ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၁၇
အောက်ခြေမရှိတော့သည့် တိုက်တာများ၊ ပုံပုံလဲပြိုနေသည့် အဆောက်အအုံ၊ ကျိုးပြတ်သွားသည့် တံတား၊ မြေလွှာအက်ကွဲပြီးမြေကြီးရွေ့လျားသွားသည့် ဒေသ၊ ထက်ပိုင်းပြတ်သွားသည့် ဘုရားစေတီ၊ ခေါင်းမရှိတော့သည့် ရုပ်ပွားတော်…. ဒါတွေအားလုံးဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်နေချိန် မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့သလို ငလျင်ကြီးလှုပ်ခတ်ပြီး (၉) လနီးပါးကြာမြင့်သည့် ကာလတိုင်အောင် မြင်တွေ့နေရသည့် မြင်ကွင်းတွေပါ။
မတ်လ ၂၈ ရက် မန္တလေးငလျင်ကြောင့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၄,၃၁၇ ကျောင်း၊ ဘုရားစေတီ ၆,၀၂၇ ဆူ၊ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်း (လမ်းပိုင်း) ၂၀၃ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၀ စင်းနှင့် နေအိမ်/အဆောက်အအုံ ၆၅,၀၉၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စု၏သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
“ကျွန်တော်တို့က ပေါ့ပေါ့တန်တန်ပဲ ငလျင်နဲ့ပတ်သက်ပြီးတော့ လျှော့တွက်တဲ့အခါမှာ ၇ ရစ်ခ်တာစကေးနဲ့ ဆောက်တော့အဆောက်အအုံတွေ ပြိုကျခဲ့တာ သွားတွေ့ပါတယ်။ ဒီလိုပဲ နေပြည်တော်မှာ ဆောက်တဲ့ အဆောက်အအုံတွေ ကံကောင်းလို့ ဒီဟိုတယ် (မင်္ဂလာသီရိဟိုတယ်) ကျန်တာပါ။ တော်တော်များများ ပျက်ပါတယ်။ ခန်းမတွေ ဘယ်မှာမှ မရှိပါဘူး။ ရှားရှားပါးပါးဒီတစ်ခုပဲ ရတယ်။ ဆိုတော့ ဒီလိုမျိုး အင်ဂျင်နီယာဘက်က လျှော့ပြီးစဉ်းစားတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲဆိုရင်ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ ဖြစ်ပါတယ်” လို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသူစီစဉ်ပြီး လုပ်ခိုင်းသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ သူ့လက်အောက်ခံများကို ထောက်ပြပြောဆိုခဲ့ပါတယ်။
မန္တလေးငလျင်ကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုဟာ အရင်ဖြစ်ဖူးခဲ့သည့် သဘာဝဘေးများမှာ ဆုံးရှုံးခဲ့တာထက် နှစ်ဆနီးပါးရှိသလို၊ လူနေအိမ်မဟုတ်သည့် အခြေခံအဆောက်အအုံ၊ အစိုးရဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအဆောက်အအုံတွေလည်းထိခိုက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၃၆၂၉.၂၈၈ ရှိတယ်လို့ စစ်အုပ်စုအဖွဲ့ဝင်များက ပြောပါတယ်။ ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်အရမူ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှုတန်ဖိုးက တော်တော်ကို ကြီးကြီးမားမား ရှိနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာလည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးက economic damage ရဲ့ တန်ဖိုးကိုပဲ indicate လုပ်ပြီး ဖော်ပြထားနိုင်တဲ့ အနေအထားဖြစ်ပြီးတော့ဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးအရ ဆုံးရှုံးမှု losses ကို ထည့်သွင်းတွက်ချက်ဖို့ လိုတာအများကြီး တွေ့ရပါတယ်။ ဒီဟာတွေကို ပြန်တည်ဆောက်မယ်ဆိုရင် နိုင်ငံတကာ အတွေ့အကြုံအရ တည်ဆောက်ရမယ့်တန်ဖိုးက အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်အထိ ကုန်မယ့်အနေအထား ဖြစ်တဲ့အခါကျတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ ပြန်လည်တည်ဆောက်ရေးကို အများကြီး အားစိုက်လုပ်ရမယ်” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။
မန္တလေးငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာ ပြိုလဲပျက်စီးသည့် အထပ်မြင့်လူနေအိမ်၊ အဆောက်အအုံ အများစုမှာဆိုရင် Building Code (မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစံချိန်စံညွှန်း လမ်းညွှန်ချက်များ) အရ တည်ဆောက်တာ မရှိကြသလို Building Code အရ တည်ဆောက်ထားခဲ့လျှင်တောင်မှသေသေချာချာ စစ်ဆေးကြပ်မတ်သည့် အဖွဲ့အစည်း မရှိဘူးလို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
“Permit တင်တုန်းက ငါးထပ်ပဲ ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါပြီးတော့မှ တစ်ထပ်၊ နှစ်ထပ် တင်လိုက်တာတို့ ဘာတို့ဆိုတော့ မူလဆောက်ထားတဲ့ဟာက အစကတည်းက ရှစ်ထပ်ကို ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားပြီးမှ ငါးထပ်နဲ့ တင်တယ်ဆိုရင် ပြဿနာ သိပ်မရှိဘူးပေါ့။ ဒါပေမဲ့ တင်တုန်းကတည်းက ငါးထပ်ပဲ တင်ထားတယ်။ ဆောက်တဲ့အချိန်ကျမှ ရှစ်ထပ်တို့ ဘာတို့ ဖြစ်သွားတယ်ဆိုရင် မလိုလားအပ်တဲ့ဟာမျိုးတွေ တွေ့ရတာပေါ့။ အများစု ပြိုလဲသွားတဲ့ဟာတွေမှာ ကျွန်တော့်အမြင်က အဲ့ဒါမျိုးပဲ မြင်ပါတယ်” လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။
အဆောက်အအုံတစ်ခု ဆောက်လုပ်မယ်ဆိုလျှင် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာဌာနထံ တင်ပြတောင်းခံရတာပါ။ အထပ်မြင့်အတွက် ဆောက်လုပ်ခွင့်တောင်းခံရာမှာ အချိန်ကြန့်ကြာတတ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်သူဘက်ကလည်းဆောက်လုပ်မည့် အထပ်အရေအတွက်ကို လျှော့ချပြီး ဆောက်လုပ်ခွင့် တောင်းခံကြတာဖြစ်တယ်လို့ ဆောက်လုပ်ရေးနယ်ပယ်က သိရပါတယ်။
အဆိုပါ ခွင့်ပြုမိန့်များအပြင် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများကလည်းအရည်အသွေးနှင့် စံချိန်စံညွှန်း မပြည့်မီတာ၊ အရည်အသွေးမီ ပစ္စည်းကို ဝယ်ယူချင်သော်လည်း ဈေးကွက်ထဲမှာ မရှိတာ၊ ရှိလျှင်လည်း အလွယ်တကူ ဝယ်ယူလို့မရတာတွေက အခက်အခဲ ဖြစ်နေပါတယ်။ ပြည်တွင်းဖြစ် ပစ္စည်းများက စံချိန်စံညွှန်း မပြည့်မီသလို နိုင်ငံခြားက တင်သွင်းလာသည့် ပစ္စည်းများကိုလည်း အရည်အသွေး စစ်ဆေးမှု မရှိတာတွေကလည်းဆောက်လုပ်ရေးနယ်ပယ်မှာ လုပ်ချင်သလိုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“Material (ဆောက်လုပ်ရေးပစ္စည်း) တွေရဲ့ Standard (အရည်အသွေးနဲ့ စံချိန်စံညွှန်း) မမှန်မှုကြောင့် ကျွန်တော်တို့ဆီမှာ မလိုအပ်ဘဲနဲ့ Cost (ကုန်ကျစရိတ်) တွေက အလဟဿ Waste (ဖြုန်းတီးတာ) တွေ ဖြစ်တာ အများကြီးပါ” လို့ ဦးစောထွေးဇော်က ဆက်လက်ပြောဆိုပါတယ်။
ငလျင်ကြောင့် ထိခိုက်ခဲ့သည်များကို ပြန်လည်ထူထောင်ရေး လုပ်ကြမယ်ဆိုလျှင် ငလျင်အလွန်ကာလ ဆောက်လုပ်ရေးကဏ္ဍမှာ ပြောင်းလဲရမှာတွေ အများကြီး ရှိနေပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်ဟု ဆိုလိုက်လျှင် ကန်ထရိုက်တာ၊ Developer၊Designer၊ အင်ဂျင်နီယာနှင့် လုပ်သားများကိုသာ ပြေးမြင်တတ်ကြသော်လည်း တကယ်တမ်းတွင် အုတ်၊ သဲ၊ ကျောက်၊ဘိလပ်မြေ ထုတ်လုပ်ဖြန့်ချိရေး၊ အိမ်အလှဆင်လုပ်ငန်း၊ လျှပ်စစ်၊ သံနှင့် သံမဏိ၊ အိမ်မိုးသွပ်၊ ဂျပ်ဆင်ဘုတ်နှင့် ဆေးလုပ်ငန်း စသည့် ဆက်စပ်လုပ်ငန်းများစွာ ပါဝင်နေတာပါ။
ထို့အပြင် စစ်ဆေးကြီးကြပ်ရမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းချုပ်၊ ဗိသုကာကောင်စီ၊ ငလျင်ကော်မတီ၊ ဘူမိသိပ္ပံအသင်း၊ အထပ်မြင့်ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းရှင်အသင်းများ စသည့် ကဏ္ဍအသီးသီးမှ ပညာရှင်များလည်း ပါဝင်ကြပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်ဟာ နိုင်ငံ့ GDP ၏ ၁၀ ရာခိုင်နှုန်းကျော်ခန့် ရှိတယ်လို့လည်း သိရပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံဖြစ်သည့် ဆောက်လုပ်ရေးနယ်ပယ်ကြီးဟာ ငလျင်အလွန် ပြန်လည်ထူထောင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ ပျက်စီးသွားသည့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် ငွေကြေး၊ ပစ္စည်းနှင့် လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား သုံးစွဲရမှာ ဖြစ်လို့ပါ။
တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် စံချိန်စံညွှန်းမီ ပစ္စည်းများ အသုံးပြုဖို့ လိုအပ်သလို ဈေးကွက်ထဲမှာလည်း ထိုပစ္စည်းများကို အလွယ်တကူ ဝယ်ယူရရှိဖို့ အရေးကြီးတယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။ ပြည်ပက တင်သွင်းတာကိုပဲအားမကိုးဘဲ ပြည်တွင်းမှာ ပိုမိုထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ပေးဖို့လည်း စစ်အုပ်စုကို တောင်းဆိုထားကြပါတယ်။
နောက်ပြီး မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် (MNBC 2025) ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုသလို၊ အဆောက်အအုံများကိုလည်း ငလျင်ဒဏ် ၈ ရစ်ခ်တာစကေးအထိ ခနိုင်ရည်ရှိအောင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခိုင်းစေထားပါတယ်။
အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ ကုန်ကျစရိတ်နှင့် ဘေးကင်းလုံခြုံရေးကို မျှတအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်းအင်ဂျင်နီယာကောင်စီက ဆိုပါတယ်။ ဘေးကင်းရေးကို ဦးစားပေးလျှင် ကုန်ကျစရိတ် များနိုင်ပြီး ကုန်ကျစရိတ် လျှော့ချလျှင်ဘေးကင်းရေး ထိခိုက်နိုင်လို့ပါ။
“ပုံမှန်ဆိုရင် ဘယ်ဟာက ကုန်ကျစရိတ် သက်သာမလဲဆိုတာ အရင်စဉ်းစားကြပါတယ်။ အခုချိန်မှာတော့ Safe ဖြစ်တာကိုဦးစားပေးရမယ်ဆိုတဲ့ အသိတစ်ခု ရသွားမယ်လို့ ယုံကြည်ပါတယ်။ ဆောက်တဲ့အခါမှာလည်း ဘယ်လောက်အထိ ခံနိုင်ရည်ရှိအောင် ဆောက်ကြမလဲဆိုတာ စဉ်းစားလာမယ်လို့ ယုံကြည်ပါတယ်” လို့ ဆောက်လုပ်ရေးလိုင်စင်ရ ကန်ထရိုက်တာများအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးသဲကိုကိုက ပြောပါတယ်။
အဆောက်အအုံဆောက်လုပ်ခွင့် တောင်းခံရာမှာလည်း လွယ်ကူမြန်ဆန်သည့် နည်းလမ်းများ ဖြေလျှော့ပေးရန် လိုအပ်သလို၊စည်းမျဉ်းဥပဒေများဖြင့်လည်း ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ပညာရှင်များက ထောက်ပြပါတယ်။ လုပ်ငန်းရှင်များကလည်းငွေကြေးထောက်ပံ့မှု၊ ချေးငွေစီစဉ်ပေးမှုနှင့် သွင်းကုန်လိုင်စင် ခွဲဝေခွင့်ပြုပေးမှုများကို မျှော်လင့်နေကြပါတယ်။
နောက်ထပ် စိန်ခေါ်ချက်တစ်ခုကတော့ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာပါ။ “ဘယ်လောက်ပဲ အင်ဂျင်နီယာကြီးကြပ်မှုကောင်းကောင်း အောက်ခြေက တကယ်လုပ်တဲ့ Labour (လုပ်သား) တွေရဲ့ ကျွမ်းကျင်မှုကလည်း အရေးကြီးပါတယ်” လို့ ဦးသဲကိုကိုက ထပ်လောင်းပြောဆိုပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ၏ လိုအပ်ချက်များ၊ ကြပ်မတ်မှု အားနည်းချက်များနှင့် အဖွဲ့အစည်းများကြား အဂတိလိုက်စားမှုများဟာ မန္တလေးငလျင်ကြီးက စစ်လိုက်သည့် စာမေးပွဲမှာ ဖုံးမရအောင် ပေါ်ထွက်လာခဲ့ပါပြီ။ အပြိုပြိုအလဲလဲ ပျက်စီးခဲ့သည့်အဆောက်အအုံများနှင့် အသက်ဆုံးရှုံးခဲ့ရသူများက သက်သေခံနေပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် ပညာရှင်များနှင့် အဖြေရှာကြဖို့ စစ်အုပ်စုခေါင်းဆောင်က တိုက်တွန်းနေသော်လည်း တစ်ဖက်မှာတော့ ငလျင်ဘေးသင့်ဒေသများကို လေကြောင်းမှ တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သေကျေအောင် သတ်ဖြတ်ခိုင်းနေသူကလည်း ထိုသူကိုယ်တိုင်ပင် ဖြစ်ကြောင်း လေကြောင်းရန်သင့် ရုပ်အလောင်းများက သက်သေပြနေပါတော့တယ်။



