
MFP အဖွဲ့၊ ဒီဇင်ဘာ ၂၇
တော်လှန်ရေးတပ်တွေ အားကောင်းရာ စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲမျက်နှာစာက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကိန်းဂဏန်းအရေအတွက်ကို ပြနေပါတယ်။
တိုင်းတစ်ခုလုံးရဲ့ (၈၀) ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ ဒါကိုပဲ ပြည်သူ့ဆန္ဒအဖြစ် နိုင့်ထက်စီးနင်း ခေါင်းစဉ်တပ်ခြင်းကို စစ်ကိုင်းတိုင်းမှာ အထင်းသား တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် (၁၂) ခုမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) ကို ခေတ္တဖယ်ထားပြီး တွက်ကြည့်ရင် ကလေး၊ ကသာ၊ ကန့်ဘလူ၊ စစ်ကိုင်း၊ မုံရွာ၊ခန္တီး၊ ရွှေဘို၊ တမူး၊ ဟုမ္မလင်း စတဲ့ ဒီမြို့နယ်ကြီး ကိုးခုထဲမှာ ကျေးရွာအုပ်စုပေါင်း ၄၉၇ ခုရှိရာမှာ ၄၀၅ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အပိုင်း (၁)မှာ စစ်ကိုင်းကရွေးကောက်ပွဲမြို့နယ်တွေရဲ့ ၈၆.၃ ရာခိုင်နှုန်းသော ဒေသမှာ လုံးဝမလုပ်နိုင်ပါဘူး။ ဒါက မြန်မာနိုင်ငံမှာ ကျေးလက်ဒေသ အားကောင်းမှုကိုပြသနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒီလိုကျေးလက်ဒေသတွေကို လေကြောင်းကနေ ထိုးစစ်ဆင်ပြီး လူတွေနေရပ်စွန့်ခွာသွားအောင် ရွေးကောက်ပွဲမတိုင်ခင်ညအထိ စစ်ကိုင်းမြို့နယ်ထဲ (တအိမ်တည်း ကျေးရွာအုပ်စု)ကိုဗုံးကျဲခဲ့ပါတယ်။

စစ်ကောင်စီက သူတို့ထိန်းချုပ်ရာ မြို့ကြီးတွေမှာတော့ အတင်းအကျပ် ဖိအားပေးနေပါတယ်။ စစ်ကိုင်းရဲ့ ရွေးကောက်ပွဲသတင်းတွေမှာ လူထုရဲ့ ဥပေက္ခာ၊ စစ်အုပ်စုရဲ့ အနိုင်ကျင့်ဖိနှိပ်မှုနဲ့ လွဲမှားနေတဲ့ မဲစာရင်းတွေအကြောင်းက နေရာယူထားပါတယ်။
■လူထုဥပေက္ခာ စံချိန်တင်
“ဘယ်ပါတီပြိုင်မှာမသိဘူး။ ဘယ်ကိုယ်စားလှယ်လောင်းတွေ ပါတာလဲမသိဘူး။ ဘယ်နေ့ မဲထည့်ရမှာ မသိဘူး” လို့ မနက်ဖြန် ဒီဇင်ဘာ (၂၈) ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စု ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တမူးမြို့၊ မြို့မရပ်ကွက်နေထိုင်သူ အသက် (၂၉) နှစ်အရွယ် မနီလာ (အမည်လွှဲ) က ဒီနေ့မှာ ပြောပါတယ်။ သူက တမူးမြို့၊ မြို့မဈေးတန်းမှာ ကုန်စိမ်းရောင်းခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ တစ်ဦးပါ။
ဒီနေ့မနက်က သူဈေးရောင်းရာအနီးဖြစ်တဲ့ ဈေးတန်းရပ်ကွက် မိုးကောင်းဓမ္မာရုံမှာ ရွေးကောက်ပွဲမဲရုံရှိတာကြောင့် ဒေသခံတော်လှန်ရေးအင်အားစုက ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ခဲ့လို့ သူ့ဈေးဆိုင်ကို အမြန်ပိတ်သိမ်းခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဒီလို ဗုံးသီးချတိုက်ခိုက်ခံရချိန်မှာတော့ စစ်အုပ်စုကလည်း လုံခြုံရေး ပိုတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ ဈေးဆိုင်ကိုလည်း နေ့ခင်းတစ်ဝက်သာ ရောင်းချခဲ့ရပြီးတော့ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲထက် အသီးအနှံ မပုတ်သိုးဖို့က ပိုအရေးကြီးတယ်လို့ မနီလာက ပြောပါတယ်။
တမူးမြို့နယ်မှာတော့ စော်ဘွား၊ စန္ဒကူး၊ မြို့မ၊ ဈေးတန်း ဆိုတဲ့ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၂၂) ခု၊ ကျေးရွာပေါင်း (၁၆၆) ရွာခန့် ရှိပါတယ်။ အာဏာသိမ်းစစ်အုပ်စုက မြို့ပေါ်ရပ်ကွက် (၄) ခုနဲ့ ကျေးရွာအုပ်စု တစ်ခုမှာပဲ ရွေးကောက်ပွဲပြုလုပ်ဖို့ မဲရုံ (၂၆) ရုံ ဖွင့်ထားပါတယ်။ ကျန်တဲ့ ကျေးရွာအုပ်စု (၂၁) ခုမှာတော့ မလုပ်နိုင်ကြောင်း မြို့နယ်ရွေးကော်က ထုတ်ပြန်ပါတယ်။
“မြို့ထဲက လူငယ်၊ လူရွယ်တွေက မရှိတော့ဘူး၊ ကျွဲအို၊ နွားအိုနဲ့ လူအိုတွေပဲ ကျန်တယ်။ မြို့က ခြောက်ကပ်လို့ ဈေးကို မရောင်းရဘူး” လို့ မနီလာက ဆိုပါတယ်။
တမူးမြို့နယ်အတွင်းမှာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပဖို့ ခုနစ်ရက်အလိုခန့်က တမူးမြို့ပေါ်ရပ်ကွက်နဲ့ မြို့ဝင်၊ မြို့ထွက်နေရာတွေမှာ ဗုံးပေါက်ကွဲမှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီးတော့ လုံခြုံရေးအခြေအနေကြောင့် မြို့မဈေးအတွင်းက ဈေးဆိုင်တွေ ပိတ်ထားရတယ်လို့ သူက ဆက်ပြောပါတယ်။

“(အာဏာမသိမ်းခင်) အရင်က နေ့တိုင်း မိုးလင်းတာနဲ့ ရောင်းလို့ရတယ်။ အခုက နေ့တစ်ဝက်ပဲ ရောင်းရတာ၊ ညနေက စစ်တပ်က ပိတ်ထားလို့ မရောင်းရဘူး၊ ဒါကြောင့် နေ့ခင်း အမြန်ရောင်းရတာ၊ မကုန်ရင် ပုတ်ရော၊ ရှုံးတာ၊ ရှုံးတာ ငါတို့ဆို၊ သူတို့က (ကိုယ်စားလှယ်လောင်း) ဘာလုပ်ပေးမှာလဲ၊ သူတို့တောင် ပုန်းနေရတာ၊ မဲထည့်ရမှာထက် ဟင်းသီးဟင်းရွက် မပုတ်ဖို့က ငါတို့အတွက် အရေးကြီးတယ်” လို့ သူမက ဆိုပါတယ်။
တမူးမြို့ မြို့မဈေးရပ်ကွက် ဘိုးသီလနတ်နန်းအနီး နေထိုင်သူ အသက် (၃၅) နှစ် ကိုကောင်းကင် (အမည်လွှဲ) ကတော့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက တမူးမြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေနဲ့ စစ်မှုထမ်း အတင်းအဓမ္မ ခေါ်နေတာကြောင့် အိမ်ပြင်ကို မထွက်ဝံ့သလို မဲအမည်စာရင်းကိုလည်း ထွက်မကြည့်ရဲဘူးလို့ သူက ပြောပါတယ်။
“မဲအမည်စာရင်းကြည့်ဖို့ နေနေသာသာ စစ်မှုထမ်းကြောက်လို့ အိမ်ပြင်မထွက်ရဲဘူး။ ဘယ်နေ့ လာဖမ်းမလဲ စိုးရိမ်နေရတာ” လို့ သူက ဆိုပြန်ပါတယ်။
တမူးမြို့နယ်မှာ ဒီဇင်ဘာ (၂၅) ရက် ခရစ္စမတ်နေ့က ခရစ်ယာန်ဘာသာရေးကျောင်းမှာ ဝတ်ပြုဖို့ လာရောက်ကြသူနဲ့ လမ်းမပေါ် သွားလာနေကြတဲ့ ဒေသခံပြည်သူ (၁၀၀) ကျော် စစ်အုပ်စု ဖမ်းဆီးခံရပြီးတော့ ပြန်လည်လွတ်မြောက်လာမှု အခြေအနေ မသိရသလို၊ စစ်အုပ်စု ထပ်မံဖမ်းဆီးမှာ စိုးရိမ်တာကြောင့် မဲရုံဘက်ကို ခြေဦးမလှည့်ရဲဘူးလို့ သူက ပြောပါတယ်။
■ခြိမ်းခြောက်ပေးခိုင်းတဲ့ ဆန္ဒမဲ
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမှာလည်း စစ်အုပ်စုတပ်တွေက သံချပ်ကာကားတွေနဲ့ မြို့ပေါ်မှာ အင်အားပြရင်း မဲမပေးရင် နေအိမ်တွေကို မီးရှို့မယ်ဆိုတဲ့ ဖိအားပေးပြောဆိုမှုတွေလည်း ရှိနေပါတယ်။ စစ်အုပ်စုတပ်ဟာ စစ်ကိုင်းတိုင်းက မြို့နယ်တွေကို အကြောင်းမဲ့ လေကြောင်းပစ်ခတ်တာနဲ့ နေအိမ် တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒီပြောဆိုမှုဟာ ခြိမ်းခြောက်မှုလို့ ဒေသခံတွေက ပြောပါတယ်။

“Eco ဘက်မှာ ဒီကောင်တွေ (စစ်အုပ်စု) စက်လက်တွေနဲ့ အမြောက်တင်ထားတဲ့ သံချပ်ကာကားတွေနဲ့ ရောက်လာပြီးတော့ ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတာပေါ့။ ပြည်သူတွေက ကြောက်ကြတော့ အခု ကြိုတင်မဲ သွားပေးနေကြရတယ်။ အဲဒီ ရွှေဇလုပ်ရွာကလည်း မြို့နဲ့ကပ်နေတာဆိုတော့ မဲသွားပေးကြရတာပေါ့” လို့ ဒေသခံက MFP ကိုပြောပါတယ်။
စစ်အုပ်စုတပ်ဟာ သူအထိုင်ချ တပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှာ မဲရုံဖွင့်လှစ်ထားပြီး အနီးဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေကို မဲပေးဖို့နဲ့ မဲမပေးရင် မီးရှို့မယ်ဆိုတဲ့ ခြိမ်းခြောက် မှုတွေ လုပ်နေတာလို့ ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လုပ်ငန်းရှင်တွေကို အလုပ်သမား တွေနဲ့အတူ ရွေးကောက်ပွဲနေ့မှာ မဲလာပေးကြဖို့ ဖိအားပေးတာတွေလည်း ရှိနေတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးတော့ မဲလာပေးဖို့ ပြောတာပေါ့။ လုပ်ငန်းရှင်တွေကတော့ အစုံပါပဲ။ လုပ်ငန်းကြီးလုပ်သူတွေလည်း ပါတာပေါ့။ သူတို့ ဝန်ထမ်းတွေပါ ရွေးကောက်ပွဲနေ့မှာ ခေါ်လာပြီး မဲလာထည့်ကြဖို့ ပြောတာတွေရှိတယ်။ အဲဒီလို မဲလာမပေးရင် လုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် လုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာတွေရှိတယ်” လို့သူကဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေက တစ်အိမ်တက်၊ တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ဆေးတာတွေနဲ့ အိမ်ထောင်စုဇယား သိမ်းယူတာတွေ ရှိပြီးတော့ မဲရုံကို လာရောက်မဲပေးမှ အိမ်ထောင်စုဇယား ပြန်လည်ပေးမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ကြုံရတယ်လို့ အိမ်ထောင်စုဇယား သိမ်းယူခံရသူ တမူးမြို့နယ်၊ စန္ဒကူးရပ်ကွက်နေထိုင်သူ အသက် (၄၀) နှစ်ကျော် ဒေါ်ကူးမား (အမည်လွှဲ) က ပြောပါတယ်။
“မြို့ထဲကနေ မြို့ပြင်ထွက်ရင် မဲပေးရမယ်ပြောတယ်။ မြို့ပြင်ကနေ မြို့ထဲလာရင်လည်း မဲပေးရမယ်ပြောတယ်။ ကျမတို့ရပ်ကွက်ဆို အိမ်ထောင်စုဇယားတွေ ယူသွားတယ်။ မဲပေးပြီးမှ ပြန်ပေးမယ်ပြောတယ်။ မဲက မဖြစ်မနေ ပေးကြရမှာ” လို့ သူမက ဆိုပါတယ်။
ဒီလို စစ်အုပ်စုက မဲပေးဖို့ အကြပ်ကိုင်စေခိုင်းတာတွေနဲ့ ဖိအားပေးခိုင်းစေတာတွေကြောင့် မြို့ပေါ်ရပ်ကွက်နေထိုင်သူ အများစုဟာ မဲကို မဖြစ်မနေ ထည့်ရမယ့် အခြေအနေ ရင်ဆိုင်နေရပြီးတော့ မဲထည့်တဲ့အချိန် ဗုံးပေါက်ကွဲမှာကိုလည်း စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။
■မဲစာရင်း တစ်ထောင်ကျော် မှားယွင်းမှု
ဒါ့အပြင် တမူးမြို့နယ်က မဲစာရင်းမှားယွင်းမှုကိုလည်း MFP က မေးမြန်းခွင့်ရခဲ့ပါတယ်။
တမူးမြို့ပေါ်မှာဆိုရင် လူဦးရေသောင်းချီ နေထိုင်တဲ့ ဈေးတန်းရပ်ကွက်မှာ မဲစာရင်း အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ မိခင်အမည် အချက်အလက် လွဲမှားသူ တစ်ထောင်ကျော် တွေ့ရပြီးတော့ သေဆုံးပြီးသားဖြစ်သူရဲ့ အမည်စာရင်းလည်း ပါဝင်တာ တွေ့ရတယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပဖို့ သုံးရက်အလို မဲစာရင်း သွားရောက်ကြည့်ရှုခဲ့သူ ဈေးတန်းရပ်ကွက်နေထိုင်သူ အသက် (၃၅) နှစ် မအိဖြူ (အမည်လွှဲ) က ပြောပါတယ်။
“မဲစာရင်းတွေက အမည်တွေ မှားတယ်။ အဖေနာမည်၊ အမေနာမည်တွေ မှားတယ်။ တချို့က မှတ်ပုံတင်နံပါတ်တွေ မှားတာ၊ တချို့ကတော့ နာမည်မှားတာ၊ တချို့က သေတဲ့သူအမည်တောင် ပါတယ်” လို့ သူမက ဆိုပါတယ်။
မိုးကောင်းဓမ္မာရုံနဲ့ အမှတ် (၁) အထက ကျောင်းမှာ လာရောက်ကြည့်ရှုသူ နှစ်ထောင်ကျော်ခန့်မှာ လူဦးရေ တစ်ထောင်ကျော် မဲစာရင်း အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ မိခင်အမည် စတဲ့ အချက်အလက် လွဲမှားနေပြီးတော့ သေဆုံးပြီးသားဖြစ်သူ တချို့ရဲ့ အမည်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
ဒီလို မဲစာရင်း မှားယွင်းသူကိုတော့ စစ်အုပ်စုလက်အောက်ခံ အာဏာပိုင်တွေက အမည်မပါရင် ထည့်လျှောက်ဖို့ ပြောဆိုတာရှိပြီးတော့ ပြင်ဆင်ပေးတာတော့ မတွေ့ရဘူးလို့ သူက ပြောပါတယ်။
“တချို့ကတော့ လျှောက်ကြတယ်။ တချို့ကတော့ မလျှောက်ကြဘူး၊ မဲထည့်တဲ့နေ့ ဗုံးကွဲမှာ ကြောက်ကြလို့တဲ့”
■စစ်ကိုင်းတိုင်းက မဲဆန္ဒနယ်များ
စစ်ကိုင်းတိုင်းက မဲဆန္ဒနယ်အများစုကို ပြန်ကြည့်မယ်ဆိုရင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်မြို့နယ်တွေနဲ့ ရှမ်းနီတပ်(SNA)စိုးမိုးထားတဲ့ ခန္တီးမြို့နယ် မှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဟန်ပြလုပ်နိုင်ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ မြို့နယ်ကြီးတွေဖြစ်တဲ့ မုံရွာ မြို့မှာ ကျေးရွာ ၅၇ ခုရှိရာ ၅၂ မှာ ရွေးကောက်ပွဲမလုပ်နိုင်သလို စစ်ကိုင်းမြို့မှာလည်း ကျေးရွာ ၈၁ ခုရှိရာမှာ ၇၀ မလုပ်နိုင်ပါဘူး၊ ရွှေဘိုမြို့မှာလည်း ကျေးရွာအုပ်စုပေါင်း ၇၃ ခုရှိရာမှာ ၇၀ မှာမလုပ်နိုင်ပါဘူး။
ရွေးကောက်ပွဲလုပ်နိုင်တဲ့ ကျေးရွာတချို့ကလည်း စစ်အုပ်စုနဲ့ ပျူစောထီးတွေ ထိန်းချုပ် ထားတဲ့ ဒေသတွေ ဖြစ်နေတာ တွေ့ရပါတယ်။
ကန့်ဘလူနယ်မှာဆိုရင် ကျေးရွာအုပ်စုပေါင်း ၈၆ ခုရှိရာမှာ ၇၈ ခုခန့်က မလုပ်နိင်ပါဘူး။ ကျန်တဲ့ကျေးရွာတွေကို ပျူစောထီးနဲ့ စစ်အုပ်စု ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။သူတို့ထိန်းချုပ်ရာဒေသမှာ ဖိအားပေးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ပြည်သူအများစုက စိတ်ဝင်စားပုံမပြဘူးလို့ သူကမှတ်ချက်ပေးပါတယ်။
“သူတို့ဘာသာလုပ်တဲ့ ရွေးကောက်ပွဲကို ပျူတွေကလွဲရင် ကျန်တဲ့ပြည်သူကတော့ အသေခံမယ်၊ မထည့်ဘူးလို့ ပြောကြတယ်။ သူတို့လုပ်နိုင်လည်း တစ်မြို့နယ်လုံးမှာ ရွာပေါင်း ၆၀ လောက်ပါပဲ၊ ကျန်တဲ့နေရာတွေကတော့ သူတို့ကိုယ်တိုင်ကို မလာရဲကြဘူး” လို့ ဆိုပါတယ်။



