သတင်း

နောက်ဆက်တွဲငလျင်တွေ နှစ်ချီကြာ ဆက်လက် လှုပ်ခတ်နိုင်သေးတယ်လို့ ငလျင်ပညာရှင် သတိပေး၊

ဂျီဂျီ/ MFP၊ စက်တင်ဘာ – ၂၇

မန္တလေးနဲ့ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ခြောက်လ ပြည့်ပြီဖြစ်ပေမယ့် ပြင်းအား ၅ ရစ်ခ်ျတာစကေးဝန်းကျင်ရှိ နောက်ဆက်တွဲ ငလျင်တွေဟာ နောက်ထပ် နှစ်ချီကြာမြင့်တဲ့အထိ ဆက်လက် လှုပ်ခတ်နေဦးမယ်လို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောပါတယ်။

ဒေါက်တာမျိုးသန့်ဟာ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒု-ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သလို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ငလျင်သုတေသနပေါင်း များစွာ ပြုလုပ်ခဲ့တဲ့ ငလျင် ပညာရှင် ဖြစ်ပါတယ်။

“ဒါလေးကတော့ ပြည်သူလူထုကို အရမ်းကြီး မကြောက်လန့်ဖိုနဲ့ ဒါလေးတွေကလည်း တောက်လျှောက် ရင်ဆိုင် ကြုံတွေ့နေရမယ်ဆိုတာကို နည်းနည်းလေး ကျွန်တော်တို့ သတင်းအချက်အလက် ပေးတဲ့ သဘောပါပဲ” လို့ ဒေါက်တာမျိုးသန့်က MFP ကို ပြောပါတယ်။

ငလျင်ကြီး လှုပ်ပြီး နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်းအထိ ဆက်လက်လှုပ်ခတ်တဲ့ ငလျင်လတ်နဲ့ ငလျင်ငယ်ကို နောက်ဆက်တွဲ ငလျင်‌လို့ ခေါ်တာဖြစ်ပြီး ငလျင်ကြီးလှုပ်ခတ်စဉ်က အက်ကွဲနေတဲ့ အဆောက်အဦးတွေဟာ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်စဉ်မှာ ပြိုကျတတ်တာ ဖြစ်ပါတယ်။

“နောက်ဆက်တွဲ ငလျင်များ ဖြစ်နိုင်သည်ကို သတိပြုပါ။ ဖြစ်လာလျှင် မည်သို့ အကာအကွယ်ယူမည်ကို စဉ်းစားပါ။ ကြုံတွေ့ရသည်နှင့် ဝပ်နေပါ။ အကာအကွယ်ယူပါ။ မြဲမြဲကိုင်ထားပါ” လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ကော်မတီနဲ့  Asia Disaster Preparedness Center တို့ ပူးပေါင်းထုတ်ဝေထားတဲ့ ငလျင်များနှင့်နေထိုင်ခြင်း လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

မတ်လ ၂၈ ရက်က အင်အား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းတဲ့ငလျင်ကြီးဟာ စစ်ကိုင်းမြိုရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သလို နောက်ထပ် ၁၂ မိနစ်အကြာမှာတော့ အင်အား ၆ ဒဿမ ၄ ရစ်ချ်တာစကေးရှိ အတော်အသင့် အင်အားပြင်းတဲ့ နောက်ဆက်တွဲငလျင်ဟာ  စစ်ကိုင်းမြိုရဲ့ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ၊ အင်းဝဒေသ တံတားဦးလေဆိပ်အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။

မတ်လ ၂၈ ရက် နောက်ပိုင်း ခြောက်လအတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၂၃၀ ကျော် လှုပ်ခတ်ပြီး ဖြစ်တယ်လို စစ်အုပ်စု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဓိကငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ဧရိယာမှာ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့သလို ထပ်ပြီးတော့လည်း ဆက်လက်လှုပ်ခတ်နေဦးမယ်လို့ ငလျင်ပညာရှင်တွေက ဆိုပါတယ်။

“မန္တလေးက ကျွန်တော်တို့အတွက် နမူနာပါ။ ၂၀၁၁ တာလေငလျင်တုန်းက ပြောကြတယ်။ ဒါ ခေါင်းလောင်း တီးနေပြီ။ ၂၀၁၂ သပိတ်ကျင်းငလျင်လှုပ်တော့လည်း ကျွန်တော်တို့က ပြောကြတယ်။ ဟ ရုစိုက်ကြရတော့မယ် မန္တလေး၊ ရန်ကုန် စသဖြင့်။ အခု ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေ ရင်းပြီးတော့ ယူခဲ့တဲ့ အတွေ့အကြုံတွေ ဖြစ်တယ်။  ဆိုတော့ အဲ့ဒီအတွေ့အကြုံတွေကို ကျွန်တော်တို့က မယူနိုင်ဘူးဆိုရင် ပြဿနာ” လို့ ဒေါက်တာမျိုးသန့်က MFP ကို ပြောပါတယ်။

မတ်လ ၂၈ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် နိုင်ငံတဝန်း လူ ၄၀၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး အိုးအိမ် အဆောက်အအုံ၊ လမ်းတံတား အများအပြား ပျက်စီးခဲ့ကာ ယနေ့အထိ ပြန်လည် ထူထောင်ရေးတွေ စနစ်တကျ လုပ်ဆောင်နိုင်တာ မရှိသေးပါဘူး။

ငလျင်ဒဏ်သင့် မန္တလေးမြို့ကို ဧပြီလအတွင်းက တွေ့ရစဉ်/Photo – CJ

Related Articles

Back to top button