Blogစစ်ကိုင်းသတင်း

ဝက်လက်မှာ စစ်အုပ်စုပစ်ခတ်လို့ မသန်းစွမ်း အမျိုးသားတစ်ဦးနဲ့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံး

ကိုသူ/MFP၊ အောက်တိုဘာ – ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တမာကန်ကျေးရွာကို အောက်တိုဘာ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် သေနတ်နဲ့ ရမ်းကားပစ်ခတ်တာကြောင့် မသန်းစွမ်းအမျိုးသားတစ်ဦးနဲ့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးကာ နောက်ထပ် အမျိုးသားတစ်ဦးလဲ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ဒီနေ့ မနက်မှာ ဝက်လက်နယ် အရှေ့တောင်ခြမ်းက တမာကန်ကျေးရွာကို အင်အားတစ်ရာခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။

ရွာကို စီးနင်းပြီးနောက် သေနတ်နဲ့ ရမ်းကားပစ်ခတ်တာကြောင့် ထွက်မပြေးနိုင်ဘဲ နေအိမ်အတွင်းရှိနေတဲ့အသက် ၂၇ နှစ်အရွယ် ကိုဇော်ဘုန်းခိုင်နဲ့ အသက် ၈၀ အရွယ် ဒေါ်မေပုတို့ နှစ်ဦး သေနတ် ထိမှန် သေဆုံးခဲ့သလို အသက် ၅၀ နှစ်အရွယ် ဦးမြင့်ရွှေလဲ ‌သေနတ် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဝက်လက်နယ် တော်လှန်ရေးအင်အားစုဖြစ်တဲ့ (Wetlet Information Network) ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

“နေရာမှာတင် ဆုံးသွားကြတာတာပါ။ တစ်ယောက်က အသက် ၈၀ခန့်အရွယ် မေပု။ အသက် ၂၇ က ဇော်ဘုန်းခိုင်၊ ဒဏ်ရာရတာက အသက် ၅၀ကျော်က ကိုမြင့်ရွှေပါ”

လက်ရှိအချိန်မှာတော့ စစ်အုပ်စု တပ်တွေက တမာကန် ကျေးရွာအတွင်းကို စီးနင်းဝင်ရောက်ပြီးတော့နေအိမ်တွေကို ဖောက်ထွင်းကာ စားနပ်ရိက္ခာတွေနဲ့ အဝတ်အစားတွေကို ခိုးယူနေသလို နေအိမ် တချို့ကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်တွေကတော့ ဖောက်နေတာရှိတယ်။ အခုစစ်ကြောင်းကတော့ လူဖမ်းတာတွေ ရှိသလားတော့ မသိဘူး”

ဝက်လက်မြို့နယ်အတွင်းမှာ စစ်အုပ်စုတပ်တွေက ဩဂုတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နေရာ ပေါင်း ခြောက်နေရာကျော်ကို အကြောင်းမဲ့ ဗုံးကြဲခဲ့တာကြောင့် နဘဲပင်လှကျေးရွာနဲ့ တောင်ရင်းရွာကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ပြည်သူ ၁၀ ဦး သေဆုံးခဲ့သလို၊ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း စစ်အုပ်စု ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ရှားကွဲကျေးရွာက ပြည်သူ ခြောက်ဦး၊ငါးပတ်ချောင်ကျေးရွာက ပြည်သူ ကိုးဦးနဲ့ ရေလည်မှော်ကျေးရွာက ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ကျော်ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်မှာအကူအညီ ပေးနေသူတွေက ပြောပါတယ်။

အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ငါးထောင်ကျော် (၅၃၀၄ ဦး) ရှိခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၇၈၈ ဦး) ရှိခဲ့တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button