ရွေးကောက်ပွဲအပြီး ဥပဒေပေါင်း၂၀ နှင့် မင်းအောင်လှိုင်၏ အာဏာတည်ဆောက်မှုလမ်းကြောင်း

Reddy Simon၊MFP/မတ် − ၂၉
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပပြီးနောက် အစိုးရအဖွဲ့ဝင်တွေမခန့်ရသေးခင်နဲ့ လွှတ်တော်မခေါ်ခင်အတွင်းမှာပဲအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အာဏာကိုသုံးပြီး ဥပဒေတွေကို ဆက်တိုက် ပြင်ဆင်တာတွေ၊ အသစ်ထုတ်တာတွေ ပြုလုပ်ခဲ့ရာ စုစုပေါင်း ဥပဒေ ၂၀ ရှိပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကစလို့ ယခုမတ်လအထိ လို့ ယာယီသမ္မတမင်းအောင်လှိုင်အဖြစ် လက်မှတ်ထိုးကာ ဥပဒေအသစ် ပေါင်း (၇) ခု ပြဌာန်းခဲ့ပြီး ဥပဒေ (၁၃)ခုကို ပြင်ဆင်ခဲ့ပါတယ်။ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေ ၇ ခုက
(၁)ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ
(၂)ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
(၄)ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ
(၅)အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေ
ပြင်ဆင်တဲ့ဥပဒေ (၁၃) ခုကတော့
(၁) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ
(၂) လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ
(၃) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ
(၄) မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ
(၅)ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ
(၆) သမဝါယမအသင်းဥပဒေ
(၇)အခွန်အယူခံခုံအဖွဲ့ဥပဒေ
(၈)နေပြည်တော်ကောင်စီဥပဒေ
(၉) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ
(၁၀) ရှေ့နေများအက်ဥပဒေ
(၁၁)မျိုးစေ့ဥပဒေ
(၁၂)မြေဩဇာဥပဒေ
(၁၃)ပြည်ထောင်စုတရားစီရင်ရေးဥပဒေ တို့ဖြစ်ပါတယ်။
ဒါ့အပြင် ဥပဒေမဟုတ်တဲ့ ညွှန်ကြားချက်တွေအဖြစ် Mobile ဖုန်းတွေအားလုံး IMEI စနစ်မှတ်ပုံတင်ဖို့၊ တရုတ်ယွမ်ငွေကို ရင်းနှီးမြုပ်နှံငွေအဖြစ်လက်ခံဖို့၊ ရွှေဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့၊ စက်သုံးဆီကို စုံမစနစ်/အင်ဂျင်ပါဝါအလိုက် အလှည့်ကျဆီထည့်ဖို့ စတဲ့ သာမာန်မဟုတ်တဲ့ အမိန့် ညွန်ကြားချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ယခုဆောင်းပါးမှာတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀မပြည့်မှီ ထုတ်ပြန်ခဲ့တဲ့ ဥပဒေ နဲ့ ညွှန်ကြားချက်များကို ချဉ်းကပ် လေ့လာပြီး စစ်အုပ်စုပုံဖော်နေတဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး လမ်းကြောင်းကိုသဘောပေါက်စေမှာပါ။
■မတ်လ ၁၈ ရက်နေ့မှာ စစ်ခေါင်းဆောင် နောက်ဆုံးပြင်ဆင်လိုက်တာက ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်ခြင်းပါ။ အဓိကပြောင်းလဲမှုက ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) အောက်က ပုဒ်မခွဲငယ် (၂) ကို ဖယ်ရှားလိုက်တာပါ။ မူလမှာ တရားသူကြီးတွေ နေ့စဉ် တရားခွင် အတွင်းဝင်တဲ့အချိန်မှာ ကျမ်းသစ္စာ ပြုရမယ့် အစိတ်အပိုင်းတစ်ခုပါဝင်နေခဲ့ပေမယ့် အဲ့ဒီလုပ်ထုံးလုပ်နည်း ကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့် ကာလတွေမှာ တရားသူကြီးတွေဖြစ်တာနဲ့ တစ်ခါ ကျမ်းသစ္စာကြိမ်ပြီးရင် နောက်ထပ် တရားရုံးတော်အတွင်း ကျမ်းသစ္စာကျိန်ဖို့မလိုတော့ပါဘူး၊ ဒါဟာ နှစ်ပေါင်းများစွာ မြန်မာ့တရားစီရင်ရေးစနစ်မှာ တည်တံ့လာတဲ့ ကတိသစ္စာပြုမှုအလေ့အထ ကိုဖယ်ထုတ်လိုက်တာပါ။
■ မတ်လ ၁၇ ရက်နေ့မှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေဟာ ယခင် ၁၉၂၀ ခုနှစ်က ဥပဒေကို အစားထိုးထားတာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း၊ တားဆီးခြင်းတို့ကို ဆောင်ရွက်ရာမှာ အာဏာပိုင် (ပြည်ထဲရေး) ကို ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် “နိုင်ငံလုံခြုံရေး” လို သတ်မှတ်ချက်များကို အခြေခံပြီး passport ထုတ်ပေးမှုကို ပိတ်ပင်နိုင်သလို၊ တရားရုံးအမိန့် သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တောင်းဆိုချက်အရလည်း passport ကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် ယခုဥပဒေမှာ passport စနစ်ကို biometric (လက်ဗွေ၊ မျက်နှာအသိအမှတ်ပြုစနစ်) နဲ့ ပြောင်းလဲသုံးစွဲသွားမယ်လို့ သတ်မှတ်ထားပြီး၊ ယခင်က မရှိခဲ့တဲ့ digital identification system နဲ့ ချိတ်ဆက်သွားမယ့် လမ်းကြောင်းကိုလည်း ဖော်ပြထားပါတယ်။ အဲ့ဒီလို အချက်အလက်စုဆောင်းမှုနဲ့ စနစ်ချိတ်ဆက်မှုတွေကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို စုစည်းထိန်းချုပ်နိုင်တဲ့ အခြေအနေ တိုးလာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သုံးသပ်ထားပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Progressive Voice က ဒီဥပဒေဟာ လူတွေရဲ့ ပြည်ပသွားလာခွင့်ကို ထိန်းချုပ်နိုင်တဲ့ အဓိကကိရိယာတစ်ခု ဖြစ်လာနိုင်ကြောင်း ထောက်ပြထားပြီး၊ အထူးသဖြင့် Civil Disobedience Movement (CDM) ပါဝင်သူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားသုံးစွဲနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် ဒီဥပဒေကို စုစည်းကြည့်မယ်ဆိုရင် နိုင်ငံကူးလက်မှတ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတစ်ခုတည်းမဟုတ်ဘဲ လူတွေ၏ ရွှေ့ပြောင်းသွားလာခွင့်ကို ဥပဒေရေးရာအရ ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုအဖြစ်လည်း မြင်တွေ့ရပါတယ်။
■ မတ်လ ၁၅ ရက်နေ့မှာတော့ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (Union Taxation Law 2026) ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စတင်တဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပြီး၊ ဝင်ငွေအခွန်၊ ကုန်သွယ်ရေးအခွန်၊ အထူးကုန်ပစ္စည်းအခွန် (Specific Goods Tax) နဲ့ ကျောက်မျက်ရတနာအခွန်တွေကို သတ်မှတ်ပေးထားတဲ့ အဓိက အခွန်ဥပဒေတစ်ခုပါ။
ဒီဥပဒေဟာ ၂၀၂၅ ခုနှစ် အခွန်ဥပဒေကို အခြေခံထားပြီး အများစုကို ဆက်လက်ထိန်းသိမ်းထား တာတွေ့ရပေမယ့်၊ အထူးသဖြင့် အထူးကုန်ပစ္စည်းအခွန် (SGT) အပိုင်းမှာ ပြောင်းလဲမှုတွေ ထင်ရှားပါတယ်။ ဆေးလိပ်၊ စီးကရက်၊ အရက်၊ ဝိုင် စတဲ့ ပစ္စည်းတွေမှာ အခွန်နှုန်းထားတွေ တိုးမြှင့်ထားပြီး၊ ယခင်က အခွန်လွတ်ခွင့်ပေးထားတဲ့ battery electric vehicles (BEVs) တွေကိုလည်း ၅ ရာခိုင်နှုန်းအခွန် ပြန်လည်ချမှတ်ထားပါတယ်။ ဒါ့အပြင် BEV တွေကို ကုန်သွယ်ရေးအခွန် (Commercial Tax) လွတ်ခွင့်စာရင်းထဲကလည်း ဖယ်ရှားထားတာကို တွေ့ရပါတယ်။
တစ်ဖက်မှာတော့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ဝင်ငွေအခွန်ကင်းလွတ်ခွင့် သတ်မှတ်ပမာဏကို တစ်နှစ်ကို ကျပ် ၁၅ သန်းကနေ ၂၀ သန်းအထိ တိုးမြှင့်ပေးထားပါတယ်။ ဒါက စီးပွားရေးလုပ်ငန်းအသေးစားတွေကို အနည်းငယ် သက်သာမှု ပေးနိုင်တဲ့ အချက်တစ်ခုဖြစ်နိုင်ပါတယ်။
ဒါပေမယ့်
အခွန်နှုန်းထားအများစုကို မပြောင်းလဲဘဲ ထိန်းထားချင်တဲ့ လက္ခဏာတစ်ဖက်ရှိသလို၊
အခြားတစ်ဖက်မှာတော့ အချို့ကုန်ပစ္စည်းတွေ (အထူးသဖြင့် ဆေးလိပ်၊ အရက်) အပေါ်မှာ အခွန်တိုးမြှင့်ခြင်း၊ EV sector အပေါ် အခွန်ပြန်တင်ခြင်းတွေကနေ ဝင်ငွေမြှင့်တင်ရေးဘက်ကို အာရုံစိုက်နေတဲ့ လက္ခဏာ ကိုလည်း တွေ့ရပါတယ်။
အဲ့ဒီအပြင် ဝင်ငွေအခွန်ကို ဝင်ငွေရရှိတဲ့ ငွေကြေးအမျိုးအစားအတိုင်း ပေးဆောင်ရမယ်ဆိုတဲ့ စနစ်ကို ဆက်လက်ထားရှိထားတာကြောင့်၊ နိုင်ငံခြားငွေဝင်ငွေများအပေါ် ထိန်းချုပ်မှုကို ဆက်လက် ထားရှိနေတယ်လို့လည်း သဘောပေါက်နိုင်တယ်လို့ စစ်အုပ်စု ရဲ့အခွန်ဥပဒေကို DFDL အဖွဲ့ကသုံးသပ်ထားပါတယ်။ ဒီအဖွဲ့ဟာ အရှေ့တောင်အာရှအတွင်းကျော်ကြားတဲ့ အခွန်နှင့်ဥပဒေ အကျိုးဆောင်အဖွဲ့ပါ။
■ မတ်လ ၁၄ ရက်နေ့မှာ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဒီကော်မရှင်ရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ရမယ်ဆိုတာပါ။
■ မတ်လ ၇ ရက်နေ့ကတော့ ဥပဒေတွေ စုပြီးထွက်လာတဲ့နေ့တစ်နေ့လို ဖြစ်ပါတယ်။ နိုင်ငံအတွက်အရေးကြီးတဲ့ ယစ်မျိုးဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့သလို၊ ရှေ့နေများအက်ဥပဒေ၊ မျိုးစေ့ဥပဒေ၊ မြေဩဇာဥပဒေတို့ကိုလည်း ပြင်ဆင်လိုက်ပါတယ်။ အဓိကပြင်ဆင်မှုကတော့ ပြစ်ဒဏ်တွေ တိုးမြှင့်ထားတာကို တွေ့ရပါတယ်။ ဒါက စိုက်ပျိုးရေးကဏ္ဍနဲ့ စိုက်ပျိုးရေး သမားတွေအပေါ် စည်းမျဉ်းတင်းကြပ်မှု နဲ့ ဒဏ်ငွေကြီးလေးစွာချမှတ်လိုတဲ့ သဘောထားကိုမြင်တွေ့ရပါတယ်။ ယစ်မျိုးဥပဒေအသစ်မှာ အာဏာပိုင်တွေနဲ့လုံခြုံရေးအဖွဲ့ဝင်တွေကို ပိုပြီးလုပ်ပိုင်ခွင့်ပေးထားသလို ယစ်မျိုးကုမ္မဏီတွေရဲ့ ကြော်ငြာခြင်းနဲ့ ရောင်းချခြင်းနည်းလမ်းတွေကိုလည်း တင်းကြပ်ထားခဲ့ပါတယ်။
■ မတ်လ ၄ ရက်နေ့မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်ပြီး မြို့တော်ဝန်စနစ် ထည့်သွင်းလိုက်ပါတယ်။ ပြည်နယ်နဲ့တိုင်း အားလုံးမှာစည်ပင်သာယာရေးဝန်ကြီးကို မြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့ မင်းအောင်လှိုင်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော် ကောင်စီမှာ ဒုတိယမြို့တော်ဝန်ထားဖို့ နေပြည်တော်ကောင်စီဥပဒေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ ဒါက ဒေသအဆင့် အုပ်ချုပ်ရေးဖွဲ့စည်းပုံကို ပြန်လည်ညှိနှိုင်းတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် တွေ့ရပါတယ်။
■ ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလည်း မင်းအောင်လှိုင်က အရေးကြီးတဲ့ ဥပဒေတွေကို ပြင်ဆင်/ ထုတ်ပြန်ခဲ့ပါသေးတယ်။ သမဝါယမအသင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ် ငန်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေများကို ထုတ်ပြန်ခဲ့ပါတယ်။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ရာမှာ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ ပြင်ဆင်ဆောက်လုပ်ခြင်း နဲ့ လုပ်ငန်းလည်ပတ်ဖို့ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်ကို အထူးအလေးပေးထားသလို ခွင့်ပြုချက်မရှိတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေ၊လုပ်ငန်းတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ရည်ရွယ်ထားပါတယ်။
လုပ်ငန်းအသစ်များ၊အဆောက်အဦအသစ်များ တည်ထောင် လိုပါက နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ရေးကော်မတီ များမှတစ်ဆင့် ဗဟိုအဖွဲ့သို့ အဆင့်ဆင့် လျှောက်ထားရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် သတ်မှတ်ထားပြီး လိုင်စင်မရှိဘဲ ပုဂ္ဂလိက ဆေးရုံ၊ သင်တန်းကျောင်း သို့မဟုတ် ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို လုပ်ကိုင်ပါက ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း တွေ့ရှိရသည် ဒါဟာသဘောတရားအားဖြင့် ကောင်းဟန်ပြပေမယ့် နောက်ကွယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီပံ့ပိုးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းအတွက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ဖြစ်လာစေတယ်လို့ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ CDM ဆေးရုံအုပ်တစ်ဦးက MFP ကို မှတ်ချက်ပေးပါတယ်။
■ ဖေဖော်ဝါရီ ၂၄ မှာ သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကိုလည်းထုတ်ပြန်ခဲ့ပြီး သမဝါယမစနစ်ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်သည်ဟု ဝေဖန်မှုများစွာရှိခဲ့ပါတယ်။ ဒီဥပဒေအသစ် မှာ သမဝါယမနည်းလမ်းဖြစ်တဲ့ အများဆန္နဖြင့်စီမံခန့်ခွဲပြီး စုပေါင်းဆောင်ရွက်တဲ့အဖွဲ့အစည်း” ဆိုတဲ့ ဝေါဟာရကို အစားထိုးလာသလို အသင်းဖွဲ့စည်းပုံတွေကိုလည်း ပြောင်းလဲခဲ့ပါတယ်။
■ ဖေဖော်ဝါရီ ၃ ရက်မှာ မင်းအောင်လှိုင်က ဥပဒေနှစ်ခုကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်/ပြင်ဆင်ခဲ့ပြီး အလွန်အရေးကြီးတဲ့ဥပဒေဖြစ်လာပါတယ်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကိုထုတ်ပြန်ခဲ့ပြီး အတိုင်ပင်ခံကောင်စီဝင်တွေကို သမ္မတက ခန့်အပ်ခွင့်ရှိတဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သမ္မတ ဖြစ်လာချိန်မှာ အရေးပါတဲ့ အတိုင်ပင်ခံကောင်စီဖွဲ့စည်းဖို့ ကနဦးဖြစ်တယ်လို့ လေ့လာသူတွေ့ကဆိုပါတယ်။
ဒါ့ပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေကိုပြင်ဆင် လိုက်တာကြောင့် နိုင်ငံသားတစ်ဦးကို ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိပါပြီ၊ အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ “နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အများပြည်သူ အေးချမ်းသာယာရေးအလို့ငှာ” လို့ ခေါင်းစဉ်တပ်ထားရင် နိုင်ငံသားတစ်ဦးကို ဖမ်းမယ်ရာမှာ အရပ်အုပ်ချုပ်ရေး သက်သေမလိုတော့ဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် လုံခြုံရေးအဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ် အချိန်လိုသလောက် ဖမ်းဆီးနိုင်ခွင့်၊ ဆက်သွယ်ရေးကိရိယာများ ကြားဖြတ်နားထောင်ခွင့်နဲ့ နောက်ယောင်ခံလိုက်ခွင့် စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြည့်အဝ အပ်နှင်းထားပါတယ်။
■ ဥပဒေမဟုတ်သော်လည်း ထူးခြားသော ညွှန်ကြားချက်များ
ရွေးကောက်ပွဲအပြီးကာလအတွင်းမှာ ဥပဒေတွေတင်မကဘဲ စစ်အုပ်စုက စီးပွားရေး၊ လူမှုရေးနဲ့ နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ ညွှန်ကြားချက်များကိုလည်း ဆက်တိုက်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
အထူးသဖြင့် စစ်ကောင်စီဟာ အာဏာသိမ်းစဉ်တည်းက တည်ဆောက်ခဲ့တဲ့ Cyber ဥပဒေ နဲ့ပေါင်းစပ်ပြီး မိုဘိုင်းဖုန်းအားလုံး MIEI ကို မှတ်ပုံတင်ဖို့ညွှန်ကြားခဲ့ပြီး ဒါက Digital အာဏာရှင်စနစ်ကို တည်ဆောက်နေတာလို့ Digital ဖိနှိပ်မှုတွေစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Myanmar Internet Projet အဖွဲ့အစည်းကဝေဖန်ပါတယ်။ ဒီစနစ်ကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ တည်နေရာတွေနဲ့ အချက်အလက်တွေကို အစိုးရက အလွယ်တကူရယူနိုင်မှာဖြစ်ပါတယ်။
မတ်လ ၁၅ ရက်နေ့ထုတ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို အမေရိကန်ဒေါ်လာတစ်မျိုးတည်းမဟုတ်တော့ဘဲ တရုတ်ယွမ်ငွေဖြင့်လည်း လက်ခံဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချက်ဟာ နိုင်ငံခြားငွေစနစ်အတွင်းမှာ ဒေါ်လာအပေါ်မူတည်မှုကို လျှော့ချဖို့ ကြိုးစားမှုတစ်ခုလို မြင်နိုင်သလို၊ တစ်ဖက်မှာလည်း တရုတ်ဘက်သို့ ငွေကြေးအပေါ်မူတည်မှု တိုးလာနိုင်တဲ့ လမ်းကြောင်းကို ပြသနေပါတယ်။
မတ်လ ၁၅ ရက်နေ့မှာတော့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေထည်ဝယ်ယူရာမှာ အလျော့တွက်လက်ခကို ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးအထိ ပေးဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ယခင်က အလျော့တွက်နည်းပါးသာယူလေ့ရှိတဲ့စနစ်ကနေ ယခုလို မြင့်မားတဲ့ အလျော့တွက်နှုန်းထား သတ်မှတ်လာတာကြောင့် လက်တွေ့စျေးကွက်မှာ ရွှေထည်စျေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်ပြီး စားသုံးသူဘက်ကို တိုက်ရိုက်ဖိအားပေးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်လာပါတယ်။
ဒါ့အပြင် ယခုနှစ်အတွင်းမှာပဲ နေရာအချို့မှာ ဧည့်စာရင်းစစ်ဆေးမှုတွေနဲ့အတူ စစ်မှုထမ်းဖောင် ဖြည့်ခိုင်းခြင်းတွေပါ တွဲဖက်လုပ်ဆောင်လာတာတွေ့ရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ လူဦးရေပြောင်းရွေ့မှုကို ထိန်းချုပ်ဖို့အပြင် မိသားစုတွေကို အတင်းအဓမ္မဖိအားပေးတဲ့ စနစ်တခုကို အုပ်ချုပ်ရေးထဲ ထည့်သွင်းလိုက်တာဖြစ်ကြောင်းလေ့လာသူတွေကဝေဖန်ပါတယ်။
ဒါ့အပြင် လက်ရှိမှာအရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ စက်သုံးဆီစီမံခန့်ခွဲရေးမှာ စုံ/မ စနစ် (ယာဉ်နံပါတ်အလိုက် စက်သုံးဆီ ဖြန့်ဝေစနစ်) ကို ကျင့်သုံးနေခြင်းကြောင့် EV ကားစျေးကွက်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ EV ကားရောင်းအား သုံးဆကျော်တက်လာပြီး စျေးနှုန်းတွေကိုလည်း ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရောင်းချနေတယ်လို့ ဈေးကွက်ထဲမှာဝေဖန်မှုတွေရှိနေပါတယ်။ စုံ/မ စနစ်ကိုမဖျက်သိမ်းဘဲအင်ဂျင်ပါဝါအလိုက် ဆီရောင်းချတဲ့ စနစ်ကိုလည်း မတ်လ နောက်ဆုံးအပတ်မှာ စစ်ကော်မရှင်ကပူးတွဲလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ထုတ်ပြန်ချက်တွေဟာ ရှုပ်ထွေးပြီး မြေပြင်အခြေအနေနဲ့ ယုတ္တိမမျှတဘူးလို့ မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင် လူငယ်အမျိုးသားတစ်ဦးက မှတ်ချက်ပေးပါတယ်။



