ပါတယ်။ 

ဒီနယ်မြေ (၁၀)ခုအတွင်းမှာ အထိခိုက်အပျက်စီးမှု အများဆုံးက အင်းဝမြို့ဟောင်းဒေသဖြစ်ပြီး သူ့နယ်မြေထဲမှာတင် ရှေးဟောင်းအမွေအနှစ်လက်ရာလို့ သတ်မှတ်ထားတဲ့ ဘုရားစေတီ၊ဿာသနိက အဆောက်အအုံပေါင်း ၆၀၀ ကျော်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနဌာနက ထုတ်ပြန်ပါတယ်။  

ဒုတိယနဲ့တတိယက ပင်းယ (၂၈၀) နဲ့ ပလိပ်ဒေသ (၂၄၆) ရှေးဟောင်းလက်ရာတွေပျက်ဆီးခဲ့ပြီး ဒေသခံတွေအတွက်တော့ အင်မတန်ဆုံးရှုံးမှုကြီးပါတယ်။  အင်းဝနဲ့ ပင်းယ ဒေသတွေဟာ တချိန်ကစည်ကားကြွယ်ဝတဲ့ ရှေးဟောင်းမြို့တွေ ဖြစ်ခဲ့တဲ့အလျောက် သုတေသနပြု လေ့လာ စရာတွေ အများအပြား ရှိနေပါသေး တယ်။ ဥပမာ အားဖြင့် အင်းဝ−ပင်းယဒေသ၊တံတားဦးမြို့နယ်၊ သောတပန်ဘုရားအနီး ငလျင်ကြောင့် ပြိုလဲသွားတဲ့ တချို့စေတီငယ်များဟာ နှစ်ထပ်စေတီဖြစ်နေပြီး အောက်မှာ ရှေးစေတီများကို တွေ့ရှိခဲ့ကြပါတယ်။ 

ရှေးဟောင်းသုတေသနဌာနရဲ့ စာရင်းပြုစုချက်အရ အင်းဝနဲ့ ပင်းယ ဒေသအတွင်းမှာတင် ရှေးဟောင်းအဆောက်အဦး ၉၆၀ ရှိရာ ၆၇၀ကျော်ခန့် ပျက်စီးခဲ့ပြီး ၇၀ ရာခိုင်နှုန်းထိခိုက်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာဆိုရင်လည်း ယဉ်ကျေးမှုအမွေအနှစ်ဒေသ (၅) ခုရှိတဲ့အနက်ထိခိုက်ပျက်စီး မှုတွေရှိပေမယ့် စနစ်တကျကောက်ယူထားတဲ့ စာရင်းကိုတော့မတွေ့ရပါဘူး။  စစ်ကိုင်းမြို့ပေါ်မှာ စူဠာမဏိ ကောင်းမှုတော်ဘုရားကြီး၊ ရှင်ပင်နကိုင်းစေတီတော်၊ မဟိယင်္ဂဏ စေတီတော်နဲ့ စေတီလှ စေတီတော်အပါအဝင် တခြားသော သာသနိက အဆောက်အအုံတွေလည်း ငလျင်ဒဏ် ထိခိုက်ခဲ့ရပါတယ်။

“စေတီ….ပုထိုး….ဘုရား…မိုးပြာမြင့် သီခေါင်တွေ…..တောင်တွေ သိန်းသန်း….ချောင်တွေ စိမ်းစမ်း” ဆိုပြီး စစ်ကိုင်းတောင်သီချင်းမှာ စပ်ဆိုထားတဲ့အတိုင်း စေတီ၊ ပုထိုး၊ ဘုရား အများအပြားရှိတဲ့ စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းဦးပုညရှင် စေတီတော်အပါအဝင် သာသနိကအဆောက်အအုံတွေ အများကြီး ထိခိုက်ပျက်စီးခဲ့ရတာပါ။ စစ်ကိုင်းတောင်မှာရှိတဲ့ ချောင်အချို့က နံရံဆေး ရေးပန်းချီတွေရှိတဲ့ ဘုရားတွေလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

“ငလျင်လှုပ်ပြီး ရှင်းလင်းမှုတွေ မပြုလုပ်သေးခင်၊ ပြန်လည်တည်ဆောက်မှုတွေ မလုပ်သေးခင် ကာလအထိ ဒီတန်ဖိုးတွေဟာမပျောက်ပျက်သေးပါဘူး။ အဆောက်အအုံ ပျက်စီးနေတဲ့ အခြေအနေပဲ ရှိနေပါသေးတယ်။ ရှင်းချင်သလိုရှင်း၊ ဖြစ်သလိုပြုပြင်ပြီး ပြန်ဆောက်ချင်သလို ပြန်ဆောက်လိုက်ရင်တော့ ရှေးကရှိခဲ့တဲ့ တန်ဖိုးပေါင်းများစွာ ပျောက်ဆုံးသွားပါလိမ့်မယ်” လို့ဗိသုကာပညာရှင်ကြီး ဦးဆန်းဦးက လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အကြံပြုထားပါတယ်။ စစ်အုပ်စုလက်အောက်ခံတွေကတော့ ငလျင်ဒဏ်သင့် ဘုရား၊ စေတီတွေကို အသစ်တည်ဆောက်၊ အဟောင်းပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါပြီ။

စစ်ကိုင်းရဲ့မြောက်ဘက် မင်းကွန်းဒေသဆိုရင်လည်း ဘိုးတော်ဘုရား တည်ဆောက်ခဲ့တဲ့ ပုထိုးတော်ကြီး၊ ဘကြီးတော်ဘုရားကိုးကွယ်ခဲ့တဲ့ မြသိန်းတန်စေတီ၊ ဘိုးတော်ဘုရားရဲ့ သားတော် ရွှေတောင်မင်း ဦးပေါ် တည်ထားခဲ့တဲ့ စက်တော်ရာစေတီတွေလည်း ငလျင်ဘေးဒဏ် သင့်ခဲ့ရပါတယ်။

မြို့တော်ဟောင်းတွေဖြစ်တဲ့ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရနဲ့ မန္တလေးမြို့တွေဟာ မြန်မာ့ရှေးဟောင်း ဗိသုကာလက်ရာတွေအများဆုံးစုစည်းနေတာပါ။ ၁၄ ရာစုကနေ ၁၉ ရာစုအထိ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံမျိုးစုံမှာယဉ်ကျေးမှုဗိသုကာလက်ရာအစုံအလင်ကို တွေ့မြင်နိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။

အင်းဝမြို့ဟောင်းကို ပြန်ဆက်ရမယ်ဆိုရင် မင်းကြီးစွာစော်ကဲ တည်ထားခဲ့တဲ့ ရွှေစည်းခုံစေတီ၊ ဘကြီးတော် စစ်ကိုင်းမင်းတည်ဆောက်ခဲ့တဲ့ လေးထပ်ကျောင်းနဲ့ နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်းတွေဟာ ငလျင်ကြီးရဲ့ ဆွဲခါရမ်းမှုဒဏ်ကို တောင့်မခံနိုင်ခဲ့ကြပါဘူး။

ရှေးမြို့ဟောင်း အမရပူရဆိုရင်လည်း အမရပူရခေတ်လက်ရာတွေကို တွေ့မြင်နိုင်တဲ့ ဘကြီးတော်မင်းရဲ့ ကုသိုလ် မဟာဝိဇယရံသီ ပုထိုးတော်ကြီး၊ ပုဂံမင်း တည်ထားခဲ့တဲ့ မဟာသကျရံသီ ကျောက်တော်ကြီး တို့လည်း ငလျင်ဘေးဒဏ် ခံခဲ့ရပါတယ်။

ဒါ့အပြင် မန္တလေး ရွှေမြို့တော်မှာဆိုရင်လည်း ရတနာပုံနေပြည်တော်အဖြစ် စိုးစံခဲ့တဲ့ ကျုံး၊ နန်းမြို့ရိုး၊ ဗဟိုစင်၊ စွယ်တော်စင်တွေ ပြိုကျပျက်စီးခဲ့သလို ဘုရားနီ၊ ဗောင်းတော်ကျ၊ အရိပ်မထွက် စတဲ့ ဘုရားစေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်ဇရပ်၊ ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ 

“ရှေးမြန်မာတွေရဲ့ စေတနာ၊ သဒ္ဓါတရားနဲ့ မထိုက်တန်တဲ့ လူ့အဖွဲ့အစည်းရဲ့လက်ထဲမှာ သူတို့စေတနာ၊ သူတို့အနုပညာတွေရုပ်သိမ်းသွားခဲ့ကြလေပြီ” လို့ (Bagan in Our Heart) နှလုံးသားထဲက ပုဂံအဖွဲ့၊ တာဝန်ခံ ဦးမျိုးဆွေသန်းက သူ့ရဲ့ခံစားချက်ကို လူမှုကွန်ရက်စာမျက်နှာမှာ ရင်ဖွင့်ပါတယ်။

စစ်ကိုင်းတိုင်းရှိ သောတာပန်ဘုရား၊ ဓာတ်ပုံ−ဖေ့ဘုတ်

ငလျင်ကြောင့် ရှေးဟောင်းသမိုင်းဝင်နေရာ၊ ဒေသ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာဟာ ရှောင်လွှဲလို့မရတဲ့ သဘာဝဘေးဆိုတာကို အားလုံးက နားလည်လက်ခံထားကြပါတယ်။ ဒါပေမဲ့ ပျက်စီးထားတာတွေအပေါ်မှာ စီမံ၊ ခန့်ခွဲ၊ ထိန်းသိမ်းမှုညံ့ဖျင်းတာကြောင့် ထပ်ပြီးဆုံးရှုံး ရမယ့်အဖြစ်မျိုးကိုတော့ ပညာရှင်တွေအနေနဲ့ စိတ်ပူပန်ကာ ရတက်မအေး ဖြစ်နေကြရပါတယ်။ 

ဒါ့ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် စေတီ၊ ပုထိုး၊ အမွေအနှစ်အဆောက်အအုံတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်ကြတဲ့အခါ အထောက်အပံ့အနေနဲ့ ကူညီနိုင်စေဖို့ ရည်ရွယ်ပြီး ငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့အခြေအနေတွေကို (Bagan in Our Heart) နှလုံးသားထဲက ပုဂံအဖွဲ့ကနေ ဓာတ်ပုံမှတ်တမ်းတွေ ကိုယ်အစီအစဉ်နဲ့ကိုယ်ရိုက်ကူးခဲ့ကြပါတယ်။

ငလျင်လှုပ်ခတ်လိုက်တာကြောင့် ရှေးဟောင်းဘုရားစေတီ၊ အဆောက်အအုံတွေ ပြိုကျ ပျက်စီးတာကနေ အဲဒီအဆောက်အအုံတွေထဲက ဘုရားဆင်းတုတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ဌာပနာတိုက်တွေထဲက ဓာတ်တော်မွေတော်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ အဲဒီ ရှေးဟောင်းပစ္စည်းတွေကို မသမာသူတွေက ခိုးယူတာ၊ ရောင်းချတာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့ရည်ရွယ်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို စနစ်တကျ စီမံ ခန့်ခွဲ ထိန်းသိမ်းနိုင်ဖို့အတွက် နည်းပညာထောက်ပံ့ပေးနေသူ ပညာရှင် ဒေါ်ဥမ္မာမျိုး ဦးဆောင်တဲ့ Heritage for Myanmar ကလည်း မှတ်တမ်းဓာတ်ပုံတွေကို စုဆောင်းနေပါတယ်။

အမွေအနှစ်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားကြသူတွေရဲ့ လက်လှမ်းမီသလောက် မှတ်တမ်းတင်ပေးတာတွေကို အရေးပေါ်ထိန်းသိမ်းတာ၊ အဆင့်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြုလုပ်တာတွေမှာ စနစ်တကျပြုလုပ်နိုင်စေဖို့ ရည်ရွယ်ပြီး အခုလို မှတ်တမ်းဓာတ်ပုံတွေကို စုဆောင်းနေတာဖြစ်ပါတယ်။ 

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဆိုတာက သမိုင်းတန်ဖိုး၊ အနုပညာတန်ဖိုး၊ ဗိသုကာတန်ဖိုး၊ တည်ဆောက်မှုအနုပညာတန်ဖိုး၊ လူမှုရေးနှင့် စိတ်စွမ်းအင်ပိုင်းဆိုင်ရာတန်ဖိုး စတာတွေ ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ရှေးဟောင်းဖြစ်နေလို့သာ တန်ဖိုးရှိနေတာဖြစ်ပြီး အဲဒါကို ဖြိုချ၊ ဖျက်ဆီးပြီး အသစ်ပြန်လည်တည်ဆောက်မယ်ဆိုရင် ရှေးဟောင်းမဟုတ်တော့တာကြောင့်တန်ဖိုးမရှိတော့ပါဘူး။

“အရင်ကရှိခဲ့တဲ့ တန်ဖိုးတွေ ပျောက်ပျက်မသွားစေဖို့အတွက် ရှင်းလင်း၊ ပြင်ဆင်၊ တည်ဆောက်မှုတွေကို အမြော်အမြင်ရှိတဲ့ မူဘောင်တွေချမှတ်ပြီး စနစ်ကျတဲ့ စီမံကွပ်ကဲမှုနဲ့အတူ စေ့စပ်သေချာတဲ့ ကြီးကြပ်မှုအောက်မှာ လုံလောက်တဲ့အချိန်ကိုယူပြီးစေတနာနဲ့ လေးစားမြတ်နိုးစိတ်ကလေး နည်းနည်းပါတဲ့ အလုပ်သမားအဖွဲ့တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်” လို့ ဗိသုကာပညာရှင် ဦးဆန်းဦးက လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် သတိပေးပါတယ်။

ငလျင်လှုပ်ပြီးပြီးချင်းကာလမှာပဲ ပြိုကျနေတဲ့ဘုရားစေတီတွေကို စက်ကြီးတွေနဲ့ ဖြိုချဖျက်ဆီးလိုက်တာ၊ ပြိုကျနေတဲ့ အဆောက်အအုံက အုတ်တွေကို လမ်းခင်းလိုက်တာ စတဲ့ အပြုအမူတွေကိုလည်း လူမှုကွန်ရက်မှာ တွေ့ရှိရပါတယ်။အဟောင်းမို့ ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်တယ်ဆိုတာဟာ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြပြောဆိုပါတယ်။

“ထိန်းသိမ်းလို့မရတဲ့ ရှေးဟောင်းအဆောက်အအုံဆိုတာ မရှိဘူး။ မရရအောင် ထိန်းလို့ရတယ်” လို့ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးပညာရှင် ကိုဇေမျိုးလင်းက မီဒီယာအင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

စစ်ကိုင်းတိုင်းရှိ သောတာပန်ဘုရားမှအပျက်အစီးများ။ ဓာတ်ပုံ− ဖေ့ဘုတ်

ငလျင်ဒဏ်သင့် ရှေးဟောင်း အဆောက်အအုံတွေကို ပြုပြင်ရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေးတဲ့ အချိန်မှာလည်းထိန်းသိမ်းမှုတွေ စနစ်တကျလုပ်ဆောင်ထားဖို့လည်း လိုအပ်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ထားရတဲ့အမွေအနှစ်တွေဟာ အလျင်စလို ရှင်းလင်းဖို့ မလိုအပ်ပါဘူး။ ထပ်မံ မပျက်စီးစေဖို့အတွက်အရေးပေါ်အစီအမံတွေနဲ့ ကာကွယ်ထားဖို့သာ လိုအပ်ပါတယ်။ နောက်ပြီး သူခိုး ခိုးယူတာ မခံရစေဖို့၊ အကြောင်းအမျိုးမျိုးကြောင့် ပိုမိုပျက်စီးတာမျိုး မဖြစ်စေဖို့အတွက် ဝိုင်းဝန်းထိန်းသိမ်းဖို့ အထူးလိုအပ်လှပါတယ်။

အခုဆိုရင် ငလျင်ဘေးရဲ့ ဆိုးကျိုးအဖြစ် ထိန်းသိမ်းရေး အားနည်းချက်တွေကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ခိုးယူခံရတာ၊ ရောင်းစားခံရတာတွေ ရှိနေတယ်လို့ ပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါပြီ။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်တာကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဘုရား/စေတီ၊ သိမ်/ဇရပ်၊ မြို့တံခါး/မြို့ရိုး/ပြဿာဒ်၊ ဘုန်းကြီးကျောင်းနဲ့ အခြားသော ယဉ်ကျေးမှုအဆောက်အအုံပေါင်း (၁,၇၉၉) ခု ပျက်စီးခဲ့ပါတယ်။ သာသနိကအဆောက်အအုံနဲ့ ဘုရားစေတီပေါင်း (၄,၇၀၄) ဆူ ထိခိုက်ခဲ့တာဖြစ်ပြီး ဦးခေါင်းတော်ပြတ်၊ လက်နဲ့ခန္ဓာကိုယ်အပေါ်ပိုင်း ပျက်စီးတဲ့ ဆင်းတုတော်ပေါင်း (၇၈) ဆူ ရှိတယ်လို့ စစ်အုပ်စု လက်အောက်ခံ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။

ပျူခေတ်၊ ပုဂံခေတ်ကနေ နှောင်းခေတ်အထိ တည်ရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကာလရှည်ကြာ တည်ရှိပြီးအနာဂတ်မျိုးဆက်သစ်ကို လက်ဆင့်ကမ်းနိုင်ဖို့ အရေးကြီးပါတယ်။ အမွေအနှစ်ရဲ့တန်ဖိုးကို သိရှိရဲ့သားနဲ့ လျစ်လျူရှုတာ၊အလေးမထားတာ၊ စီမံခန့်ခွဲမှု လွဲမှားတာ၊ ခိုးယူတာ၊ တရားမဝင်ရောင်းချတာ စတဲ့ ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် မှန်ကန်၊စနစ်ကျတဲ့ ကာကွယ်ထိန်းသိမ်းမှုတွေ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။

စစ်ကိုင်းချောင်အောက်ခြေရှိ တိလောကဂုရုလှိုဏ်ဂူ နံရံဆေးရေးပန်းချီ၊ ဓာတ်ပုံဖေ့ဘုတ်

Related Articles

Back to top button