မန္တလေးမှာ ငလျင်ကြောင့် ပြိုတဲ့ အဆောက်အဦး ၉၀ ရာခိုင်နှုန်းကျော်ဟာ အင်ဂျင်နီယာနဲ့ ဆောက်တာမဟုတ်ဘဲ ပန်းရံ၊ လက်သမား ဆောက်ပေးတာတွေ ဖြစ်၊
မန္တလေးမြို့မှာ မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဦးတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ Non- engineering building (အင်ဂျင်နီယာနဲ့ မဆောက်ဘဲ ပန်းရံ၊ လက်သမားနဲ့ ဆောက်တာ) တွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (MEC)က Senior Engineer (Structural) တစ်ဦးဖြစ်သူ ဦးကျော်သူနိုင်က ပြောပါတယ်။
ငလျင် လှုပ်ခတ်ပြီးနောက် ပြီးခဲ့တဲ့ လပိုင်းအတွင်း မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အဆောက်အဦးအသစ်တွေ ဆောက်လုပ်ခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲမှာ ဦးကျော်သူနိုင်က ဆွေးနွေးပြောကြားတာ ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ထိခိုက်ခဲ့တဲ့ မန္တလေးမြိုက အဆောက်အဦးတွေအနက် အဆောက်အဦး ၃,၀၀၀ ခန့်ကို MEAG (Myanmar Earthquake Assessment Group) နဲ့ MEC အသင်းတို့က initial assessment (လူနေထိုင်ဖို သင့်၊ မသင့် ကနဦး စစ်ဆေး) လုပ်ပေးခဲ့တာ ဖြစ်ပြီး အဲ့ဒီ စစ်ဆေးပေးတဲ့ အတွေ့အကြုံအရ ၁၀ လုံးစစ်ရင် ကိုးလုံးလောက်က Non-engineering building တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“Non-engineering building ကို မဆောက်ဖို့အတွက် ကိုယ့်အချင်းချင်းတွေ ပြန်ပြောရမယ်။ ဒါ အရေးကြီးတဲ့ အပိုင်းပဲ။ ကိုယ့်ရဲ့ နီးစပ်တဲ့လူတွေ၊ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေ၊ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ၊ ကိုယ့်ဆရာတွေ အများကြီး ပြန်ပြောရမယ်။ ဒါမျိုးဆောက်ရင် အန္တရာယ် များတယ်” လို့ ဦးကျော်သူနိုင်က ပြောပါတယ်။
အိမ်(အဆောက်အဦး)ဆောက်တော့မယ်ဆိုရင် အိမ်ရှင်အများစုဟာ ဆောက်ချင်တဲ့အိမ်ပုံစံကို ပန်းရံနဲ့ လက်သမားကို ခေါ်ပြပြီး ဆောက်ခိုင်းကြတာလို့ ဆောက်လုပ်ရေး လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ငလျင်လှုပ်နိုင်တဲ့ ပြတ်ရွေ့တွေရှိသလို မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုကနေ မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးအထိ ကီလိုမီတာ ၁၂၀၀ ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာလည်း မြိုကြီးတွေ တည်ထားတာကြောင့် new normal (ငလျင်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း) ပုံစံပြောင်းလဲကာ ငလျင်တွေနဲ့ ယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
“ကျွန်တော်တို ခေတ်မှာ generation (မျိုးဆက်) မှာ တာဝန်ကျေဖို့ လိုတယ်။ တာဝန်ကျေတဲ့ မျိုးဆက်ဖြစ်ဖို့ လိုတယ်။ နောက်ထပ် နှစ် ၃၀၊ နှစ် ၅၀ မှာ old generation ဖြစ်သွားတော့မှာ။ အဲ့ကျရင် ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာပေးတွေ မလုပ်ခဲ့ဘဲနဲ့ Construction Industry (ဆောက်လုပ်ရေး နယ်ပယ်)ကို ဒီထက်ပိုကောင်းအောင် မလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ နောင်တရစရာတွေနဲ့ ကျန်ခဲ့ရမှာ ဖြစ်ပါတယ်” လို့ Arr Mann Thit Real Estate က Managing Director ဦးကျော်ဇင်ဦးက ပြောပါတယ်။
ငလျင်ကြောင့် အဆောက်အဦး ထိခိုက်နိုင်စွမ်းကို လျှော့ချအောင် ကြိုးစားလို့ ရတာကြောင့် အဆောက်အဦး တည်ဆောက်တော့မယ်ဆိုရင် Engineering Building ဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“Engineering Building ဆိုတာ engineering code တွေ standard တွေနဲ့ ဆောက်ထားတာပေါ့။ engineering code နဲ့ ထိန်းချုပ်ထားတာ။ Myanmar National Building Code 2025 ဆိုရင် update တအားဖြစ်တယ်။ အဲ့လိုဖြစ်တဲ့အတွက် အခုဖြစ်တဲ့ကိစ္စကိုပါ ထည့်သွင်းစဉ်းစားပြီးတော့ ပိုပြီး update တွေ လုပ်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် နောက်ဆုံးပေါ် information ရနိုင်တယ်။ ဒါ့ကြောင့် Building code တွေနဲ့ ထိန်းချုပ်လိုက်ပြီဆိုတာနဲ့ ဘာမှ ပြောစရာမလိုဘူး။ ဒီတိုင်းလုပ် ဆိုရင် ပြီးပြီ” လို့ ဦးကျော်သူနိုင်က ပြောပါတယ်။
ငလျင်လှုပ်ခတ်တာကြောင့် အပျက်အစီး၊ အထိအခိုက် မရှိဘူးဆိုတာ မဖြစ်နိုင်ပေမယ့် ပျက်စီးဆုံးရှုံးတဲ့ ပမာဏဟာ လက်ခံနိုင်လောက်တဲ့ ပမာဏဖြစ်ဖို့အထိ လျှော့ချနိုင်အောင် အစိုးရ၊ ပညာရှင်နဲ့ ပြည်သူလူထုက လက်တွဲညီညီ လုပ်ဆောင်ဖို လိုအပ်တယ်လို့ အထက်ပါ ဆွေးနွေးပွဲမှာ အင်ဂျင်နီယာ ပညာရှင်တွေက ဆွေးနွေးပါတယ်။
ငလျင်လှုပ်ခတ်ပြီးစ မန္တလေးမြို့ပေါ်က ပြိုလဲပျက်စီးသွားတဲ့ အဆောက်အအုံတစ်ခု/Photo – CJ



