“ကသာ မှသည် ဗန်းမော်ဆီသို့” ကသာမြို့သိမ်းတိုက်ပွဲ ဘယ်ဆီဦးတည်နေလဲ

ဆောင်းနွေဦး၊Reddy Simon/ MFP – ဇန်နဝါရီ – ၅
စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ နာမည်ကျော် (က)သုံးလုံးခရိုင်၊ ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာလ ၂၈ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲနေ့ ကစလို့ သေနတ်သံတဖန်ညံခဲ့တဲ့ ကသာမြို့နယ်ဟာ မြို့သိမ်းတိုက်ပွဲ အသွင် ဆောင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြုံးဝါးထားပါတယ်။ ဒီတိုက်ပွဲမှာ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကွန်မြူနစ်ပါတီရဲ့တပ် (PLA)တို့အပြင် မကြာသေးခင်မှစုစည်းခဲ့တဲ့ SRA အဖွဲ့တို့ ပါဝင်ကြတာဟာထူးခြားချက်ပါ။
စစ်အုပ်စုကလည်း ကသာမြို့ ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ခမရ–၃၀၉ တပ်ရင်းအပါအဝင် အထိုင်စခန်းတွေကို လက်မလွှတ်ရဖို့အတွက် လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေဆဲဖြစ်ပါတယ်။
ကသာမြို့ ရဲ့ နောက်ဆုံးရ တိုက်ပွဲတွေအခြေအနေနဲ့ ဒီဒေသဟာ စစ်ရေးအရ ဘယ်လောက် အရေးပါ သလဲစတဲ့ အခြေအနေတွေကို MFP က စုစည်းဖော်ပြလိုက်ပါတယ်။
ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ ခရိုင် ရုံးစိုက်ရာ မြို့တစ်ခုလည်းဖြစ်သလို စစ်ကိုင်း တိုင်းကနေကချင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောရေလမ်းကြောင်း ဝင်ပေါက် ရှိနေပါတယ်။
ဒီရေကြောင်းခရီးဟာ စစ်ရေးအရ အင်မတန်အရေးကြီးကြောင်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကသာမြို့နဲ့ ထီးချိုင့်အနီးတဝိုက် ဧရာဝတီမြစ်တွင်း ရေကြောင်းတိုက်ပွဲတွေက သက်သေပါပဲ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်အုပ်စုတပ်ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ကချင်ပြည်နယ်အထိကို လူ၊လက်နက်၊ရိက္ခာစတဲ့ ထောက်ပို့ရေးတွေမျာ ရေလမ်းကြောင်းကိုအဓိကအားကိုးအသုံးပြု နေခဲ့တာပါ။ စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဒီဒေသတဝိုက် ဧရာဝတီမြစ်ဘေးကမ်းကျေးရွာတွေကို လေယာဉ်၊ စစ်သင်္ဘောတွေ ဘက်စုံ အသုံးပြုပြီး တိုက်ခိုက်မှုပြုလေ့ရှိခဲ့ရာကနေ ၂၀၂၅ မှာမြေပြင် ထိုးစစ်ဆင်နိုင်မှု လျော့နည်းလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကသာမြို့ကို သိမ်းယူနိုင်ပြီးရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့အခွင့်အရေးတစ်ရပ်ပါ။
ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ပွဲကို “ကသာ ကနေ ဗန်းမော်ဆီသို့” လို့ ညွှန်းဆိုပြီးပြောပါတယ်။ “ တပ်စခန်းတချို့ သိမ်း ရတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ စခန်းငယ်လေးတွေတော့ သိမ်းရတာရှိပါတယ်။ ပင်မစခန်းတွေသိမ်းရတယ်ဆိုတာတော့ မကြားရသေးပါဘူး” လို့ ဗိူလ်မှူးကြီးနော်ဘူက MFP ကို အခုလိုဆက်ပြီး ပြောပါတယ်။
“ ကသာတို့ ရွှေကူတို့ ဗန်းမော်တို့က ရေလမ်းကြောင်းအရ တော်တော်အရေးပါတဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ သိမ်းနိုင်လို့ရှိရင်တော့ ကျွန်တော်တို့ကချင်ပြည်နယ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ PDFတွေအတွက် ထိရောက်တဲ့အောင်ပွဲတွေဖြစ်လာမယ်လို့ မျှော်မှန်းပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူကမှတ်ချက်ပေးပါတယ်။
ကသာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ စုနဲ့ လူဦးရေတစ်သိန်းခွဲ ကျော် နေထိုင်ပြီး အဲဒီအထဲက မြို့ခံတစ်သိန်းကျော် တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ကနေ စွန့်ခွာလာပေမယ့် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေနဲ့ မရွှေ့ပြောင်းနိုင်သူတွေ ကျန်နေခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
လူမှုကွန်ရက်မှာ တွေ့မြင်ရတဲ့ ရုပ်သံတွေအရ ကသာမြို့နေ လူတန်းရှည်ကြီးဟာ ကား၊ဆိုင်ကယ်တွေ အမျိုးမျိုးနဲ့ မြို့ကိုစွန့်ခွာနေကြလို့ တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ် တွေ ရွှေ့ပြောင်းဖို့ ခက်ခဲနေကြပုံနဲ့ မြို့ခံအချင်းချင်းရိုင်းပင်းကူညီမှုတွေကို မြင်တွေ့နေရပါတယ်။
“ဒီပုံစံအတိုင်းဆို ကသာကို မပြန်နိုင်လောက်တော့ဘူးထင်ပါတယ်ဗျာ” လို့ ကသာဒေသခံတစ်ဦးက အခုလိုဆိုပါတယ်။ ကသာမြို့ရဲ့ အရှေ့ပိုင်းကလွဲရင် ကျန်တဲ့နေရာသုံးခုမှာ တိုက်ပွဲဖြစ်နေတာကြောင့် ပြည်သူတွေဟာ မြို့တွင်းလမ်းမကြီးတွေကိုအသုံးမပြုတော့ဘဲ ပစ်ခတ်ခတ်သံတွေကို ရှောင်နိုင်ဖို့ ခပ်ဝေးဝေးက နေရာတွေကို ရွေးချယ်သွားလာနေကြကြောင်းသူကပြောပါတယ်။
မန္တလေး-ကသာလမ်းမကြီးကနေတဆင့် ကာကွယ်ရေးတပ်တွေရဲ့ အကူအညီနဲ့ ထွက်ပြေးလာရခဲ့တဲ့ လုံခြုံရေးအရ နာမည်လွှဲထားသူ ကိုကင်းကလည်း “စတိုက်တာက မန္တလေး-ကသာ လမ်းကိုတိုက်တယ်။ မြို့မြောက်ခြမ်းက စေတီကုန်းကတိုက်တယ်။မြို့တောင်ဘက်ခြမ်းဆို ကျန်တောက တိုက်တယ်။ မြစ်ကြောင်းဘက်က တိုက်တယ်။ မြို့လေးဖက်လေးလံက တိုက်နေတာပါ” လို့MFP ကိုပြောပါတယ်။
“ ကျွန်တော်တို့က တစ်မြန်မနှစ်က (၂၀၂၃ခုနှစ်)က ဒီလိုသတင်းတွေကြားလို့ ပြေးခဲ့ပြီးပြီဗျ၊ ဘာမှမဖြစ်ဘဲ မြို့ကိုအေးအေးဆေးဆေးပြန်နေရတာရှိတော့။ ဒီတစ်ခေါက်လည်း အေးဆေးနေနေကြတာ။ အဲဒါနဲ့ ရွေးကောက်ပွဲရက်ကြတော့ မရတော့ဘူးဆိုတာ သိလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပစ္စည်းတွေထုတ်ပြီး ၃၁ ရက်နေ့ မြို့က ထွက်ခွာကြတာ” လို့သူက ရှင်းပြပါတယ်။
ကသာမြို့အတွင်းက ပြည်သာယာ၊ ကျန်တော၊ လယ်ပြင်စု၊ တပ်ဦးကျောင်း၊ သဖန်းဆိုင်း၊ ပတ္တမြား၊ လျှပ်စစ်ကုန်း၊ ပိန္နဲကုန်းနဲ့ကျန်တောစတဲ့ ကျေးရွာရပ်ကွက်တွေမှာ နေထိုင်တဲ့ မြို့ခံတစ်ဝက်လောက်ဟာ ဒီဇင်ဘာလ ၂၉ ရက်ညပိုင်းကတည်းက စစ်ဘေးရှောင်ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ်တွေမှာ ဆက်လက်မနေထိုင်ရဲတော့တဲ့ မြို့ခံတွေကလည်းဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေစတဲ့ သာသနိကအဆောက်အဦးလိုနေရာတွေမှာ စုပေါင်းနေထိုင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်က အခြေအနေကို CDM ဗိုလ်ကြီးဇင်ယော်ကတော့ အခုလိုဆိုပါတယ်။
“ခမရ -၃၀၉ မကျရင် ဗန်းမော်မကျဘူး”
ကသာမြို့စောင့်တပ်ဖြစ်တဲ့ ခမရ-၃၀၉ ဟာ အင်အား ၅၀၀ ကျော်အထက်ရှိနေပြီး စစ်လက်နက်ရိက္ခာလည်း တောင့် တင်းတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က MFP ကိုပြောပါတယ်။ လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့ ခမရ -၃၀၉ တပ်ဟာအထိအခိုက်အဆုံးရှုံးတွေရှိနေပေမယ့် လေကြောင်းက အင်အားဖြည့်တင်းမှုတွေနဲ့ အတူအပြင်းအထန်ခုခံနေကြောင်း စစ်လော်ဘီသတင်းတွေက ဖြန့်ဝေနေကြပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ ကသာအခြေစိုက် ခမရ (၃၀၉) တပ်ကို ဗျူဟာမှူးအဆင့်ရှိသူကကွပ်ကဲနေပြီး တပ်ဝင်းထဲက ဦးဆောင် အရာရှိအချို့ Drop Bombထိမှန်ထား ကြောင်းသတင်းတွေထွက်ပေါ်နေပေမယ့် မှန်ကန်ကြောင်း အတည်မပြုနိုင်ပါဘူး။
ခမရ-၃၀၉ တပ်ဟာ အခုနောက်ပိုင်းဖွဲ့စည်းထားတဲ့ တပ်မဟုတ်ဘဲ ဗြိတိသျှလက်ထက်အလွန် လွတ်လပ်ရေးရပြီးနောက် မြို့တမြို့လုံးကို လွှမ်းခြုံကြည့်နိုင်သော ဗျူဟာကျတဲ့နေရာကို သေချာ ရွေးချယ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ခမရ-၃၀၉ တပ် ကျမကျဟာ ကသာတိုက်ပွဲမှာ စစ်ရေးအရ အရေးပါနေ တယ်လို့ဗိုလ်ကြီးဇင်ယော်ကအခုလို ပြောပါတယ်။
“ခမရ-၃၀၉ မကျရင် ဗန်းမော်မကျဘူး။ ဘာလို့ဆိုတော့ ကသာက ၃၀၉ ကိုအရင်မတိုက်နိုင်ရင် လွိုင်ကော်တို့ အခုရင်ဆိုင်နေရတဲ့ ဗန်းမော်တို့လို့ ပုံစံအတိုင်း ဖြစ်သွားမယ်။ ကသာမြို့ရဲ့ တိုက်ပွဲ အဆုံးအဖြတ်က ခမရ-၃၀၉ပဲ။ ၃၀၉ သာ ပြန်ဆုတ်မယ်ဆိုရင်ကသာကို လွတ်လွတ်ကျွတ်ကျွတ်ရပြီ”
လက်ရှိ ခမရ-၃၀၉မှာ လက်ကျန်တပ်အင်အားနဲ့ တပ်မ -၇၇ (အင်းတော်မှတပ်)လက်ကျန်များစုပေါင်း အင်အား ၃၀၀ နဲ့ ၅၀၀ကြားရှိတယ်လို့ သူက ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာခြေကုတ်ယူထားတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ မှာသိမ်းယူခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း ဗန်းမောက်နဲ့ အင်းတော် စတဲ့ မြို့များကိုလည်းသိမ်းပိုက်ခဲ့ပြီးနောက် ကသာမြို့ဟာပိတ်ဆို့ခံထားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကသာမြို့ကို သိမ်းပိုက်နိုင်ပါက ကချင်ပြည်နယ် ဗန်းမော်မြို့ကို ခါးဆက်ဖြတ်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေ တထောက်နားပြီးအင်အားဖြည့်တင်းစရာမရှိနိုင်တော့ဘူးလို့ ကိုဇင်ယော်က ဆိုပါတယ်။
ခမရ -၃၀၉ တပ်တွေ ဆုတ်ခွာသွားမလား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ချေမှုန်းခြင်းကို ခံရမလား ဆိုတဲ့ အပေါ်မှာ စစ်ပွဲရဲ့အတိုင်းအထွာကမူတည်နေပါတယ်။
“သူတို့ပြေးစရာလမ်းကြောင်းကလည်း အခုအချိန်မှာ ရေလမ်းကြောင်းတစ်ပေါက်ရှိနေသေးတယ်” လို့ဆိုပါတယ်။
လတ်တလောမှာ ခမရ -၃၀၉ အတွင်းမှာ ကသာမြို့က စစ်အုပ်စုတပ်လက်အောက်ခံ Non-CDM ဝန်ထမ်းတွေ သွားရောက်ခိုလှုံနေတာတွေရှိနေပြီး ကသာထောင်အနီးအထိတော်လှန်ရေးတပ်တွေက ထိုးဖောက်ထားနိုင်တယ်လို့ နောက်ဆုံးသတင်းရရှိထားပါတယ်။



