Blog

ကျောက်မဲ မြို့အဝင်ဆိုင်းဘုတ်ထိ စစ်အုပ်စုစစ်ကြောင်း ထိုးဖောက်ဝင်ရောက်လာတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေ 

မှူးအိန်ဂျယ်လ်/MFP၊ အောက်တိုဘာ – ၁

စစ်အုပ်စု စစ်ကြောင်းတွေဟာ ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ဖို့ ကုန်းကြောင်း၊ လေကြောင်းကနေ အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်နေတာကြောင့် အောက်တိုဘာ ၁ ရက် ဒီနေ့မနက်မှာတော့ မြို့အဝင်ဆိုင်းဘုတ်နားထိ ရောက်ရှိနေသလို ဒီမနက် ၁၀ နာရီကစလို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက MFPကို ပြောပါတယ်။ 

မနေ့က စက်တင်ဘာ ၃၀ရက်မှာ စစ်အုပ်စုတွေဟာ ကြ့ခိုင်ရေးရုံး၊ မီးသတ်ရုံးစတဲ့ ဌာနဆိုင်ရာရုံးတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုတွေက မီးလောင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ပြီးနောက် မြေပြင်ကနေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရာမှာ ကျောက်မဲမြို့အဝင် ဆိုင်းဘုတ်အထိ ထိုးဖောက်သွားနိုင်တာလို့ ဆိုပါတယ်။

“ (စစ်အုပ်စုတွေ )မြို့အဝင် ဆိုင်းဘုတ်နားထိ ရောက်ပါပြီ။ (ဒီနေ့မနက် )ဟုတ်ပါတယ် ခင်ဗျာ။ မြို့တွင်းမှာတော်လှန်ရေးတပ်တွေအပြင်းအထန် ခုခံနေပါတယ် ခင်ဗျာ”လို့ မြေပြင်တော်လှန်ရေး ရဲဘော် တစ်ဦးက MFPကို ပြောပါတယ်။

ကျောက်မဲမြို့တွင်းရှိ ဌာနဆိုင်ရာတွေကို တအာင်းတပ်မတော် (TNLA)ဘက်က မီးရှို့ဖျက်ဆီးပြီး မြိူ့က စွန့်ခွါ ထွက်ပြေးသွားပြီလို့ စစ်အုပ်စုထောက်ခံနေတဲ့ လော်ဘီချန်နယ်တွေမှာ ဝါဒဖြန့် ရေးသားနေကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြို့မကျရေး မြို့တွင်းကနေ ဆက်လက် ခုခံ တိုက်ခိုက်နေတယ်လို့ MFPကို ပြောပါတယ်။

ကျောက်မဲမြို့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာလည်း ဖြစ်သလို စစ်အုပ်စုက နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ နောက်ဆုံးတစ်ပတ်မှာ ကျောက်မဲကို အင်အားအလုံးအရင်းနဲ့ ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

“ကနေ့မနက် 10 ဝန်းကျင်ကစပြီး ပစ်ခံသံတွေကြားနေရပြီး စစ်တပ်မြို့ထဲဝင်ဖို့ အသံပေးတယ်လို့ပြောကြတယ်။ ဟုတ်မဟုတ် ကောင်းကောင်းမသိရသေးပါ၊ မနေ့ညပိုင်း မိုးရွာကတော့ မြို့ထဲက မီးလောင်နေတာတွေလည်း ငြိမ်ူသွားတယ်။ တိုက်ပွဲလည်း ငြိမ်သွားပါတယ်” လို့ ကျောက်မဲ ဒေသခံတစ်ဦးက MFPကို ပြောပါတယ်။

တိုက်ပွဲဆက်ပြင်းထန် နေတာကြောင့် ကျောက်မဲမြို့အတွင်း အသွားအလာ မရှိဘဲ တိတ်ဆိတ်နေပြီး လက်နက်ကြီးသံနဲ့ ဒရုန်းရန် ကင်းလွတ်တဲ့ နေရာတွေမှာ ရှာဖွေနေထိုင် နေရတယ်လို့ သူကဆိုပါတယ်။

ကျောက်မဲမြို့နဲ့ သုံးမိုင်အကျော်မှာရှိတဲ့ စခန်းသာရွာကို စစ်အုပ်စုတပ်က အခုရက်ပိုင်းမှာပဲ TNLA လက်ထဲကနေ သိမ်းယူပြီးနောက်ပိုင်း ကျောက်မဲကို တပ်ရင်းကိုးရင်းနဲ့ တစ်ရှိန်ထိုး ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

စစ်အုပ်စု ထိုးစစ်ဆင်လာတဲ့ အချိန်ကစပြီးကျောက်မဲမြို့က ဒေသခံ ၇၀ ရာခိုင်နှုန်းခန့်ဟာ  လွတ်ကင်းရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် အနည်းအကျဉ်းသာ ကျန်နေခဲ့တယ်လို့ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။

“ မြို့ခံတချို့ မရှောင်သေးတာက ရှောင်နိုင်တဲ့ အင်အားမရှိသေးလို့ မရှောင်ကြတာ။ တချို့ကျတော့လည်း ကိုယ့်အိမ်ပစ္စည်းတွေ ပျောက်ရှမှာဆိုးလို့ မရှောက်ကြတာ “လို့ ကျောက်မဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ အလယ်ကတည်းက စစ်အုပ်စုကစတင် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ တစ်လခွဲနီးပါး ကြာမြင့်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ စစ်ရှောင်

ပြည်သူ သောင်းနဲ့ချီ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောက်မဲမြို့ကို TNLA ကတိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button