
Reddy Simon၊ အီသာရမ် − ဒီဇင်ဘာ ၂၇
တော်လှန်ရေးတပ်တွေ မကြာသေးခင်ကမှ စတင်လိုက်တဲ့ မကွေးတိုင်းက မြို့ (၆) မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်ဟာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပမည့်အချိန် တစ်လျှောက်လုံး (ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်း) စစ်တပ်ကို မနားတမ်း ဖိအားပေးဖို့နဲ့ မြို့တွေကို သိမ်းဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြောလာပါတယ်။
ဒီစစ်ရေးလှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မကွေးတိုင်းအတွင်းက ဒေသနှစ်ခု ဖြစ်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်း မှာဒေသခံတွေ နေ့ချင်းပဲ ပြောင်းရွေ့ကုန်ပြီးမြို့ထဲမှာ မဲပေးသူ မရှိနိုင် တော့ဘူးလို့ ဆင်ဖြူကျွန်းမြို့က ပရဟိတအသင်းတခုမှာ လုပ်ကိုင်နေသူကဆိုပါတယ်။
ဒီစစ်ဆင်ရေးမှာ မကွေးတိုင်းဒေသကြီးအတွင်း ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း မြို့တွေနဲ့ ပွင့်ဖြူ၊ ဆိပ်ဖြူတို့ကိုတိုက်ခိုက်သိမ်းပိုက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်တဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထုတ်ပြောလာပါတယ်။ ဒါဟာ ရွေးကောက်ပွဲအတွင်း ထွက်ပေါ်လာတဲ့ စစ်ခေါ်သံပဲလား၊ လက်တွေ့ကျတဲ့ ကြွေးကြော်မှုလား?
ဒါနဲ့အတူ စစ်အုပ်စု ရွေးကောက်ပွဲမတိုင်မှီ မကွေးတိုင်းရဲ့ အရေးပါတဲ့ အချက်တွေနဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရအောင်ပါ။
မကွေး Focus
မကွေးတိုင်းအတွင်းမှာ စုစုပေါင်း ၂၅ မြို့နယ်ရှိပြီး (၅) မြို့နယ်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။ ဆော၊ ထီးလင်း၊ပေါက် မြို့နယ်တွေနဲ့ မြိုင်၊ ရေစကြို မြို့နယ် ဒီ (၅) ခုကို တော်လှန်ရေးတပ်တွေ အများစုက စိုးမိုးထားပြီး အုပ်ချုပ်ရေးစနစ်တွေထူထောင်ဖို့ ရည်ရွယ် ကြိုးပမ်းနေပါတယ်။ အထူးသဖြင့် မြို့ပေါ်ရပ်ကွက်တွေက လူတွေဟာ ပြောင်းရွှေ့ကုန်ကြပြီး မြို့ဟာဗလာကျင်း ခြောက်ကပ်နေကြတာကို တစ်ချိန်က စည်ကားခဲ့ဖူးတဲ့ မြိုင်မြို့နယ်က သက်သေပါ။
စစ်ကောင်စီဟာ ဒီဒေသငါးခုအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ တရစပ် တိုက်ခိုက်နေတဲ့ ပခုက္ကူ၊မင်းဘူးနဲ့ အခုဆိုရင် စလင်း၊ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူ မှာပါ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ အသုံးပြုနေပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင်းက ကျန်တဲ့ မြို့နယ် ၂၀ ကို ရွေးကောက်ပွဲ အပိုင်း (၂) ခုနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပိုင်း (၁) မှာ ၉မြို့နယ်၊ အပိုင်း (၂) မှာ ၁၁ မြို့နယ်အပြီး လုပ်မှာဖြစ်ပြီး အပိုင်း (၃) မရှိပါဘူး။
အပိုင်း (၁) နဲ့ (၂) မှာ ပါဝင်မယ့် မြို့နယ်တွေကိုအောက်မှာ ဖော်ပြသွားပါမယ်၊ ဒါပေမဲ့ စစ်အုပ်စုဟာ ဒီမြို့နယ်တွေမှာ ပါဝင်တဲ့ ကျေးရွာအုပ်စုတွေမှာ လွှမ်းခြုံအောင် မလုပ်နိုင်တာက ဒီစာရင်းဇယားတွေအရ ထင်ရှားနေပါတယ်။
(စာရင်းဇယားတွေကို ရွေးကော်နဲ့ MiMU မှ အချက်အလက်များ ရယူနှိုင်းယှဉ်ထားသည်)

မကွေးတိုင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းမှု (Migration) အများဆုံးတိုင်း ဖြစ်လာတယ်လို့ IOM က ဆိုထားပါတယ်။ ၂၀၂၄ ခုနှစ် ရှေ့ပြေး သန်းခေါင်စာရင်းအရ မကွေးတိုင်းမှာ လူဦးရေ ၄.၀၈ သန်းခန့် ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ် မဲပေးနိုင်တဲ့ လူဦးရေ အတိအကျကို စစ်အုပ်စုက မထုတ်ပြန်နိုင်ပါဘူး။ ၂၀၂၀ ပြည့်နှစ်က မကွေးတိုင်းမှာမဲပေးနိုင်သူ ၃.၃ သန်းကျော် ရှိခဲ့ပြီး ၂.၅ သန်းကျော်က မဲပေးခဲ့တာကြောင့် ရွေးကောက်ပွဲရဲ့ ၇၇.၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်အုပ်စုဟာ ဒီရာခိုင်နှုန်းရဲ့ ထက်ဝက်ကိုတောင် ရနိုင်ဖို့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့တွေကို ဖိအားပေး ကြိုးစားနေပါတယ်။တစ်ဖက်မှာလည်း ကျေးရွာတွေကို စစ်ရေးအရ ဖိနှိပ်တိုက်ခိုက်မှုတွေ ပြုလုပ် နေပါတယ်။

စစ်အုပ်စုရဲ့ဖိအား
မကွေးရဲ့ အချက်အခြာကျ၊ လူနေများတဲ့ ပခုက္ကူမြို့ပေါ်မှာတော့ စစ်အုပ်စုက မဲစာရင်းတွေကို ရပ်ကွက်အလိုက် မဖြစ်မနေကြည့်ခိုင်းပြီး ဒီဇင်ဘာလ ၆ ရက်နေ့ညက မဲစာရင်းနံပါတ်မသိတဲ့ ပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့နေ့လယ်ပိုင်းမှာ ပိုက်ဆံနဲ့ လိုက်လံရွေးခဲ့ရတယ်လို့ ပခုက္ကူမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ မြို့ပေါ်မှာ စစ်အုပ်စုနဲ့ပျူစောထီးတွေက ညသန်းခေါင်အချိန်တွေမှာ မဲစာရင်းနံပါတ်ကို သန်းခေါင်စာရင်းတွေနဲ့အတူ ဝင်ရောက် စစ်ဆေးတာ ဖြစ်ပြီးမဲစာရင်းနံပါတ် မသိတဲ့သူတွေကို အခုလို ဖမ်းဆီးခေါ်ဆောင် ငွေညှစ်တာလို့ ဆိုပါတယ်။
မြို့ခံပြည်သူတွေကို မဲစာရင်းနံပါတ်တွေကိုသာ စစ်ဆေးနေပေမဲ့ အခုဆောင်းပါး ဖော်ပြတဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဆိုတာ မသိရဘူးလို့ ပခုက္ကူမြို့ခံတစ်ဦးက ဆိုပြန်ပါတယ်။ ပခုက္ကူမြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတာမျိုး၊ ဒေသခံပြည်သူလူထုနဲ့ စကားပြောဆိုတာမျိုး မရှိတဲ့အပြင် ပါတီက ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဆိုတာကို ဆိုင်းဘုတ်ထောင်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
မကွေးမြို့ပေါ်မှာသာ စစ်အုပ်စုဟာ ရွေးကောက်ပွဲကို အကျယ်တဝင့် ဖန်တီးပြီး လူမှုစာမျက်နှာကနေ ဝါဒဖြန့်ဖို့ ကြိုးစားပါတယ်။ဒါပေမဲ့ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဒီဒေသတွေမှာလည်းပဲ မဲစာရင်း လွဲမှားမှုတွေက ကျယ်ကျယ်လောင်လောင်အသံထွက်လာပါတယ်။ အထူးသဖြင့် မကွေးမြို့ပေါ်နဲ့ သရက်မြို့ပေါ်တွေမှာ ဖြစ်ပါတယ်။
မကွေးမြို့ပေါ်က မဲစာရင်းတွေမှာ သေဆုံးသူတွေနဲ့ ပြောင်းရွှေ့သွားသူတွေ အများအပြား ပါဝင်နေတယ်လို့ မကွေးမြို့နိုင်ငံရေးပါတီတစ်ခုက အဖွဲ့ဝင် အမျိုးသားက MFP ကို ပြောပါတယ်။ သူ့အနေနဲ့ မဲစာရင်းမှာ မပါတဲ့ လူတော်တော်များများကိုတွေ့ခဲ့ရပြီး ဒီလူတွေကလည်း နှုတ်ပိတ်နေကြတယ်လို့ MFP ကို ပြောပါတယ်။ “သွားကြည့်လို့ မဲစာရင်းမပါဘူးဆိုရင် ချက်ချင်းကော်မရှင်ကို အကြောင်းကြားတာမျိုး မလုပ်ဘူး၊ နှုတ်ပိတ်ပြီး ဒီတိုင်း နေနေကြတယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် သရက်မြို့နယ်မှာဆိုရင်လည်း ကျေးရွာအလိုက် မဲစာရင်း မပါတဲ့သူတွေလည်း ရှိတယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူးဦးကျော်လင်းက BBC သတင်းဌာနကို ဖြေကြားထားပါတယ်။ “မဲစာရင်းမှားတာထက် တည်ငြိမ်တဲ့နေရာတွေမှာ မဲစာရင်းပျောက်တာတွေက နိုင်ငံသားတွေ မဲပေးခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေ ဖြစ်မှာစိုးတယ်” လို့ သူက ဖြေဆိုထားပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ သူထိန်းချုပ်ရာ ဒေသတွေမှာ ဒေသခံတွေ မဲစာရင်းကို အချိန်မီ ပြုပြင်ကြဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
“မဲစာရင်းကို တအား စစ်ဆေးနေတာ၊ ဘယ်သူ့ကို မဲပေးရမှာလဲ မသိဘူး၊ ဘာဆိုဘာမှ မသိရဘူး လူတွေက ပြောနေကြတယ်ခြင်္သေ့ပုံကလွဲရင် ကျန်တာ လျှောက်နှိပ်တဲ့” လို့ ပခုက္ကူဒေသခံ တစ်ဦးက ပြောပါတယ်။ ပခုက္ကူမြို့ပေါ်မှာ ၁၅ ရပ်ကွက်ရှိပြီးမဲရုံတည်နေရာ အများစုကို စာသင်ကျောင်းတွေဖြစ်တဲ့ အမှတ် (၉) မူလတန်းကျောင်း၊ အထက (၅)၊ အလက (၃)၊ ဆုကြီးပန်ဘုန်းကြီး ဗက ကျောင်းနဲ့ သမဝါယမရုံးတို့မှာ မဲရုံတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပခုက္ကူမြို့စွန်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာ ၅၄ ရွာရှိတဲ့အနက် တချို့ကျေးရွာတွေမှာ စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြည်သူတွေရဲ့ လက်ဗွေတွေကို အတင်းအကျပ် ရယူတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ကမ္မမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ မြို့ပေါ်ကို စစ်ကြောင်းထိုးလာတုန်းက လေဖြတ်နေတဲ့သူကိုတောင် စခန်းခေါ်ပြီးလက်ဗွေယူသွားသေးတယ်၊ တခြားမပြေးတဲ့သူတွေလည်း လက်ဗွေယူသွားတယ်” လို့ ဒေသခံက MFP ကို ပြောပါတယ်။
ကမ္မမြို့ကို ဒီဇင်ဘာလထဲမှာ စစ်ကြောင်းထိုး ရောက်ရှိလာတဲ့ စစ်အုပ်စုစစ်ကြောင်းက ပြည်သူ ၃၀ ကျော်ခန့်ကို ကမ္မမြို့ကရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ဗွေတွေ ယူဆောင်ပြီး ပြန်လွှတ် လိုက် တယ်လို့ MFP ကို ဆိုပါတယ်။ ပခုက္ကူမြို့ပေါ်နဲ့ မြိုင်မြို့နယ်မှာရှိတဲ့ စစ်အုပ်စု ပျူစောထီးစခန်းတွေကိုလည်း စစ်အုပ်စု စစ်ကြောင်းထိုး ရောက်ရှိပြီး မဲလက်မှတ်တွေကြိုတင်ယူဆောင်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်များ အလားအလာ
မကွေးတိုင်းတခုလုံးမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်တွေက ဒီရွေးကောက်ပွဲ မှာ စစ်အုပ်စုကိုအခွင့်အရေးမပေးဘဲ အသာစီးရအောင်ယူမယ်လို့ ကြွေးကြော်ထားပါတယ်။
အခုလိုရွေးကောက်ပွဲကာလမှာ စစ်ဆင်ရေးတွေစနိုင်ဖို့ လနဲ့ချီပြီး ကြိုတင်ပြင်ဆင်ခဲ့ကြတယ်လို့လည်း MFP က ဆက်သွယ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့ကဖွင့်ဟပါတယ်။ ဒီစစ်ဆင်ရေးနဲ့နောက်ကွယ်မှာ အာရက္ခတပ်တော် (AA) ပါဝင်မှုရှိမရှိကိုမသိရသေးပါဘူး၊ AA အနေနဲ့ ငဖဲမြို့နယ်မှာ စစ်အုပ်စုနဲ့ ထိတွေ့မှုရှိသလို မကွေးတိုင်းဒေသကြီးရဲ့စစ်ဒေသကွပ်ကဲမှုမှာပါဝင်နေတဲ့ သတင်း တွေထွက်နေတာ လ အတော်ကြာရှိနေပေမယ့် အတည်မပြုနိုင်ပါဘူး၊
မြို့ (၆) မြို့ကိုသိမ်းယူနိုင်ဖို့ စစ်ရေးရည်ရွယ်ချက်ကတော့ ခဲယဥ်းပေမယ့် လက်ရှိမှာ မကွေးတိုင်းထဲက ပွင့်ဖြူ၊ ဆိပ်ဖြူ၊ချောက်နဲ့ စလင်း၊စလေ မြို့တွေမှာ စစ်တပ်ရဲ့အထိုင်စခန်းတွေကိုထိုးစစ်ဆင်နေကြောင်း မင်းဘူးခရိုင်စစ်ဌာက တာဝန်ရှိသူက MFP ကိုပြောကြားထားပါတယ်။
“သိမ်းနိုင်တဲ့အခြေအနေထိရောက်အောင် ကျနော်တို့ပြင်ဆင်ထားပြီးသွားပြီ” လို့သူက ဆိုပါတယ်။
ဒီမြို့ (၆)မြို့ကို ထိုးဖောက်နိုင်မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကနေ မကွေးမြို့ကို ဝိုင်းပတ်ထားနိုင်တဲ့ အခြေအနေကောင်းကိုရနိုင်ပါတယ်။ ဒါ့ပြင်မကွေးတိုင်းရဲ့ အရေးပါတဲ့စီးပွားရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ပြီး မကွေးမြို့ကို ဗဟိုမြို့အဖြစ် ဖိအားပေးလာနိုင်ပါတယ်။
အနှစ်ချုပ်ဆိုရရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူမယ်လို့ ကြေညာထားတဲ့ မြို့ ၆ မြို့နယ်ဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပမည့် အပိုင်း (၂) မြို့နယ်တွေထဲမှာ ပါဝင်နေပါတယ်။ တော်လှန်ရေး (PDF) တပ်တွေအနေနဲ့ မြို့ကို အလုံးစုံ မသိမ်းယူနိုင်ရင်တောင်မှ လက်ရှိမှာ ဆင်ဖြူကျွန်းနဲ့ စလင်းမှာ ရှိတဲ့ လူပေါင်း များစွာကို ရက်ပိုင်းအတွင်းရွှေ့ပြောင်းစေခဲ့ ပါတယ်။ ဒီလို စစ်ရေး အခြေအနေတွေနဲ့ လူသူကင်းမဲ့တဲ့ မြို့တွေကြောင့် မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဆင်သေကို ဖုံးဖို့ မလောက်ငှတဲ့ ဆိတ်သားရေပိုင်းသာဖြစ်နေပါတော့တယ်။



