

Reddy Simon/MFP – ဇန်နဝါရီ – ၃
၂၀၂၅ မြန်မာငလျင်ကြီးကိုစူပါပါဝါနှစ်နိုင်ငံက သုတေသီတွေ အပြိုင်အဆိုင် လေ့လာခဲ့ကြကြောင်း Science မဂ္ဂဇင်းကိုကိုးကားပြီး စုစည်းတင်ပြခဲ့ပါတယ်။ နောက်ဆုံး သုတေသနမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးဟာ အသံထက် လျင်မြန်တဲ့ Supershear Rupture ဖြစ်စဉ်ဆိုတာကို နှစ်ဖက်လုံး ချွင်းချက်မရှိ သဘောတူခဲ့ကြကြောင်း ဖော်ပြခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ပညာရှင် ဒေါက်တာမျိုးသန့်က Supershear ဖြစ်စဉ်ဆိုတာကို အခုလို ရှင်းပြပါတယ်။ရှင်းလင်းစွာ နားလည်ဖို့အတွက် ငလျင်လှိုင်း (Seismic Wave) နဲ့ မြေလွှာချပ် ပြတ်ရွေ့မှု (Rupture) ကို ခွဲခြားပြောထားပါတယ်။
“ပုံမှန်ငလျင်မှာ ပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် တွန်းနေတဲ့အတွက် ငလျင်လှိုင်း (Seismic Wave) တွေကို ထုတ်လွှတ်ပေးတယ်။ ရေထဲကို ခဲပစ်ချသလို လှိုင်းတွေပေါ့။ ဒီလှိုင်းတွေမှာ အလျင် (Velocity) ရှိတယ်”
“Rupture ကကျတော့ ဒီပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် ပြတ်ထွက်သွားတာပေါ့။ ဦးတည်ချက် (Direction) နှစ်ခုပဲ ရှိမယ်။ ဒီပြတ်ထွက်မှုမှာလည်း အလျင် (Velocity) ရှိတယ်” လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။
သာမန်ငလျင်တွေမှာ ငလျင်လှိုင်းတွေက တိုင်းတာရေးစခန်းဆီ အရင်ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ငလျင်မှာ ငလျင်လှိုင်းရဲ့ အလျင် (Velocity) ထက် မြေလွှာပြတ်ရွေ့မှုရဲ့ အလျင် (Velocity) က အရင်ရောက်လာတာကြောင့်ဒီဖြစ်စဉ်ကို Supershear (အသံထက်မြန်သော ငလျင်) လို့ ခေါ်ဆိုတာ ဖြစ်ကြောင်း ဒေါက်တာမျိုးသန့်က MFP ကို ရှင်းပြပါတယ်။
“နေပြည်တော်မှာ ငလျင်တိုင်းစက်စခန်း ရှိတယ်။ ထိုနည်းတူစွာပဲ မန္တလေးမှာလည်း စခန်းရှိတယ်။ အဲဒီ နေပြည်တော်စခန်းသည် စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတယ်။ အဲဒီစခန်းတွေကို ငလျင်လှိုင်း (Seismic Wave) ကလည်း လာတယ်။ Rupture ကလည်း ‘” ဗြောင်း”ဆို ကျိုးပြီးတော့ ပြတ်သွားတဲ့ Velocity ရောက်လာတယ်။ Rupture ရောက်လာတဲ့ အချိန်က ငလျင်လှိုင်း မရောက်ခင် အရင်ရောက်သွားတယ်။ ဒါကို Supershear လို့ ကျွန်တော်တို့က ခေါ်တယ်” လို့ သူက ရှင်းပြပါတယ်။
ကမ္ဘာပေါ်မှာ Supershear ဖြစ်နိုင်တဲ့ ပြတ်ရွေ့ကြီး ၁၀ ခု ရှိကြောင်း နိုင်ငံတကာ ပညာရှင်တွေ သတ်မှတ်ခဲ့ရာမှာ စစ်ကိုင်းပြတ်ရွေ့ဟာ နံပါတ် (၃) နေရာမှာ ရှိတယ်လို့ ဒေါက်တာမျိုးသန့်က ရှင်းပြပါတယ်။ ဒါပေမဲ့ ဂရုစိုက်သူ နည်းခဲ့ကြောင်းထပ်လောင်းပြောပါတယ်။

(၂) တရုတ်နဲ့ အမေရိကန် ပညာရှင်တွေ တွေ့ရှိမှု
ယမန်နေ့က ဖော်ပြခဲ့တဲ့ စူပါပါဝါနှစ်နိုင်ငံရဲ့ ၂၀၂၅ မြန်မာ့ငလျင်အပေါ် သုတေသန အားပြိုင်ပွဲဟာ ဒီပြတ်ရွေ့မှုနှစ်ခုရဲ့ အလျင်(Speed) ကို တွက်ချက်မှုအပေါ်မှာ အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ ကနဦး လေ့လာမှုတွေမှာ အမေရိကန်ပညာရှင်(USGS) ရော တရုတ်သုတေသီ အဖွဲ့တွေကပါ ပြတ်ရွေ့နှစ်ခုရဲ့ အချိန်နဲ့ အရှိန်အတိအကျကို မှားယွင်းတွက်ချက်ခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ဆုံး သုတေသနတွေအရ ငလျင်ဗဟိုချက်ရဲ့ မြောက်ဘက်ခြမ်းကို ပြတ်ရွေ့မှုနှုန်းဟာ တစ်စက္ကန့်ကို ၀.၉ကီလိုမီတာ (0.9 km/s) လောက်ပဲ ရှိခဲ့ပြီး အလွန်နှေးကွေးနေခဲ့ပေမဲ့ တောင်ဘက်ခြမ်းကတော့ တောင်ဘက်ကို ၅.၀ km/s နဲ့(Supershear speed) ရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဥပမာအားဖြင့် မြောက်ဘက်ခြမ်းကို ပြိုင်ကားတစ်စီးရဲ့ အရှိန်နဲ့ ရွေ့သွားပြီး တောင်ဘက်မှာတော့ Hypersonic ဂျက်လေယာဉ်ရဲ့ အမြန်နှုန်းနဲ့ ပြတ်ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်အသံထက်မြန်တဲ့ ငလျင်လို့ ခေါ်ကြောင်း ဒေါက်တာမျိုးသန့်က ရှင်းပြပါတယ်။
တစ်ဖက်က အလွန်မြန်ပြီး တစ်ဖက်က အလွန်နှေးနေတဲ့ ဒီလို Bilateral asymmetric rupture (နှစ်ဖက်မမျှတဲ့ ပြတ်ထွက်မှု) ဖြစ်စဉ်ဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ Science မဂ္ဂဇင်းမှာ ပညာရှင်တွေက ဆိုပါတယ်။
ဒီလို အရှိန်အလွန်မြန်တဲ့အတွက် “Mach Cone Effect” လို့ခေါ်တဲ့ အသံထက်မြန်တဲ့ လေယာဉ်တွေမှာ ဖြစ်တတ်တဲ့ Sonic boom လိုမျိုး ငလျင်လှိုင်းတွေ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ပြင်းထန်တဲ့ စွမ်းအင်လှိုင်းကြီးတွေကို ငလျင်သွားရာလမ်းကြောင်းတစ်လျှောက် ထုတ်လွှတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ငလျင်ဗဟိုချက်နဲ့ ဝေးတဲ့နေရာတွေမှာတောင် ပျက်စီးမှုတွေကထင်ထားတာထက် ပိုပြင်းထန်ခဲ့ရတာလို့ Science မဂ္ဂဇင်းရဲ့ ပူးပေါင်းသုတေသနက ကောက်ချက်ပြုပါတယ်။ အထူးသဖြင့်တောင်ဘက်ကို ပြတ်ထွက်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ မြို့တွေဟာ ဒီ Mach wave တွေရဲ့ တိုက်ရိုက်သက်ရောက်မှုကို ခံခဲ့ရတာပါလို့ တရုတ်သုတေသန ပညာရှင်တွေက ဆိုထားပါတယ်။
(၃) ဘာကြောင့် အရှိန်ချင်း ကွဲပြားသွားတာလဲ (Bimaterial Effect)
မြောက်ဘက်ခြမ်း အရှိန်ဟာ ၀.၉ km/s လောက်ပဲ ရှိပြီး တောင်ဘက်ခြမ်းကတော့ ၅.၀ km/s အထိ မြန်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပြီးနောက် ဒါဟာဘာကြောင့်ဆိုတာ ဆက်ကြည့်ရအောင်ပါ။
စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံရဲ့ ကျောရိုးတစ်လျှောက်မှာ တည်ရှိနေပြီး သူ့ရဲ့ အရှေ့ဘက်ခြမ်း (ရှမ်းကုန်းမြင့်ဒေသမှာ) Sunda Plate (ဆွန်းဒါး မြေလွှာချပ်) ရှိပြီး အနောက်ဘက်ခြမ်း (မြန်မာနိုင်ငံအလယ်ပိုင်း မြစ်ဝှမ်းဒေသမှာ) Burma Plate (ဘားမား မြေလွှာချပ်) ရှိပါတယ်။ ဒီပလိပ်နှစ်ခုဟာ အချင်းချင်း ပွတ်တိုက်နေကြပြီး ငလျင်ဖြစ်ပေါ်စေဖို့ အင်အားတွေကိုစုစည်းနေကြပါတယ်။
အရှေ့ဘက်ခြမ်း Sunda Plate ရဲ့ ကျောက်သားတွေဟာ အနောက်ဘက်ခြမ်း Burma Plate မှာ ရှိတဲ့ ကျောက်သားတွေထက်ပိုမိုသိပ်သည်းပြီး ငလျင်လှိုင်း ဖြတ်သန်းမှုနှုန်း ပိုမြန်ပါတယ်။ ကျောက်သား ဒြပ်သားချင်း မတူညီတဲ့ အနားသတ်နှစ်ခုပွတ်တိုက်တဲ့အခါ တောင်ဘက်ကို ပြတ်ထွက်တဲ့ အရှိန်က ပိုမြန်သွားစေဖို့ တွန်းအားပေးသလို ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

Science သုတေသန စာတမ်းအရ “မတူညီတဲ့ ဒြပ်သားနှစ်ခု ပွတ်တိုက်မိနေတဲ့အခါ ငလျင်လှုပ်တဲ့အချိန်မှာ အရှိန်ဟာ ဒြပ်သားပိုမာတဲ့ဘက် (တောင်ဘက်) ကို ပိုပြီး မြန်မြန်သွားဖို့ အားပေးသလို ဖြစ်သွားပြီး စစ်ကိုင်းပြတ်ရွေ့ဟာ နှစ်ပေါင်းများစွာစွမ်းအင်တွေ စုစည်းထားခဲ့တာကြောင့် Supershear ဖြစ်စဉ် ဖြစ်ပေါ်ဖို့ အလွန်လွယ်ကူနေခဲ့တာလို့ ဆိုပါတယ်။
၄။ ရင့်ကျက်တဲ့ ပြတ်ရွေ့ကြောင်း (Mature Fault) ရဲ့ ထူးခြားချက်
နိုင်ငံတကာက ပညာရှင်တွေ အံ့သြခဲ့ရတဲ့ အချက်တစ်ခုကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ “ရင့်ကျက်မှု” (Fault Maturity) ပါပဲ။ နယူးမက္ကဆီကို တက္ကသိုလ်က အမေရိကန် ငလျင်ပညာရှင် Eric O. Lindsey ဦးဆောင်တဲ့ အဖွဲ့က Nature Communications ဂျာနယ်မှာ ဖော်ပြခဲ့တာကတော့ ဒီငလျင်ဟာ “အလွန်ထိရောက်တဲ့ ပြတ်တောက်မှု” (Highly efficient rupture) ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သာမန်ငလျင်တွေမှာဆိုရင် မြေအောက်အနက်ပိုင်းမှာ ရွေ့သလောက် မြေမျက်နှာပြင်ပေါ်မှာ အပြည့်အဝ မရွေ့တာမျိုး(Shallow Slip Deficit – SSD) ရှိတတ်ပါတယ်။ ဒါပေမဲ့ မန္တလေးငလျင်မှာတော့ မြေမျက်နှာပြင်ပေါ်မှာ ၆ မီတာ (ပေ ၂၀ ခန့်) အထိ တိုက်ရိုက် ပြတ်ထွက်သွားခဲ့ပြီး SSD ကွာဟချက်ဟာ သုည (Zero) နီးပါး ဖြစ်ခဲ့ပါတယ်။
ဘာကို ဆိုလိုတာလဲဆိုရင် စစ်ကိုင်းပြတ်ရွေ့ဟာ အလွန်ဖြောင့်စင်းပြီး ချောမွေ့နေတဲ့ “ငလျင်အမြန်လမ်းမကြီး” (Fault Superhighway) တစ်ခုလို ဖြစ်နေတာကြောင့် စွမ်းအင်တွေဟာ မြေမျက်နှာပြင်အထိ အဟန့်အတားမရှိ ထွက်လာနိုင်ခဲ့တာလို့သူက ဆိုထားပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောင်းကြီးဟာ ကီလိုမီတာ ရာနဲ့ချီပြီး အလွန်ဖြောင့်စင်းနေသလို၊ ပြတ်ရွေ့ကြောင်း တစ်လျှောက်မှာလည်းအနှောင့်အယှက်တွေ သိပ်မရှိတော့ဘဲ စွမ်းအင်တွေကို အလွန်ထိရောက်စွာ (Efficiently) ထုတ်လွှတ်နိုင်တဲ့ အနေအထားကိုရောက်နေပြီဆိုတာပါ။ ဒါကြောင့်လည်း ငလျင်လှိုင်းတွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ ကီလိုမီတာ ၅၀၀ နီးပါးအထိ တားမရ ဆီးမရ ပြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
Lindsey ရဲ့ သုတေသနမှာ နောက်ထပ် ထူးခြားတဲ့ အချက်ကို တွေ့ရပါတယ်။ ဒီ ၂၀၂၅ ငလျင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ အတွင်းမှာ လှုပ်ခတ်ခဲ့ဖူးတဲ့ ၁၉၂၉၊ ၁၉၃၀ နဲ့ ၁၉၅၆ ငလျင်တွေရဲ့ နေရာဟောင်းတွေကို ပြန်ပြီး “နင်း” သွားခဲ့တာပါ။
သိပ္ပံနည်းကျ “Slip-predictable model” အယူအဆအရ အရင်လှုပ်ခဲ့ဖူးတဲ့ နေရာတွေမှာ စွမ်းအင်တွေ အပြည့်အဝ ပြန်မစုမိသေးတာကြောင့် အဲဒီနေရာတွေရောက်ရင် ငလျင်ရဲ့ ရွေ့လျားမှု (Slip) က နည်းနည်း လျော့သွားတတ်ပါတယ်။ ဒါပေမဲ့မန္တလေးငလျင်ကတော့ အဲဒီနေရာဟောင်းတွေကိုပါ တစ်ဆက်တည်း ဖြတ်ကျော်ပြီး ကီလိုမီတာ ၅၀၀ နီးပါးအထိ ရှည်လျားစွာပြတ်ထွက်သွား (Rupture) တာဟာ ကမ္ဘာ့ငလျင်သမိုင်းမှာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ပညာရှင်တွေက မှတ်တမ်းတင်ခဲ့ကြပါတယ်။

၅။ သတိပေးချက်
နိုင်ငံတကာ သုတေသနတွေ အားလုံး တညီတညွတ်တည်း ပေးတဲ့ သတိပေးချက်ကတော့ – “စစ်ကိုင်းပြတ်ရွေ့ဟာ အရင်ကထင်ထားတာထက် ပိုပြီး အန္တရာယ်ကြီးတယ်” ဆိုတာပါပဲ။ အထူးသဖြင့် Supershear rupture တွေဟာ ငလျင်ဗဟိုချက်ကနေဝေးတဲ့နေရာတွေအထိ အပြင်းအထန် ဖျက်ဆီးနိုင်စွမ်း ရှိတာကြောင့် အနာဂတ်မှာ ငလျင်ဒဏ်ခံ အဆောက်အဦတွေဆောက်လုပ်ရာမှာ ဒီအချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းထားကြပါတယ်။ ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အစွန်းနဲ့ မြောက်ဘက်အစွန်းများဟာ ငလျင်ဖြစ်ပေါ်လာလို့ အင်အားတွေစုနေကြောင်းသတိပေးထားပါတယ်။
နိဂုံးချုပ်အနေနဲ့ နိုင်ငံတကာ ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ၂၀၂၅ မတ်လ ငလျင်ဟာ ကမ္ဘာ့မြေအောက်မှာ ရှိတဲ့ ပြတ်ရွေ့ကြောင်းကြီးတွေ ဘယ်လောက်အထိ အင်အားကြီးမားနိုင်တယ်၊ ဘယ်လောက်အထိ ထူးခြားတဲ့ သိပ္ပံဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာကို ပြသသွားခဲ့တဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။
ဒီသုတေသနတွေဟာ မြန်မာနိုင်ငံအတွက်တင်မကဘဲ ကမ္ဘာတစ်ဝှမ်းက အခြားပြတ်ရွေ့ကြောင်းတွေ (ဥပမာ – San Andreas Fault) အနီးမှာ နေထိုင်ကြတဲ့ လူသားတွေအတွက်ပါ အလွန်တန်ဖိုးရှိတဲ့ အချက်အလက်တွေကိုပေးစွမ်းနိုင်ခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံသား တွေဟာ ဒီဖြစ်စဉ်ပေါ်က သင်ခန်းစာယူနိုင်ဖို့ အလှမ်းဝေနေဆဲလို့ ဒေါက်တာမျိုးသန့်က မှတ်ချက်ပြုပါတယ်။
“ဒီငလျင်ကြီး လှုပ်တာ ကျွန်တော်တို့က ကမ္ဘာမှာ ကြုံတောင့်ကြုံခဲတဲ့ ဟာဖြစ်သွားတဲ့အထဲက ကျွန်တော်တို့ တစ်ခုအပါအဝင် ဖြစ်သွားတယ်” လို့ သူက ဆိုပါတယ်။ အမှန်တကယ်ဆိုရင် အဲဒီလိုမျိုး သဘာဝဘေးတွေက လေ့လာဖို့ (Study လုပ်ဖို့) အတွက်အကောင်းဆုံးပါပဲ။ “အခု ၂၀၂၅ မြန်မာငလျင်သည် ရှားရှားပါးပါး တကယ့် Supershear ဖြစ်တယ်၊ တစ်ကမ္ဘာလုံးက ဒါကိုစိတ်ဝင်တစားနဲ့… ဘယ်နိုင်ငံမှာမှ လုပ်ခွင့်မကြုံလိုက်ဘူး” လို့ သူက ဆိုပါတယ်။



