ဆောင်းပါးမန္တလေး

မန္တလေးငလျင်ကြီး အပေါ် တရုတ်နှင့်အမေရိကန် သိပ္ပံပညာအားပြိုင်ပွဲ

Reddy Simon၊ MFP – ဇန်နဝါရီ – ၂

၂၀၂၅ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်ကစလို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ သုတေသနပညာရှင်များဟာ အဆင့်မြင့် နည်းပညာတွေကိုယ်စီ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှုရော၊ အပြိုင်အဆိုင် လေ့လာမှုတွေပါပြုလုပ်ခဲ့ကြပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံရဲ့ AIRCAS (Aerospace Information Research Institute) နဲ့ အမေရိကန်နိုင်ငံ UCLA (University of California, Los Angeles) တို့ ပူးပေါင်းပြီး Science မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခံရတဲ့အထိ နက်နက်နဲနဲ သုတေသနပြုနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါဟာ ကမ္ဘာ့ရှားပါးဖြစ်စဉ်ဖြစ်တဲ့ (Supershear Rupture) အသံထက်မြန်တဲ့ငလျင်ကို အပြည့်စုံဆုံး လေ့လာနိုင်ခြင်းအဖြစ် ခေတ်သစ်ငလျင်သိပ္ပံပညာမှာ သမိုင်းစိုက်ထူနိုင်ခဲ့တာပါ။

သူတို့နှစ်ဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကဏ္ဍအလိုက် အပိုင်းခွဲပြီး MFP က စုစည်းတင်ပြပေးပါ့မယ်။ မြန်မာနိုင်ငံက ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်ရဲ့ မှတ်ချက်တွေလည်း ထည့်သွင်းဖော်ပြလိုက်ပါတယ်။ ဒီလေ့လာချက်တွေကို ကြည့်ရှုခြင်းအားဖြင့် အာဏာရှင်စနစ်နဲ့ လုံးပန်းနေရတဲ့ မြန်မာနိုင်ငံဟာ သိပ္ပံနည်းပညာနယ်ပယ်နဲ့ လွန်စွာဝေးကွာကျန်ခဲ့တာ အတိုင်းသား သိမြင်နိုင်မှာပါ။

၁။ တရုတ်နိုင်ငံ၏ တွေ့ရှိချက်နှင့် နည်းပညာများ (AIRCAS နှင့် Yunnan Array)

တရုတ်နိုင်ငံဟာ သူတို့ရဲ့ ကိုယ်ပိုင်ဂြိုဟ်တုနဲ့ မြေပြင်တိုင်းတာရေးစခန်းတွေကို အဓိကထား အသုံးပြုခဲ့ပါတယ်။ အဆင့်မြင့်ဂြိုဟ်တုနည်းပညာဖြစ်တဲ့ LuTan-1 (L-band SAR) ဂြိုဟ်တုအပြင် Jilin-1 နဲ့ Gaofen စီးရီး ဂြိုဟ်တုပုံရိပ်တွေကို အသုံးပြုပြီး မြေပြင်ပျက်စီးမှုကို စံချိန်တင်တိကျစွာ ပုံဖော်နိုင်ခဲ့ပါတယ်။

အခုနည်းပညာတွေအကြောင်း ကမ္ဘာ့မီဒီယာတွေက ဘာပြောလဲဆိုတာ ရှင်းပြပေးပါ့မယ်။ LuTan-1 (L-band SAR) စီမံကိန်းအဖြစ် တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်မှာ ဂြိုဟ်တုနှစ်လုံးကို လွှင့်တင်ခဲ့ပြီး နှစ်လုံးပေါင်းပြီး ဒေတာရယူတဲ့အတွက် ပိုမိုတိကျတဲ့ 3D မြေပုံတွေနဲ့ စင်တီမီတာအဆင့်အထိ တိကျတဲ့ မြေပြင်ပြောင်းလဲမှုတွေကို တိုင်းတာနိုင်လာတာပါ။

သူဟာ Synthetic Aperture Radar (SAR) အမျိုးအစား ဖြစ်ပါတယ်။ အလင်းရောင်မလိုဘဲ ရေဒီယိုလှိုင်းတွေကို သုံးပြီး ပုံရိပ်ဖော်တာပါ။ L-band ဖြစ်တဲ့အတွက် သစ်တောတွေ၊ သစ်ပင်တွေကိုပါ ဖောက်ထွင်းပြီး မြေကြီးရဲ့ အခြေအနေကို မြင်နိုင်စွမ်း ရှိပါတယ်။

InSAR (Interferometric SAR) နည်းပညာကို သုံးပြီး မြေပြင်စင်တီမီတာ အနည်းငယ် ရွေ့သွားတာကိုတောင် တိတိကျကျ တိုင်းတာနိုင်ပါတယ်။ ဒါ့အပြင် အမှောင်ထဲမှာဖြစ်စေ၊ ညဘက်ဖြစ်စေ၊ တိမ်ထူနေတဲ့ ရာသီဥတုမျိုးမှာဖြစ်စေ ပုံရိပ်တွေကို ကြည်လင်စွာ ရယူနိုင်ပါတယ်။

ဒါ့အပြင် Gaofen စီးရီး ဂြိုဟ်တုပုံရိပ် နောက်ဆုံးပေါ်နည်းပညာကို သုံးပြီး ငလျင်ရဲ့ မြေပြင်ဓာတ်ပုံတွေ ရယူနိုင်ခဲ့ပါတယ်။ Gaofen ဆိုတာ “High Resolution” လို့ အဓိပ္ပာယ်ရပြီး တရုတ်နိုင်ငံရဲ့ မြေပြင်လေ့လာရေး အဓိကစီမံကိန်း China High-resolution Earth Observation System (CHEOS) ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ Gaofen-4 ဟာ ကမ္ဘာ့အမြင့်ပိုင်း (Geostationary Orbit) ကနေ မြန်မာနိုင်ငံလို ဒေသမျိုးကို ၂၄ နာရီပတ်လုံး ကြည်လင်ပြတ်သားစွာ စိုက်ကြည့်နေနိုင်သလို အကြိမ်ကြိမ် မှတ်တမ်းတင်နိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ မြေကမ္ဘာလေ့လာရေးဂြိုဟ်တု Gaofen ဟာမြေပြင်ဓာတ်ပုံတွေကို ကြည်လင်ပြတ်သားစွာမှတ်တမ်းတင်နိုင်ပါတယ်။

ဓာတ်ပုံ/EOSDC-CNSA)

တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဂြိုဟ်တု စောင့်ကြည့်ရေးစနစ်များဟာ ကမ္ဘာမှာ သံသယနဲ့ စောင့်ကြည့်ခြင်း ခံရကြောင်း South China Morning Post (SCMP) သတင်းစာက မကြာခဏ ဝေဖန်လေ့ရှိပါတယ်။ အထူးသဖြင့် တရုတ်အစိုးရအနေနဲ့ ဂြိုဟ်တုက ဖမ်းယူရရှိတဲ့ ပုံတွေကို မြေကမ္ဘာလေ့လာရေးထက် ကျော်လွန်ပြီး နိုင်ငံရေး၊ စစ်ရေး အားသာချက်အဖြစ် အသုံးပြုလာနိုင်တာကိုပါ။

ဥပမာအားဖြင့် ထိုင်ဝမ်ရေလက်ကြားဟာ တိမ်ထူထပ်တတ်တဲ့ ဒေသဖြစ်ပါတယ်။ ရိုးရိုး Optical ဂြိုဟ်တုတွေ အလုပ်မလုပ်နိုင်ချိန်မှာ LuTan-1 ရဲ့ Radar က ပြတ်ပြတ်သားသား မြင်နေရတာဟာ ထိုင်ဝမ်အတွက်တော့ ကြီးမားတဲ့ လုံခြုံရေးစိန်ခေါ်မှု ဖြစ်နေတယ်လို့ SCMP က ထောက်ပြပါတယ်။

အချုပ်အားဖြင့်ဆိုရရင် တရုတ်ရဲ့ မြန်မာ့ငလျင်ကြီးအပေါ် သုတေသနဟာ ကြည်လင်ပြတ်သားတဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ တည်ဆောက်ထားတဲ့ အမြင် (Optical) ပိုင်းဆိုင်ရာ သက်သေတွေကို ပေးစွမ်းပါတယ်။ တရုတ်နိုင်ငံဟာ ဒီလို သူတို့ရဲ့ အဆင့်မြင့်နည်းပညာတွေကို သဘာဝဘေး ကိစ္စမျိုးမှာ အသုံးပြုတာဟာ တစ်ဖက်က လူသားချင်းစာနာမှု ပြသသလို၊ တစ်ဖက်ကလည်း သူတို့ရဲ့ “အမှောင်ထဲမှာ မြင်နိုင်တဲ့ မျက်လုံး” ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို ကမ္ဘာကို (အထူးသဖြင့် သူနဲ့ ရန်ဘက်ဖြစ်တဲ့ အမေရိကန်နဲ့ ထိုင်ဝမ်ကို) သတိပေးပြသရာလည်း ရောက်ပါတယ်လို့ The Diplomat သတင်းဌာနက ဆိုထားပါတယ်။

ဒီမတိုင်ခင်က တရုတ်သုတေသီပညာရှင်တွေရဲ့ မန္တလေးငလျင်ကြီးအပေါ် ကနဦး ခန့်မှန်းချက်ဟာ အပြည့်အဝ မမှန်ခဲ့ပါဘူး။ လွဲမှားခဲ့ပါတယ်။

တရုတ်သုတေသီ Zhongqiu He တို့အဖွဲ့ရဲ့ Geophysical Research Letters မှာ ဖော်ပြချက်အရ ငလျင်လှိုင်းဟာ ဗဟိုချက်ရဲ့ တောင်ဘက်ရော မြောက်ဘက်ကိုပါ Supershear (အသံထက်မြန်တဲ့နှုန်း) နဲ့ ပြတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါက မမှန်ပါဘူး။ ဒါ့ကြောင့် ပညာရှင်တွေက ထပ်မံသုတေသနပြုခဲ့ကြပါတယ်။ ဒေသတွင်း တိုင်းတာမှုအနေနဲ့ (Southern Yunnan Array) တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာရှိတဲ့ ငလျင်တိုင်းတာရေးစခန်းပေါင်း ၆၀ ကျော်ကို အသုံးပြုပြီး ငလျင်လှိုင်းတွေရဲ့ ရွေ့လျားမှုကို ထပ်မံအသေးစိတ် တွက်ချက်ခဲ့ပြီး သုတေသနတွေ ပေါင်းစပ်အတည်ပြုမှုအရ မန္တလေးငလျင်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်ကို ၀.၉ km/s နဲ့ အလွန်နှေးကွေးစွာ ပြတ်ထွက်သွားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်ဘက်ပိုင်းမှာတော့ အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားသွားပါတယ်။

၂။ အမေရိကန်နိုင်ငံ၏ တွေ့ရှိချက်နှင့် နည်းပညာများ (UCLA နှင့် USGS)

အမေရိကန်နိုင်ငံရဲ့ သုတေသနဟာ တရုတ်နိုင်ငံနဲ့ လုံးဝကွဲပြားပါတယ်။ တရုတ်က ဂြိုဟ်တုပုံရိပ်တွေ အသုံးပြုပြီး (Optical) ပိုင်းဆိုင်ရာ အားပြုလေ့လာခဲ့ပေမဲ့ အမေရိကန်ကတော့ ကမ္ဘာလုံးဆိုင်ရာ ငလျင်စခန်းတွေက အချက်အလက် စုဆောင်းမှုနဲ့ အဆင့်မြင့် တွက်ချက်မှု ပုံစံငယ်တွေကို အဓိကထားခဲ့ပါတယ်။

Slowness-Enhanced Back-Projection (SEBP) လို့ခေါ်တဲ့ ဒီနည်းပညာဟာ ငလျင်လှိုင်းတွေရဲ့ အချိန်ကွာဟချက်တွေကို ပြင်ဆင်ကာ ငလျင်ဖြစ်စဉ်ကို ပိုမိုတိကျအောင် တိုင်းတာခြင်းပါ။

အမေရိကန်ပညာရှင်တွေဟာ SEBP နည်းလမ်းကို အသုံးပြုပြီး ငလျင်လှိုင်းတွေရဲ့ အချိန်ကွာဟချက်တွေကို ပြင်ဆင်ကာ ငလျင်ဖြစ်စဉ်ကို ပိုမိုတိကျအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုရင် US Geological Survey (USGS) က ငလျင်လှုပ်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာပင် ငလျင်ဗဟိုချက် တည်နေရာနဲ့ ပြတ်ရွေ့မှုပုံစံကို အလျင်အမြန် ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။ သို့သော် ကနဦးတွင် ထုတ်ပြန်မှုများမှာ မြောက်ဘက်ခြမ်း ပြတ်ရွေ့မှုအရှိန်ကို ၃.၂ km/s လို့ ခန့်မှန်းခဲ့တာကြောင့် နောက်ပိုင်းတွင် တရုတ်နိုင်ငံရဲ့ အချက်အလက်များနှင့် ငြင်းခုံစရာ ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် UCLA (University of California, Los Angeles) က သုတေသီတွေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တိုင်းတာရေးစခန်းတွေကရတဲ့ အချက်အလက်တွေကို သုံးပြီး SEBP စနစ်နဲ့ ပြန်လည်သုတေသနပြုတဲ့အခါမှာ ငလျင်ရဲ့ စွမ်းအင်ထုတ်လွှတ်မှုဟာ တောင်ဘက်ကို ၅.၀ km/s (Supershear speed) အထိ ရွေ့လျားခဲ့ပေမဲ့ မြောက်ဘက်မှာတော့ အလွန်နှေးကွေးစွာ ရွေ့သွားတာကို တွေ့ရပါတော့တယ်။

NASA ကဖော်ပြခဲ့သည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်မြောက်ရွေ့လျားပုံ။
ဓာတ်ပုံ/ NASA

၃။ နှစ်ဖက်စလုံး သဘောတူညီခဲ့သော အဓိကတွေ့ရှိချက်များ

နိုင်ငံတကာ ပူးပေါင်းအဖွဲ့အနေနဲ့ အောက်ပါအချက်တွေကို တညီတညွတ်တည်း ဖော်ထုတ်နိုင်ခဲ့ပြီး သိပ္ပံပညာနယ်ပယ်မှာ ဂုဏ်သိက္ခာကြီးမားတဲ့ Science မဂ္ဂဇင်းရဲ့ အောက်တိုဘာလ မျက်နှာဖုံးသုတေသန တစ်ခုဖြစ်လာခဲ့ပါတော့တယ်။

(၁) Bilateral Asymmetric Rupture: ငလျင်ဟာ ဗဟိုချက်ကနေ နှစ်ဖက်စလုံးကို ပြတ်ထွက်သွားပေမဲ့ တောင်ဘက်က အလွန်မြန်ပြီး မြောက်ဘက်က အလွန်နှေးနေတဲ့ ထူးခြားတဲ့ ဖြစ်စဉ်ဖြစ်တယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။

(၂) Bimaterial Effect: စစ်ကိုင်းပြတ်ရွေ့ရဲ့ ဘေးတစ်ဖက်စီမှာရှိတဲ့ ကမ္ဘာ့မြေလွှာ ဒြပ်သားချင်း မတူညီမှုကြောင့် ဤကဲ့သို့ အရှိန်ကွဲပြားသွားရခြင်း ဖြစ်တယ်ဆိုတာကို ပူးပေါင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

(၃) Mature Fault: စစ်ကိုင်းပြတ်ရွေ့ဟာ အလွန်ရင့်ကျက်တဲ့ ပြတ်ရွေ့ဖြစ်တာကြောင့် စွမ်းအင်တွေကို အဟန့်အတားမရှိ ထိရောက်စွာ ထုတ်လွှတ်နိုင်ခဲ့တယ်ဆိုတဲ့ အချက်ကို တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။

ဒီတွေ့ရှိချက်တွေကို MFP က မြန်မာနိုင်ငံမြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်နဲ့ ဆွေးနွေးပြီးအတည်ပြုခဲ့ပါတယ်။

စူပါပါဝါ နိုင်ငံနှစ်ခုရဲ့ ပူးပေါင်းသုတေသ ဟာ လက်တွေ့ဒုက္ခပေါ်ကမြန်မာနိုင်ငံအတွက် လက်တွေ့အသုံးချ စရာဘာများ ရှိပါသလဲ။

ဒေါက်တာမျိုးသန့်က ကမ္ဘာပေါ်မှာ ရှားပါးဖြစ်စဉ်လို့ ဆိုရတဲ့ (Supershear Rupture) အသံထက် မြန်သောငလျင်အကြောင်း မြန်မာပညာရှင်တွေကြားမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ခေတ်စားခဲ့ပြီး စစ်ကိုင်းပြတ် ရွေ့ဟာလည်း Supershear ဖြစ်နိုင်တဲ့ ပြတ်ရွေ့လို့ နိုင်ငံတကာပညာရှင်တွေက ခန့်မှန်းခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

အသံထက်မြန်တဲ့ ငလျင်နဲ့ စစ်ကိုင်းပြတ်ရွေ့အကြောင်း အပြည့်အစုံကို MFP က ထပ်မံဖော်ပြ သွားပါဦးမယ်။

ကိုးကား :

(၁)Science မဂ္ဂဇင်း၏ မျက်နှာဖုံးဆောင်းပါး သုတေသန”Bimaterial effect and favorable energy ratio enabled supershear rupture in the 2025 Mandalay earthquake”

(၂)Rupture Dynamics of the 2025 M 7.7 Myanmar Earthquake: A Bilateral Supershear Rupture on Unusually Long Fault Superhighway

(၃)Mature fault mechanics revealed by the highly efficient 2025 Mandalay earthquake

(၄)AIRCAS Researchers Reveal Supershear Rupture Mechanism of 2025 Mw 7.8 Myanmar Earthquake

Related Articles

Back to top button