
ရေးသူ – မယ်ကြည်ညို (MFP)၊ ဆောင်းပါး
နွေနေပူပူ ကျိုးတို့ကျဲတဲ ဇီးပင်တစ်ပင်ရဲ့အောက်မှာ လူကြီးလေးငါးယောက်၊ လူလတ်ပိုင်းလေးငါးယောက်နဲ့ ကလေးသုံးလေးယောက်တို့ အစုလိုက် ရှိနေပါတယ်။ နေပြောက်ထိုးနေတဲ့ တာလပတ်အခင်းအပေါ်မှာ အသက်၇၀ ဝန်းကျင် အဖိုးအိုတစ်ဦး လဲလှောင်းနေပါတယ်။ နောက်ထပ်အဖိုးအိုကတော့ တုတ်ကောက်တစ်ချောင်းနဲ့ အပင်အောက်မှာ ဟိုဟိုဒီဒီလမ်းလျှောက်လို့ နေတာပါ။ အားလုံးရဲ့လက်ထဲမှာတော့ စားလက်စပြောင်းဖူး ကိုယ်စီကိုင်ထားပါတယ်။ ဘေးနားမှာ အိုးခွက်တွေထည့်ထားတဲ့ အညာဒေသအခေါ် ခံတောင်းတစ်တောင်းနဲ့ အထုပ်အပိုးတချို့လည်း ချထားပါတယ်။ သူတို့အနီးမှာတော့ မီးသေနေတဲ့ မီးဖိုတစ်ခုပေါ်မှာ ဒန်အိုးတစ်လုံးတင်ထားပြီး ဒါဟာ အားလုံးလက်ထဲမှာကိုင်ထားတဲ့ ပြောင်းဖူးပြုတ်အိုး ဖြစ်ပါတယ်။
“ဒီညတော့ ပြောင်းဖူးပြုတ်လေးနဲ့ နှစ်ပါးသွားရအုန်းမယ်”ဆိုတဲ့ စာတန်းလေးနဲ့ ရုပ်သံတစ်ခုကို ဆိုရှယ် မီဒီယာပေါ်မှာ မတ်လလယ်လောက်က စစ်ရှောင်မိသားစုတစ်စုက တင်ထားတာပါ။ အဲဒီရုပ်သံဖိုင်ထဲက မိသားစုနဲ့ ခပ်လှမ်းလှမ်း တခြားဇီးပင်တစ်ပင်အောက်မှာလည်း အလားတူ မိသားစုတစ်စုကို လှမ်းမြင်နေရပါတယ်။
ဒါက အာဏာသိမ်းစစ်အုပ်စု လက်ထက်မှာ မထူးဆန်းတော့တဲ့ အညာကပြည်သူတွေရဲ့ ဘဝတွေ ဖြစ်ပါတယ်။
ဒီလို စစ်ရှောင်နေရတဲ့သူတွေအထဲမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် နဘူးအိုင်ရွာက ဒေသခံ ကိုမောင်ဦး (အမည်လွှဲ)လည်း ပါပါတယ်။ နဘူးအိုင်ရွာဟာ စစ်အုပ်စုရဲ့ ဗုံးကြဲ၊စစ်ကြောင်း ထိုးမီးရှို့တာတွေကို သုံးကြိမ် ထက်မနည်း ခံထားရပြီး လတ်တလောမှာလည်း စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ရွာခံတွေ စစ်ရှောင်နေကြရတာပါ။ စစ်ကြောင်းက အနီးဝန်းကျင်မှာ ရှိနေသေးတာကြောင့် ကိုမောင်ဦးတို့ မိသားစု အပါအဝင် ရွာခံတွေဟာ ရွာကို မပြန်ရဲကြသေးဘဲ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်အတွင်းမှာ လှည့်လည်ပြီး စစ်ဘေးရှောင်နေကြရတာပါ။
“ရွာနားကို မကပ်နိုင်အောင် ဒရုန်းနဲ့လိုက်ချနေတာ ပြည်သူ လေးယောက်သေတယ်။ လေးယောက် ဒဏ်ရာရတယ်။ သူတို့က ဘုန်းကြီးကျောင်းတွေလည်း လိုက်လုပ်နေတော့ အခုဆို ဘုန်းကြီးကျောင်းတွေဆို သိပ်မနေရဲ ကြတော့ဘူး။ အခု ရိုးချောင်း(သဲချောင်း)တွေထဲ သွားရှောင်နေရတယ်” လို့ ဖေဖေါ်ဝါရီလကစလို့ နဘူးအိုင်ရွာကို စစ်အုပ်စု စစ်ကြောင်း ထိုးမီးရှို့လို့ ထွက်ပြေးနေရတဲ့ အခြေအနေကို ကိုမောင်ဦးက ပြောပြနေတာပါ။
ဒီလိုအဖြစ်အပျက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက သူတို့ဒေသတွေမှာ ကြုံနေကျဖြစ်ပေမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ အကြိုကာလကစပြီး အခုအချိန်အထိ စစ်ကြောင်းထိုး မီးရှို့တာတွေကို အရင်ကထက် ခပ်စိပ်စိပ် လုပ်လာခဲ့တာပါ။
မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာ၊ ငါးန်ဇွန်မြို့နယ်တွေမှာတော့ နေရာကွက်ကွက် ရွေးကောက်ပွဲလုပ်ခဲ့ပြီး နွားထိုးကြီး မြို့နယ်ကတော့ စစ်အုပ်စုက ရွေးကောက်ပွဲ လုံးဝ မလုပ်နိုင်ခဲ့တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အကြိုကာလကစပြီး တောင်သာ၊ မြင်းခြံနဲ့ ငါးဇွန်နယ်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့တာပါ။ အခုအချိန်အထိလည်း မြင်းခြံခရိုင်ထဲမှာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
MFP က ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ မတ်လအထိ လေးလအတွင်း မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်အတွင်းက ကျေးရွာပေါင်း ၈၀ နဲ့ ၁၀၀ အကြားကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး အိမ်ခြေ ၆၀၀၀ ကျော် ပြာကျပျက်စီးခဲ့တာပါ။
အဲ့ဒီ စစ်ကြောင်းထိုး၊ မီးရှို့ခံရတဲ့ ကျေးရွာတွေအများစုဟာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပုံးမထောင်၊ မဲရုံမဖွင့်နိုင်ခဲ့တဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
“သူတို့ မဲ(ရွေးကောက်ပွဲ) မလုပ်နိုင်တဲ့နေရာတွေ အကုန်ရှို့တာပဲ။ မဲပြီးတော့လည်း ရှို့တာပဲ။ နွားထိုးကြီးဆိုလည်း ရွာပေါင်း မနည်းဘူး။ မဲမတိုင်ခင်ကလည်း ရှို့ခံရတယ်၊ မဲပြီးတော့လည်း ရှို့ခံရတယ်။ သူတို့(စစ်အုပ်စု)က ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာဆို အကုန်လုပ်တာပဲ၊ လေယာဥ်နဲ့ ဗုံးကြဲတယ်၊ မီးရှို့တယ်၊ မီးလောင်ဗုံး ဒရုန်းနဲ့ လိုက်ကြဲတာဗျ “ လို့ ကိုမောင်ဦးက ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြင်းခြံမြို့နယ်ထဲ အတုအယောင် ရွေးကောက်ပွဲ လုပ်ခဲ့ရာ မြင်းခြံမြို့ပေါ် ရပ်ကွက် ၂၀ နဲ့ ကျေးရွာအုပ်စု ရှစ်ခုမှာသာ မဲရုံဖွင့်နိုင်ခဲ့ပါတယ်။ မြင်းခြံမြို့နယ်မှာ မြင်းခြံမြို့နဲ့ ဆီမီးခုံမြို့ အပါအဝင် မြို့ပေါ်ရပ်ကွက် ၂၄ နဲ့ ကျေးရွာအုပ်စု ၆၄ ခု ရှိတဲ့အနက် နယ်မြေ မစိုးမိုးနိုင်တာကြောင့် မြို့ပေါ် ရပ်ကွက် လေးခုနဲ့ ကျေးရွာအုပ်စု ၅၆ မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။
တောင်သာနဲ့ ငါန်းဇွန်နယ်တွေမှာလည်း မြို့ပေါ် ရပ်ကွက်လေးတွေမှာသာ အယောင်ပြ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့ပြီး ကျေးရွာတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့ပါဘူး။
လက်ရှိမှာတော့ အဲ့ဒီ ရွေးကောက်ပွဲ မဲပုံးမထောင်နိုင်တဲ့ မြို့၊ရွာတွေကို အဓိက ပစ်မှတ်ထား၊ အငြိုးထားကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
မြင်းခြံနဲ့ ထိစပ်နေတဲ့ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်မှာလည်း ပုပ္ပါးဒေသ အပါအဝင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့၊ရွာတွေကို ၂၀၂၅ ဒီဇင်ဘာက စတင်ကာ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ပန်းတောင်းနယ်မှာ ရွေးကောက်ပွဲအပြီး မဲပုံးမထောင်နိုင်တဲ့ ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်တာတွေ အရှိန်မြှင့် ကျူးလွန်နေပြီး ယခု မတ်လအတွင်းမှာပဲ ကျောက်ပန်းတောင်းနယ် ပုပ္ပါးတိုက်နယ်ရှိ ကျေးရွာ သုံးရွာက အိမ်ခြေ ၃၀၀ လောက် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ရှစ်ဦးထက်မနည်းကို ဖမ်းဆီး၊ညှဉ်းပန်း၊ မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းကာလ ငါးနှစ်အတွင်း ယခင်က တစ်ကြိမ်မှ ဗုံးမကြဲဘူးတဲ့ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်က မဲပုံးမထောင်နိုင်တဲ့ ကျေးရွာတွေကိုလည်း စစ်အုပ်စုက စတင် ဗုံးကြဲသတ်ဖြတ်တာတွေ ကျူးလွန်နေပြီး ဇန်နဝါရီနဲ့ မတ်လအတွင်း မလှိုင်နယ် ကျေးရွာ လေးရွာကို စစ်အုပ်စုက စက်တပ်လေထီး – Paramotor တွေနဲ့ ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ခုနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိကာ အိုးအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုဟာ မြင်းခြံခရိုင်ထဲက ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး မီးရှို့ရာမှာတော့ ရွာလုံးကျွတ် အိုးအိမ်တွေကို မီးရှို့ရုံတင်မကဘဲ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို သတ်ပစ်တာ၊ သူတို့နဲ့တိုးတဲ့ သူတွေကို ဓားစာခံ လူသားဒိုင်းလုပ်ဖို့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတာတွေကိုပါ တပြိုင်နက်တည်း ကျူးလွန်နေတာပါ။
ဒီ ၂၀၂၆ နှစ်ဆန်းပိုင်းမှာလည်း စစ်တပ်ဟာ နွားထိုးကြီးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးရင်း အမျိုးသမီး လေးဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မင်းရွာကနေ တောထဲမှာ စစ်ဘေးရှောင်နေတဲ့နေရာကို စစ်ခွေး (စစ်အုပ်စုတပ်သား) တစ်ကောင်က တစ်ယောက်တည်း ရောက်လာပြီးတော့မှ ဖအေဖြစ်သူကို ကြိုးနဲ့တုပ်ပြီးတော့ သမီးဖြစ်သူကို အဓမ္မ ကျင့်သွားတာ။ မြဝတီရွာမှာလည်း မီးဝင်ငြှိမ်းတဲ့ အမျိုးသမီးတွေ ကျင့်(အဓမ္မ)ခံရတာ ရှိသေးတယ်” လို့ နွားထိုးကြီး ဒေသခံက ဆိုပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း မြင်းခြံမြို့နယ်မှာတင်ပဲ စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာပေါင်း ၃၀ ကျော် ရှီခဲ့ပြီး တချို့ရွာတွေမှာ လူနေအိမ်တွေအပေါ်ကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲခဲ့ပါတယ်။
မြင်းခြံနယ်အနောက်ခြမ်း တောင်ကျွန်းရွာက အသက် ၈၀ ဝန်းကျင် အဖွားအိုနှစ်ယောက် ဖြစ်တဲ့ ဒေါ်နီတာနဲ့ ဒေါ်ခင်ဌေးတို့ကတော့ အသက်ကြီးလို့ စစ်ဘေးမရှောင်နိုင်ဘဲ နေအိမ်မှာ ကျန်နေခဲ့သူတွေပါ။ ဒါပေမဲ့ စစ်အုပ်စုဟာ ဒီသက်ကြီးရွယ်အိုတွေဆိုပြီး ငဲ့ညှာတာမျိုးမရှိဘဲ နေအိမ်တွေနဲ့အတူ မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို မြင်ခဲ့ရတဲ့ ဒေသခံတစ်ဦးက “သူတို့က အသက်ကြီးပြီဆိုတော့ စစ်မရှောင်နိုင်လို့ ရွာထဲမှာ ကျန်နေခဲ့ကြတာ။ မီးလောင်တဲ့အထဲမှာ ပါသွားတာမဟုတ်ဘူး၊ (စစ်အုပ်စုက) မီးထဲကို ပစ်ထည့်သွားတာ။ သူတို့ သတ်ပြီးတော့ မသေမရှင် ဖြစ်မှာစိုးလို့ ထင်ပါရဲ့ဗျာ။ မီးထဲပစ်ထည့်သွားခဲ့တာ” လို့ ရင်နင့်ဖွယ်ရာမြင်ကွင်းကို ပြန်ပြောပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန – MOHRရဲ့ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ၂၀၂၆ ဇန်နဝါရီလ ၃၁ရက်အထိ ငါးနှစ်တာကာလအတွင်း အာဏာသိမ်း စစ်အုပ်စုက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ် ၂၃,၀၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ အရပ်သား ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးတဲ့ ဖြစ်စဉ်ဟာ ၇၅၀၀ ကျော် ရှိခဲ့တယ်လို့ မတ်လ ၃၁ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာအရ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းထိုး မီးရှို့တာ၊ လက်နက်ကြီး ထုတာတွေနဲ့ အခြားဖျက်ဆီးမှုတွေကြောင့် ဒေသအလိုက် ပစ္စည်းဥစ္စာဖျက်ဆီးခံရတဲ့ ဖြစ်ရပ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ ၂၀၃၇ခု၊ မကွေးတိုင်းထဲမှာ ၁၀၅၅၊ မန္တလေးတိုင်းထဲမှာ ၉၉၂ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေအရ ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ လိုအပ်တဲ့ အချိုးကျ အင်အားကိုသာ အသုံးပြုပြီး အရပ်သားတွေရဲ့ အသက်နဲ့ ပစ္စည်းဥစ္စာတွေကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အသုံးပြုရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် မှတ်တမ်းတွေအရ အာဏာသိမ်း စစ်အုပ်စုဟာ စစ်အင်အား သာမက လက်နက်တွေကိုပါ အလွန်အကျွံ အသုံးပြုကာ မလိုလားအပ်တဲ့ စစ်ရေး ဖော်ဆောင်မှုတွေနဲ့ နည်းဗျူဟာတွေ ပါဝင်တဲ့ စစ်ဆင်ရေးတွေကို အရပ်သားပြည်သူတွေအပေါ်မှာ လုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Data For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာအရလည်း ၂၀၂၁ခုနှစ် မေလ ၁ရက်ကနေ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၃၀ရက်အထိ အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတဝန်း အရပ်သားနေအိမ် ၁၂၀,၄၆၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းက ၇၈,၂၅၃ လုံးနဲ့ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မန္တလေးတိုင်းထဲမှာတော့ အိမ်ခြေ ၉,၄၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မန္တလေးတိုင်းမှာ အခု ရွေးကောက်ပွဲကာလ လေးလအတွင်း စစ်အုပ်စုက နေ့စဉ် ရွာစဉ်ပတ်မွှေ လုယက် မီးရှို့နေတာကြောင့် နောက်ဆက်တွဲ ဖြစ်စဉ်တွေနဲ့ ထပ်ပေါင်းရင်တော့ မီးရှို့ခံရတဲ့ အိမ်ခြေ ၁၅,၀၀၀ ကျော် ရှိနိုင်တာပါ။
မန္တလေးတိုင်းထဲက မြင်းခြံခရိုင်ထဲမှာ ပြီးခဲ့တဲ့လေးနှစ်အတွင်း အရပ်သားသေဆုံးသူ ၁၀၉၅ဦး ရှိခဲ့ပြီး အဓိက ဖြစ်စေတဲ့ အချက်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကြောင့် ဖြစ်တယ်လို့လည်း Data For Myanmar ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ ရွာတွေပေါ်နဲ့ အနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ချိန်မှာတော့ မြေပြင်ကနေ စစ်ကြောင်းထိုးကာ တန်ဖိုးကြီးပစ္စည်းတွေကို ကားကြီးကားငယ်နဲ့ စိတ်ကြိုက်ခိုးယူ လုယက်ပြီးမှ ရွာတွေကို မီးရှို့ကြတာပါ။
ဒါဟာ အညာကရွာတွေမီးရှို့ရာမှာ စစ်အုပ်စုရဲ့ လုပ်နေကျပုံစံတစ်ခုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၆ရက် တစ်ရက်ထဲမှာပဲ မြင်းခြံမြို့နယ်ထဲက ရွာငါးရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၀၀ နီးပါး မီးလောင်ပြာကျခဲ့ပါတယ်၊ တချို့ရွာတွေဆိုရင်လည်း စစ်အုပ်စုက ရွာလုံးကျွတ် မပြောင်မချင်းကို အကြိမ်ကြိမ် မီးရှို့ခဲ့ကြတာပါ။
တောင်သာနယ်က အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ မင်းတည်းရွာဟာလည်း မတ်လအတွင်း ရွာလုံးကျွတ်နီးပါး မီးရှို့ခံရပြီး မြင်းခြံနယ်ထဲ ရွာလုံးကျွတ် မီးရှို့ပြာချခံရတဲ့ ရွာတွေထဲက တစ်ရွာဖြစ်လာပါတယ်။
“မင်းတည်းကတော့ တစ်ရွာလုံး မကျန်တော့ဘူး။ ရွာလုံးကျွတ်ကို မီးရှို့သွားတာ။ နေအိမ် ၂၀ ကျော် လောက် ကျန်နေသေးတာကို နေ့လယ်ပိုင်းမှာ ထပ်ရှို့လိုက်တော့ တစ်အိမ်မှ မကျန်တော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ်ကို အဓိက ပစ်မှတ်ထားကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတဲ့အတွက် မြင်းခြံခရိုင်အတွင်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်တွေကို စွန့်ခွါပြီး တောတောင်တွေ၊ သောင်ပြင်တွေမှာ ကြုံသလို စစ်ဘေးရှောင်နေရတာ လနဲ့ချီနေပါပြီ။
အရိပ်ကင်းမဲ့တဲ့ သဲသောင်ပြင်နဲ့ နွေခေါင်ခေါင်မှာ အလေ့ကျပေါက်နေတဲ့ ဇီးပင်တစ်ပင်ကလည်း သူတို့အတွက် အားကိုးစရာနေရာ ဖြစ်လို့နေပါတယ်။
“အခုက တနယ်လုံးနီးပါး စစ်ရှောင်တွေဖြစ်လာပြီ” လို့ မြင်းခြံခရိုင်အတွင်းမှာ စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။
သူတို့ထဲက အများစုဟာ နေစရာအိမ် မရှိတော့သလို အလုပ်အကိုင်လည်း မယ်မယ်ရရ မရှိတာကြောင့် စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်အရေး အကူအညီပေးသူတွေက ပြောပါတယ်။
စစ်ရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေက ဆွေမျိုးမိတ်ဆွေတွေဆီကို သွားနေကြသူတွေရှိသလို တောတောင်အထဲ လှည့်လည်ပြီး အုပ်စုလိုက် စုနေကြသူတွေလည်း ရှိပါတယ်။ အများစုက ငွေရေးကြေးရေး မပြည့်စုံတာကြောင့် တောထဲမှာပဲ စစ်ရှောင်မိသားစုတွေ အချင်းချင်း ဖြစ်သလို မျှတစားသောက်နေရပါတယ်။ စစ်ရှောင်တွေထဲမှာ ကျန်းမာရေးချို့ယွင်းနေသူ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တာကြောင့် အတော်လေး ဆင်းရဲ ဒုက္ခရောက်နေကြတယ်လို့ နဘူးအိုင်ရွာက စစ်ရှောင်တစ်ဦးဖြစ်တဲ့ ကိုမောင်ဦးက ပြောပါတယ်။
“တစ်ယောက်ရှိတာ တစ်ယောက် မျှစားကြတာပေါ့။ ကိုယ့်ရွာသား အချင်းချင်းဆိုတော့ မကျွေးလို့လည်း မဖြစ်ဘူးလေ။ တချို့ဆို ဆီးချိုတို့၊ သွေးတိုးတို့လို ရောဂါတွေနဲ့ ဆေးအမြဲသောက်နေရသူတွေလည်း ရှိတော့ တော်တော်လေး ဒုက္ခရောက်ကြပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုရဲ့ အငြိုးတကြီး မီးရှို့ဖျက်ဆီးခံရတဲ့ မြင်းခြံခရိုင်အတွင်းက ရွာခံတွေဟာ ပြာပုံတွေထဲကနေ အလူးအလဲနဲ့ ပြန်ရုန်းထဖို့ အားအင်တွေ ချိနဲ့နေကြပါပြီ။
တောတောင်အတွင်း စစ်ရှောင်နေရတဲ့ နဘူးအိုင်ရွာသား ကိုမောင်ဦးကတော့ စစ်အုပ်စု ထွက်သွားပြီး ပြန်ခွင့်ရမယ် ဆိုရင်တောင် ရွာထဲမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားမှာစိုးလို့ ပြန်ရမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက နွေကုန်ပြီး မိုးတွင်းရောက်ရင် ဘယ်လို နေထိုင်သွားရမယ် ဆိုတာကလည်း သူအပါအဝင် စစ်ရှောင်တွေအတွက် စိတ်ပူစရာကိစ္စပါလို့ အခုလို ပြောပြပါတယ်။
“အခက်အခဲတွေကတော့ အများကြီးပဲ။ ဒါပေမယ့် လာမယ့် မိုးတွင်းကျရင် ဘယ်လိုနေရမလဲ ဆိုတာကိုတော့ တော်တော်လေး စိတ်ပူမိတယ်”။ ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



