ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၂
မကွေးတိုင်းနဲ့ ရခိုင်ပြည်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းမ ရိုးမပေါ်က အကြီးဆုံးစစ်အုပ်စုစခန်းဖြစ်တဲ့ နတ်ရေကန်စခန်းဝန်းကျင်က ကာကင်းစခန်းတွေကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက အခုရက်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် နတ်ရေကန်စခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
နတ်ရေကန်စခန်းကို ဝန်းရံကာထားပြီး ဟောင်ဝှစ်ဇာလက်နက်ကြီးတွေပါ တပ်ဆင်ထားတဲ့ ဂုတ်ကြီးရွာကာကင်းစခန်းနဲ့ စွန်တက်ရွာကာကင်းစခန်းစတဲ့ ကင်းစခန်းသုံးခုကို စစ်အုပ်စု လက်လွှတ်
လိုက်ရပြီးနောက် နတ်ရေကန်စခန်းအနေနဲ့ ပိတ်ဆို့ခံထားရတဲ့ အခြေအနေကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
နတ်ရေကန်စခန်းရဲ့ အောက်ဘက်မှာဆိုရင် ဂုတ်ကြီး၊ ဗစီနဲ့ ဦးထုစွန်စတဲ့ စခန်းတွေဟာ အကြီးဆုံးစခန်းတွေဖြစ်သလို လင်းတဲနဲ့စွန်တက်အပါအဝင် တခြားကာကင်းစခန်းငယ် တွေကိုလည်း သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။
“ကာကင်းတွေကျတာပေါ့။ နှစ်ခုသုံးခုလောက် ကျတဲ့သဘောရှိတယ်။ စစ်အုပ်စုကာကင်းတွေကျတာပေါ့။ အဓိက စစ်အုပ်စုစခန်းကြီးတွေကတော့ ဂုတ်ကြီးရှိမယ်။ ဗစီရှိမယ်။ အရှိုချင်လို ဦးထုစွန်ရှိမယ်။ ကျန်တဲ့အသေးလေးတွေကတော့ PDF တွေ၊ မဟာမိတ်တွေ ပေါင်းတိုက်တဲ့ လေးငါးဆယ်ယောက်၊ ၁၅ ယောက်လောက်နေတဲ့ ကာကင်းစခန်းလေးတွေ။ အခုကတော့ အကြီးပိုင်းတွေပေါ့။ အဲလိုမျိုးတွေ ပတ်ပြီးသိမ်းတာပေါ့”
ဗစီရွာကာကင်းစခန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းရှိမရှိကို အတည်မပြုနိုင်သေးဘဲ စခန်းအနီးဝန်းကျင်အထိ တော်လှန်ရေးတပ်တွေ ရောက်ရှိနေကြောင်း သူကဆိုပါတယ်။
ဂုတ်ကြီးရွာကာကင်းစခန်းက လမ်းသစ်လမ်းမကြီးပေါ်က စခန်းဖြစ်ပြီး ဗစီရွာကာကင်းစခန်းကတော့ လမ်းဟောင်းပေါ်က ကာကင်းစခန်းဖြစ်တာကြောင့် အဓိကလမ်းမကြီးတွေနဲ့ ကာကင်းစခန်းတွေကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်လိုက်နိုင်တာလို့ ဆိုပါတယ်။
အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကာကင်းစခန်းတွေကို တစ်ခုချင်းစီ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အမ်း-ပဒါန်းလမ်းအတိုင်း မကွေးတိုင်းအတွင်းဘက်ထဲကို တဖြည်းဖြည်း တိုးဝင်လာနေပြီလို့လည်း ဆိုပါတယ်။
ဂုတ်ကြီးစခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ရိုးမအောက်ဘက်က ပဒါန်းမြို့ကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေ ရောက်ရှိဖို့ ၁၀ မိုင်ကျော်လောက်သာ လိုတော့တယ်လို့ ပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်း နတ်ရေကန်စခန်းအနီးက ကာကင်းစခန်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်အုပ်စုက ဧရာဝတီမြစ်ဘေးက မင်းဘူးမြို့နဲ့ မကွေးမြို့တွေက ကားအစီး ၂၀ လောက်နဲ့ နတ်ရောက်ကန်ဘက်ကို တက်လာတာကြောင့် နတ်ရေကန်အနီးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



