
“ကဗျာဆိုတာ အသစ်” လို့ သူက အဓိပ္ပာယ်ဖွင့်ပါတယ်။
“အဟောင်းကို ဖက်တွယ်ထားရင် ကျန်ခဲ့မှာပဲ။ အသစ်ကို တီထွင်ဖန်ဆင်းရမယ်” လို့ လက်ခံယူဆထားတဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ဟာ နိုဝင်ဘာလ ၂၂ ရက်၊ မနက် ၅ နာရီခန့်က ကွယ်လွန်ခဲ့ပါပြီ။
ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်၊ မန္တလေးမြို့၊ တံတားဦးသုဿန်မှာ ရုပ်ကလာပ်ကို နောက်ဆုံးနှုတ်ဆက်မှာဖြစ်ပါတယ်။
ဆရာကြီးဟာ ကျန်းမာရေးယိုယွင်းလာတဲ့ မကွယ်လွန်ခင် တစ်ပတ်ခန့်အလိုမှာ အသစ်တစ်ခု ဖန်တီးခဲ့ပါသေးတယ်။ ဒီနူးညံတဲ့နမိတ်ပုံတွေနဲ့ ကဗျာဟာ ဆရာနောက်ဆုံးရေးခဲ့တဲ့ကဗျာပဲ ဖြစ်ပါတယ်။
သိင်္ဂါရ
———–
သံစဉ်မိုး
ပိုးစောင်းသံ ။
ညဉ့်ဦးယံ
လူခြေတိတ်
ဖိတ်ကျလာတဲ့
လွမ်းကာရန်။
ကွဲကွာခြင်း
အပူဒဏ်
ဘယ်သူ
လာ
ခံစေသနည်း။
အမုန်းဆိုတဲ့အခါးဒဏ်
ဘယ်သူ
စ
ဖန်လေသနည်း။
ချစ်သူတို့
ဖဝါးအောက်
ပန်း
ပေါက်စေ
သတည်း။
ကိုလေး(အင်း၀ဂုဏ်ရည်)
(၁၆၊၁၁၊၂၀၂၅)
အင်းဝမြို့၊ ဈေးချို ပန်းပဲတန်းရပ်မှာ နေထိုင်တဲ့ ဦးချွန်နဲ့ ဒေါ်မမကြီးတို့က မောင်ကိုလေးကို ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းစတင်နေရမယ့်အရွယ် ၁၉၄၂ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကို ကြုံတွေ့ခဲ့ပြီး စစ်ရှောင်ခဲ့ရပါတယ်။ မန္တလေးကနေ အင်းဝကို စစ်ရှောင်ပြေးလာတဲ့ မောင်ကိုလေးဟာ အမ်အေဒေါ်အုန်း၊ မန္တလေးအမျိုးသား ကျောင်းဆရာတွေနဲ့အတူ ဖခင်ဖြစ်သူ ဦးချွန်တို့ ပူးပေါင်းတည်ထောင်တဲ့ အင်းဝဂုဏ်ရည်ကျောင်းမှာ ပညာသင်ယူခဲ့ပါတယ်။
“စစ်ကိုတိမ်းသည့်
တစိမ်းပြင်ပြင်၊ ပညာ့ရှင်တို့
သားရင်းမိဘ၊ များဆန္ဒကြောင့်
အင်းဝဂုဏ်ရည်
နာမည်ကြိုင်လှောင်း၊ စာသင်ကျောင်းကို
စုပေါင်းတည်ထောင်ကြချေပြီ”
ဆိုတဲ့ “အင်းဝဂုဏ်ရည်” ကဗျာကို လမ်းသစ်ကဗျာများဆိုတဲ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီစာအုပ်ဟာ ၁၉၆၅ ခုနှစ်အတွက် အမျိုးသားစာပေဆုကို ရရှိခဲ့ပြီး အဲ့အချိန်မှာ သူ့အသက် ၂၉ နှစ်ပဲ ရှိပါသေးတယ်။
“ကဗျာက Philosophy လည်း ဖြစ်ရမယ်၊ အလှလည်း တန်ဆာဆင်ရမယ်” လို့ လက်ခံတဲ့ ကဗျာဆရာဟာ ဆဋ္ဌမတန်းကျောင်းသားဘဝကတည်းက ကဗျာ စရေးနေပါပြီ။ အခြေခံပညာ ကျောင်းမှာ သင်ရိုးညွှန်းတမ်းအနေနဲ့ သင်ရတဲ့ “မင်းသုဝဏ်ရဲ့ သပြေညိုနှင့်အခြားကဗျာများ” စာအုပ်ကို အလွတ်ရသည်အထိ ကြိုက်နှစ်သက်ခဲ့သူလို့ ဆိုပါတယ်။
မြန်မာစာကို ချစ်မြတ်နိုးအောင် သင်ကြား ပေးခဲ့တဲ့ ဆရာမကို အမြဲကျေးဇူးတင်လေ့ရှိသလို မြန်မာစာကို ပျက်စီးအောင် ဖျက်ဆီးခဲ့တဲ့သူတွေ ကိုလည်း အမြင်အကတ်ဆုံးပဲလို့ ဟောပြောပွဲတွေမှာ မကြာခဏ ပြောလေ့ရှိပါတယ်။
၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာမှာ ပါရှိခဲ့တဲ့ “ကျွန်ုပ်တို့ ဌာန ရွှေအင်းဝ” ဆိုတဲ့ကဗျာဟာ ဆရာရဲ့ ပထမဆုံးပုံနှိပ်ဖော်ပြခံရတဲ့ ကဗျာ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှာဆက်လက် ပညာသင်ယူခဲ့ပါတယ်။
တက္ကသိုလ်မြေမှာ တင်မိုး၊မောင်စွမ်းရည်၊ကြည်အောင် တို့နဲ့အတူ
မြေလတ်အညာ ဒေသရဲ့ ကဗျာ တပ်မှူးကြီး လေးဦးအဖြစ် တင်စားခံခဲ့ရပါတယ်။
လေးနှစ်အကြာ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ကထွက်ပြီး အိမ်ထောင်ကျခဲ့ကာ ကျောင်းဆရာအနေနဲ့ အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ ၁၉၆၇ ကနေ ၁၉၆၉ ခုနှစ်အထိ ထောင်ကျခဲ့ရပြီး အာဏာရှင် မ.ဆ.လ အစိုးရက သူချစ်တဲ့ ကျောင်းဆရာအလုပ်နဲ့ သူ့ကို ခွဲခဲ့လိုက်တာပါ။ အမျိုးသားစာပေဆုရပြီး နှစ်နှစ်အကြာမှာ သူ့ကို အာဏာရှင်အစိုးရက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
“အာဏာရှင်စနစ်တွေက Searching fire လို့ခေါ်တဲ့ ရန်သူရှာတယ်။ Killing field လို့ခေါ်တဲ့ သတ်ကွင်းတွေထောင်တယ်။ ဂွကျတယ်။ အဲ့ဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းဘူး။ အာဏာရှင်စနစ်များ အဲ့ဒီ က စယုတ်တာ” လို့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က ၂၀၁၇ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ “Proud Myanmar” အစီအစဉ်မှာ ပြောခဲ့ဖူးပါတယ်။
ဒုတိယကမ္ဘာစစ်ကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ပြီး စစ်တွင်းကာလကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရတဲ့ ဆရာကြီးဟာ ၁၉၄၈ ခုနှစ်မှာ စတင်တဲ့ နှစ်ရှည်ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကိုလည်း နက်ရှိုင်းစွာ သိမြင်သူ၊ ထုတ်ဖော်ပြောသူပါ။
အလောင်းတွေကြားထဲ ကံကောင်းလို့ အလောင်းမဖြစ်ခဲ့ရတာလို့ ဆိုခဲ့ဖူးတဲ့ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်)ဟာ နှစ် (၆၀) ကျော်ကြာတဲ့အထိ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်ကို ရပ်စဲဖို့ တောင်းဆိုခဲ့တဲ့သူ၊ ပြည်တွင်းငြိမ်းချမ်းဖို့ လိုလားခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးနောက်ပိုင်း မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို တတ်သိပညာရှင်တစ်ဦးအနေဖြင့် အားပေးခဲ့သူ၊ ပါတီရဲ့ နေ့ထူးနေ့မြတ် ဟောပြောပွဲတွေမှာ ဟောပြောသူ ဖြစ်လာခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ အာဏာပိုင်တွေ၊ ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်တာ၊ ကန့်သတ်တာ၊ ပိတ်ပင်တာမျိုးတွေကို ခံခဲ့ရသလို ကဗျာရေးခွင့်လည်း ပိတ်ပင်ခံခဲ့ရသူပါ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ ကဗျာရေးခွင့် ပြန်လည်ရရှိခဲ့တယ်လို့ RFA ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဆရာကြီးဟာ ၂၀၁၂ ခုနှစ်မှာ “မွန်းတည့်အမီ” ကဗျာစာအုပ်နဲ့ တော်ဘုရားကလေး စာပေဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီစာအုပ်မှာပါတဲ့ ကဗျာတွေဟာ အမျိုးသားစာပေဆုရရှိတဲ့ ၁၉၆၅ ခုနှစ်ကနေ ကဗျာရေးခွင့်ပိတ်ပင်တာ ခံထားရတဲ့ ၁၉၉၁ ခုနှစ်ကြားက ကဗျာတွေလို့ နီးစပ်သူအသိုင်းအဝိုင်းက ဆိုပါတယ်။
ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ဟာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ အမျိုးသားစာပေ တစ်သက်တာဆုကို ၂၀၁၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
ရွှင်ရွှင်လန်းလန်း ပေါ့ပေါ့ပါးပါး နေတတ်သူ၊ ကျန်းမာရေးကံကောင်းသူ ဆရာဟာ ၂၀၁၉ ခုနှစ်မှာ ကျောက်ကပ်ကင်ဆာရောဂါ ဖြစ်ခဲ့ပါတယ်။ ကျောက်ကပ်ရောဂါ သက်သာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားလို့ ကုသတာကလည်း အခု ၂၀၂၅ ခုနှစ်မှာ ပျောက်ကင်းခဲ့ပြန်ပါတယ်။ အခုလထဲမှာ အစားစားရင်း အစားလမ်းကြောင်းလွဲရာကနေ အောက်ဆီဂျင်ကျကာ ဆုံးပါးသွားတာလို့ ဆရာကြီးရဲ့ မိသားစုဝင်ဆီက သိရပါတယ်။
ဆရာ့ကဗျာတွေဟာ ခေတ်ရဲ့ပုံရိပ်တွေ၊ ခေတ်အကန့်အသတ်မရှိတဲ့ နိယာမတွေနဲ့ ပုံဖော်ပေးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တလေးတစားနဲ့ ညွှန်းဆိုဖူးပါတယ်။ ဆရာကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်တဲ့ ကဗျာ “ငါ့နှမ” ဟာ လူအများကြားမှာ ထင်ရှားပါတယ်။
ဆရာကိုလေး ရေးသားခဲ့တဲ့ ကဗျာတွေဟာ အခုလက်ရှိ ၂၀၂၅ ခုနှစ်အထိ ခေတ်အကန့်အသတ်ကို ကျော်လွှားနေဆဲ ဖြစ်တယ်ဆိုတာ MFP က ကဗျာအချို့ကို ပြန်လည်ဖော်ပြရင်း အင်းဝကဗျာတပ်မှူး ကိုလေးရဲ့ နောက်ဆုံးခရီးကို နှုတ်ဆက်လိုက်ပါတယ်။



