ဆောင်းပါး

ကြောက်မဲနဲ့တည်တဲ့ လွှတ်တော်

ဖိုးချို၊ ဂျီဂျီ/ (ဆောင်းပါးရှည်)

မနက်ခင်း အလင်းရောင် ကောင်းကောင်းမဖြာနိုင်သေးခင်အချိန် မန္တလေးမြို့၊ အမရပူရမြို့နယ်ထဲက ရပ်ကွက်လေးတစ်ခုမှာ အသက်အရွယ်အစုံ အမျိုးသား၊ အမျိုးသမီးတွေ အိမ်တွေထဲကနေ ထွက်လာကြပါတယ်။ တချို့ကတော့ ကလေးငယ်တချို့ကို လက်ဆွဲလို့။ ပြီးတော့ အိမ်နီးချင်းတွေနဲ့ အိမ်ရှေ့က လမ်းသွယ်လေးပေါ်မှာ ခဏရပ်ပြီး စုဖွဲ့ကာ တိုးတိုးတိတ်တိတ် စကားတွတ်ထိုးနေကြပါတယ်။

အဲ့ဒီနောက်တော့ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့၊ အချို့ကလည်း မိသားစုလိုက် တစ်ပြုံလုံးစုဖွဲ့ကာ ရပ်ကွက်လမ်းထိပ်က မူလတန်းကျောင်းအတွင်းရှိ မဲရုံဆီကို အစီအရီ လမ်းလျှောက်ဝင်သွားကြပါတယ်။ အဲ့ဒီနေ့က ဇန်နဝါရီလ ၁၁ ရက်၊ တနင်္ဂနွေနေ့၊ စစ်အုပ်စု ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၂) ဖြစ်ပါတယ်။

ရပ်ကွက်ခံ အသက် ၄၀ ဝန်းကျင်ရှိတဲ့ ကိုတင်မောင်က သူ့မြင်ကွင်းရှေ့ကနေ ကျောင်းထဲ ဝင်သွားသူတွေကို စိတ်အလိုမကျစွာ ရပ်ကြည့်နေရင်း မှတ်ချက်တစ်ခုပေးပါတယ်။

“သူတို့က ကြောက်မဲ အကျဉ်းသားတွေဗျ”

“ဒီလူတွေက အတုအယောင်ရွေးကောက်ပွဲကို ကြောက်မဲ သွားထည့်ကြတာ… အချို့ဆို လူမြင်မှာစိုးလို့ အစောကြီး ထထည့်ကြတာ” လို့ ကိုတင်မောင်က ပြောပါတယ်။

■ ကြောက်လို့ပေးရတဲ့မဲ

ကိုတင်မောင်ဟာ မဲမပေးဘဲ ဘာကြောင့် မဲရုံရှေ့ရောက်နေသလဲ။ ရောက်ပြီးမှ ဘာကြောင့် ကန့်လန့်တွေ ပြောနေပါသလဲ။ ဝေလီဝေလင်းထပြီး ကျောင်းထဲကို မဲပေးဖို့ သွားနေတဲ့ လူအုပ်စုထဲမှာ အသက် (၇၀) ဝန်းကျင် တောင်ဝှေးအားပြု သွားနေတဲ့ အမျိုးသားကြီးတစ်ဦး၊ အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၅၀) ဝန်းကျင် အမျိုးသမီးနှစ်ဦးလည်း ပါဝင်ပါတယ်။

သူတို့တွေက ကိုတင်မောင်ရဲ့ အဖေ ဦးစိန်မောင်နဲ့ အမျိုးသမီးနှစ်ဦးက သူ့ညီမနဲ့ သူ့အစ်မ ဖြစ်နေတာကြောင့်ပါ။

သူ့ညီမ (တရားရေး) နဲ့ အစ်မ (ကျောင်းဆရာမ) က Non-CDM ဝန်ထမ်းတွေ ဖြစ်ကြပြီး သူ့အဖေကတော့ အစိုးရပင်စင်စားဝန်ထမ်းတစ်ဦးဖြစ်ကာ စစ်အာဏာသိမ်းမှုကို မနှစ်မြို့ကြသူတွေပါ။

ဦးစိန်မောင်က စစ်အုပ်စုလုပ်တဲ့ ရွေးကောက်ပွဲကို မဲမပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ညီအမနှစ်ဦးရဲ့ ဌာနလူကြီးတွေက ဝန်ထမ်းနဲ့အတူနေ မိသားစုဝင်တွေ မဲမထည့်ရင် CDM အဖြစ် သတ်မှတ်ကာ နယ်အဝေးပို့မယ်၊ အရေးယူမယ်လို့ ရုံးတွင်း ခြိမ်းခြောက်မှုတွေရှိတာကြောင့် ဖခင်ဖြစ်သူကိုပါ မဲထည့်ဖို့ အမိအရ အတင်း ခေါ်ဆောင်သွားကြတာလို့ ကိုတင်မောင်က MFP ကို ပြောပါတယ်။

ရွေးကောက်ပွဲနေ့တွေမှာမှာ လူစည်ကားကြောင်း ပြသချင်တဲ့ စစ်အုပ်စုဟာ မဲသွားပေးကြဖို့ ဝန်ထမ်းတွေသာမက ရပ်ကွက်အတွင်းနေထိုင်သူတွေကိုလည်း စစ်အုပ်စုလက်ဝေခံ တွေက ခြိမ်းခြောက် တိုက်တွန်းမှုတွေ တောက်လျှောက်ရှိနေခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကာလ အုပ်ချုပ်ရေးမှူးရုံးမှာ မဲစာရင်းကပ်ထားတာကို ရပ်ကွက်နေ ပြည်သူတွေက လာမကြည့်ကြတဲ့အတွက် စစ်အုပ်စု လက်အောက်ခံ ရဲ၊ အုပ်ချုပ်ရေးမှုး၊ ပျုတွေ အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးတာ၊ လမ်းသွားလမ်းလာတွေကို လုံခြုံရေး စစ်‌ဆေးရင်း မဲစာရင်းနံပါတ်မေးမြန်းတာ၊ ပုံစံမျိုးစုံနဲ့ ပြည်သူကို မဲပေးဖို့ လှုံ့ဆော်နေခဲ့သလို မဲသွားမပေးရင် ပေါ်တာဆွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလုပ်ခဲ့သလို မန္တလေးမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်ရပ်ကွက်တွေကိုလည်း အကြပ်ကိုင်မှုတွေရှိပါတယ်။

“မပေးရင် ဧည့်စာရင်း ထုတ်မပေးဘူး။ ပေါ်တာဆွဲမယ်။ စစ်မှုထမ်းထည့်မယ်တို့ ခြိမ်းခြောက်တာ” လို့ အောင်မြေသာစံမြို့နယ်နေ စစ်ရှောင်တစ်ဦးက MFP ကို ပြောပါတယ်။

အမရပူရမြို့နယ်ကို စစ်ဘေးရှောင်ရင်းလာရောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်သူ မထားရီ(အမည်လွှဲ)ကလည်း ဇန်နဝါရီ ၁၁ ရက် မတိုင်ခင် ရပ်ကွက်ရုံးက ခြိမ်းခြောက်လို့ မဲသွားပေးဖြစ်ခဲ့ပုံကို အခုလို MFP ကို ရှင်းပြပါတယ်။

“ရပ်ကွက်ရုံးက မဲစာရင်းလာတင်ဖို့ပြောထားတယ်။ စစ်ရှောင်လည်း မဲပေးရမယ်ဆိုပြီးပြောတယ်။ မဲစာရင်းမတင်ရင်၊ မဲမပေးရင် ဧည့်စာရင်း သက်တမ်းတိုးမပေးတော့ဘူး။ ပေါ်တာဆွဲမယ်ဆိုပြီး ခြိမ်းခြောက်တာ။ စစ်ကြောက်လို့ ရှောင်လာတာ။ ပေါ်တာဆွဲမယ်ဆိုတော့ ပိုကြောက်သွားတာအမှန်ပဲ” လို့ဆိုပါတယ်။

■ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ

စစ်အုပ်စုပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာသတ်မှတ်ထားတဲ့ တရားမျှတသောရွေးကောက်ပွဲစံနှုန်း ၅ ခုကို မအောင်မြင်ခဲ့သလို အဲ့ဒီ ၅ ခုထဲက တစ်ခုက မဲဆန္ဒရှင်တွေကို အတင်းအကျပ်စေခိုင်းတာဖြစ်ကြောင်း မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစံနှုန်းတွေကို မြှင့်တင်ဖို့ လုပ်ဆောင်နေတဲ့ Human Resources Myanmar (HRM) ရဲ့ ရွေးကောက်ပွဲအပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ မဲလာပေးသူ များပြားစေဖို့ ရည်ရွယ်ပြီး စစ်အုပ်စုဟာ ပြည်တွင်းနေရပ်စွန့်ခွာရသူ (စစ်ရှောင်)တွေနဲ့ အရပ်ဘက်ဝန်ထမ်းတွေအပေါ် အခြေခံဝန်ဆောင်မှုတွေနဲ့ ဥပဒေဆိုင်ရာခြိမ်းခြောက်မှုတွေကို လက်နက်သဖွယ် အသုံးပြုခဲ့တယ်လို့ ဒီအစီရင်ခံစာမှာဆိုခဲ့ပါတယ်။

“ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့မှ စိတ်အနှောင့်အယှက်ဖြစ်အောင် ခြိမ်းခြောက်၊ မဲပုံးဆီ လာရင်လာ၊ မလာရင် နင်တို့ ဒါဖြစ်မယ်။ ဒါတွေ့မယ် ခြိမ်းခြောက် ” လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတွင်း ခြိမ်းခြောက် မှုတွေကို Progressive Voice ရဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက MFP ကိုပြောပါတယ်။

“သူတို့ကို ကြောက်လို့ မဲသွားပေးရတဲ့လူကလည်း အစကတည်းက ကြောက်လို့ မဲသွားပေးပါတယ်ဆိုမှ ပိုတောင်မှ ဆိုးနေတယ်” လို့ သူမကပြောပါတယ်။

မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ မဲပေးဖို့ ခြိမ်းခြောက်ခံရတာတွေ ရှိသလို စစ်မှုထမ်း၊ သန်းခေါင်စာရင်း၊ ခရီးသွားလာတာနဲ့ပတ်သက်ပြီး ဖိအားပေးခံရတာတွေကြောင့်သာ မဲပေးကြရတာဖြစ်ပြီး မဲပေးတဲ့အခါမှာ လည်း စိတ်အားထက်သန်တာ မရှိကြဘူးလို့ အတုအယောင်ရွေးကောက်ပွဲခြေရာခံလုပ်ငန်းအဖွဲ့ (Sham Election Tracker Working Group)ရဲ့ ဦးဆောင်သူ ကိုထင်ကျော်အေးကလည်း MFP ကိုပြောပါတယ်။

ဒါပေမယ့်လည်း စစ်အုပ်စုကတော့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲမှာ မဲပေးသူ ၅၄%ရာခိုင်နှုန်းကျော်ရှိခဲ့တာ ကြောင့် တခြား ဒီမိုကရေစီနိုင်ငံတွေထက်တောင် သာလွန်နေပြီလို့ ဆိုခဲ့ပါတယ်။ ဆွစ်ဇာလန်၊ဂျပန်နဲ့ ဥရောပနိုင်ငံအချို့မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲများအတွင်း မဲပေးသူ ၅၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိတာကို စစ်အုပ်စုပြန်ကြားရေးခေါင်းဆောင် ဇော်မင်းထွန်းကညွှန်းဆိုတာပါ။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ မဲပေးခြင်းဟာ တစ်ဦးတစ်ယောက်ရဲ့အခွင့်အရေးသာဖြစ်ပြီး အတင်းအကျပ်ခြိမ်းခြောက်ခြင်းမရှိတာကိုတော့ မေ့နေပုံပါပဲ။

မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဩဝဒါခံယူပွဲ” ဆိုပြီး ကျင်းပပြုလုပ်ခဲ့ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လွှတ်တော် တက်ကြမယ့် ကိုယ်စားလှယ် တွေ ကို ပြည်သူက ရွေးချယ်ခဲ့တာမို့လို့ ၊ မဲပေးစက်တွေနဲ့ဆန္နခံယူခဲ့တာကြောင့် လိပ်ပြာသန့်သန့်ရှိကြဖို့ အကျယ်တဝံ့ဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ဒီရလဒ်ပေါ်မှာ အခြေခံထားတဲ့ လွှတ်တော် ဟာ ပြည်သူတွေရဲ့ ကြောက်မဲ နဲ့ တည်ဆောက်ထားတာကိုသာ အတိုင်းသားမြင်တွေ့ရပါတယ်။

■ ရွေးကောက်ပွဲများနှိုင်းယှဉ်ခြင်း

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးခေတ်နှောင်းပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေထဲမှာ စစ်အုပ်စုကျင်းပတဲ့ ၂၀၂၆ ရွေးကောက်ပွဲ ရဲ့ မဲပေးနှုန်းသာ သိသိသာသာ နိမ့်ကျနေခဲ့ပါတယ်။ ဒါက တဇောက်ထိုးဆင်း ကျသွားတဲ့ တိုင်းပြည်ရဲ့အခြေအနေကိုလှစ်ဟပြနေပါတယ်။ ပုံ (၂)

ပုံ(၂) ၉၀ ခုနှစ်ရွေးကောက်ပွဲမှစ၍ မဲပေးသူအချိုးအစား

လွတ်လပ်ရေးအပြီး ဖဆပလခေတ် ၁၉၅၀၊ ပြည်တွင်းစစ်ကာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ခုဟာ မြန်မာ့သမိုင်းမှာ မဲပေးသူအနည်းဆုံးပါ။ ၁၉၅၁ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့ ၂၀ ရာခိုင်နှုန်းက ပဲမဲပေးခဲ့ပါတယ်။ ၁၉၅၆ ကူမင်တန်ပြဿနာများအပြင် ပြန်လည်ကျင်းပတဲ့ ရွေးကောက်ပွဲမှာမဲပေးနိုင်သူ ဦးရေရဲ့ ၄၈ ရာခိုင်နှုန်းခန့်က မဲပေးခဲ့ကြပါတယ်။

သို့သော်လည်း ၁၉၆၀ နှောင်းပိုင်းမှာတော့ မဲပေးသူအရေအတွက် တိုးတက်လာသလို မဲပေးနိုင်သူဦးရေအားဖြင့်လည်း တိုးလာခဲ့တာကို ပုံ(၁) မှာတွေ့နိုင်ပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ မဲပေးခွင့်ရှိသူပေါင်း ၃၃သန်းမှာလူပေါင်း ၈၀ ရာခိုင်နှုန်းခန့်က မဲပေးခဲ့တာကြောင့် ရွေးကောက်ပွဲသမိုင်းမှာအမြင့်ဆုံးအချိုးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်မှာ မဲပေးနိုင်သူပေါင်း ၃၇ သန်းခန့်ရှိပြီး ၇၁ ရာခိုင်နှုန်းကမဲပေးခဲ့ပါတယ်။

အာဏာသိမ်းပြီးကျင်းခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲဟာ မဲပေးသူဦးရေ ရာခိုင်နှုန်း ၅၄ နဲ့ အနည်းဆုံး ဖြစ် နေတာကို ပုံ (၁)မှာတွေ့ရမှာပါ။

ပုံ (၁) မြန်မာနိုင်ငံ့ရွေးကောက်ပွဲများနှင့်မဲပေးသူနှုန်း

၂၀၂၆ ခုနှစ်မှာ မဲပေးနိုင်သူဦးရေပေါင်း ၂၅ သန်းခန့်ရှိတယ်လို့ စစ်အုပ်စုက ၂၀၂၄ ခုနှစ်မှာ အလျင်စလိုကောက်ယူခဲ့ တဲ့သန်းခေါင်စာရင်းအချက်အလက်ကဆိုပါတယ်။ အဲ့အထဲက ၁၃.၁၄သန်းခန့်ကမဲပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ သို့သော်လည်း ဒီအချက်အလက်တွေဟာ ယုံကြည်နိုင်ဖွယ်မရှိတာကို ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူတွေက မှတ်တမ်းတင်ပြီးဖြစ်ပါတယ်။

၂၀၂၄ မှာကောက်ယူခဲ့တဲ့ ဒီသန်းခေါင်စာရင်း အချက်အလက်တွေမှာ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာသူတွေ၊ ရွေ့ပြောင်းတွေနဲ့ ၂၀၂၅ ခုနှစ် မတ်လမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ပြင်းငလျင်ရဲ့ သက်ရောက်မှုတွေ ထည့်သွင်း စဉ်းစားခြင်းမရှိဘူး လို့ အမေရိကန်နိုင်ငံအခြေစိုက် ရွေးကောက်ပွဲ လေ့ International Foundation for Electoral Systems ကဆိုထားပါတယ်။ ဒီနောက်ခံအချက်အလက်တွေ ကြောင့်လည်း စစ်အုပ်စုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့လွှတ်တော် ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ ခက်ခဲကြောင်း IFES က ဆိုပြန်ပါတယ်။

■ ကြောက်မဲနဲ့တည်တဲ့လွှတ်တော်

စစ်အုပ်စုဟာ သူကိုယ်တိုင်ဖန်တီးယူထားတဲ့ အရေအတွက်စာရင်းဇယားတွေနဲ့ ၂၀၁၀ နောက်ပိုင်း ၁၀ နှစ်ကြာ အစဉ်တစိုက်တည်ရှိခဲ့တဲ့ ပြည်သူလူထု ရဲ့ မဲရလဒ်တွေကို ပြောင်းပြန်ဇောက်ထိုး ဖြစ်တဲ့အထိ စီမံခဲ့ပါတယ်။ မကြာခင်စတော့မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများဟာ စစ်အုပ်စုရဲ့ အာဏာ ဗဟိုချက်မ ဖြစ်လာပါတယ်။

ပုံ(၃) မှာ ဖော်ပြထားတဲ့ ပြည်ထောင်စု လွှတ်တော် အရည်အတွက်တွေကို နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၀ ခုနှစ်မှာ ပြည်ထောင်စု လွှတ်တော် အတွင်း ထိုင်ခုံ ၃၃ နေရာသာ ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ မယုံနိုင်စရာ ကောင်းအောင် ၃၃၉ ခုံအနိုင်ရခဲ့တာကြောင့် ကြံခိုင်ရေးပါတီတစ်ခုတည်း ၈၀ ရာခိုင်နှုန်းနိုင်ခဲ့ပြီး တပ်မတော်သားကိုယ်စားလှဘ် ၁၆၆ ယောက်နဲ့ ပေါင်းတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော် ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ကြံခိုင်ရေးပါတီနဲ့ စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိနေပါတယ်။

ဒါက ၂၀၁၀ ခုနှစ်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖန်တီးခဲ့တဲ့ အသွင်ပြောင်း ရွေးကောက်ပွဲထပ်တောင် ရာခိုင်နှုန်းအရအနည်းငယ် ပိုနေပါသေးတယ်။၂၀၁၀ ရွေးကောက်ပွဲမှာ ကြံခိုင်ရေးပါတီနဲ့ စစ်တပ်ပေါင်း အချိုးအစားဟာ ၈၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ပုံ(၃) ပြည်ထောင်စုလွှတ်တော် ၂၀၂၀/၂၀၂၆ နှိုင်းယှဉ်ချက်

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့သူ အာဏာရှင်တွေဖြစ်တဲ့ ဦးသန်းရွှေနဲ့ မောင်အေး တို့ဟာ သူတို့ ကိုယ်တိုင် အာဏာမယူခဲ့ဘဲ ကြံ့ခိုင်ရေးပါတီကို သာ အာဏာစီးဆင်းစေခဲ့ပါတယ်။ ဒါပေမယ့် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူကိုယ်တိုင် အာဏာရယူဖို့(ဝါ) သမ္မတနေရာ ရဖို့ ဒီလိုကြောက်မဲ နဲ့ တည်တဲ့ လွှတ်တော်ကို ဖန်တီးခဲ့တာလို့ ပြည်တွင်းမှာနေထိုင်တဲ့ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။

“ သူဒီနေရာ ရောက်ဖို့ လူတွေဘယ်လောက်သေခဲ့ရလဲ။ လူဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲ။ အဲ့ဒီ့မေးခွန်းက ဒီရွေးကောက်ပွဲ နဲ့ ဒီလွှတ်တော်အဆောက်အဦးကို မြင်တိုင်း သတိရနေမဲ့ မေးခွန်းပါ” လို့ သူက ဆိုပါတယ်။

မကြာခင်မှာ စစ်အုပ်စုရဲ့ ရုပ်မြင်သံကြားနဲ့ နေ့စဉ်သတင်းစာတွေမှာ လွှတ်တော်သတင်းတွေနဲ့ ဥပဒေတွေ တသီတတန်းကြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကြောက်မဲနဲ့အဓမ္မ တည်ဆောက်ထားတဲ့ အဆောက်အဦး ထက်မပိုပါဘူး။ မနက်စောစောဝေလီဝေလင်းမှာ အများသူငှာမမြင်အောင် တိုးတိုးတိတ်တိတ်မဲပေးခဲ့ကြသူတွေ။ မဲပေးခဲ့တာ ကိုလူသူမခံချင်ကြသူတွေ၊ ကိုတင်မောင်တို့ မိသားစုရဲ့အဖြစ်က သက်သေခံနေပါတယ်။

မဲပေးတဲ့လက်တွေဟာ ကြောက်ရွံ့မှုကို မှတ်တမ်းတင်ထားတဲ့ လက်မှတ်တွေဖြစ်ခဲ့တယ်ဆိုရင်၊ ဒီလွှတ်တော်ဟာ အင်အားမဟုတ်ဘဲ ကြောက်ရွံ့မှုကို အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲထားတဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်ကြောင်း။

Related Articles

Back to top button