ငလျင်အပြီး ရုန်းကန်နေရဆဲကလေးတို့ ပညာရေး
ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၃၁
အခြေခံပညာမူလတန်းကျောင်းလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ခြံဝင်းအတွင်း ပေ ၂၀ × ပေ ၃၀ ခန့် အကျယ်အဝန်းရှိ အဆောင်တစ်ခုမှာ စာသင်သံ၊ စာအံသံတွေနဲ့ ဆူညံပွက်လောရိုက်လို့နေပါတယ်။ Hall type (ခန်းမကျယ်) ပုံစံစာသင်ဆောင်ကိုမှ အတန်းတစ်တန်းနဲ့တစ်တန်းကို နံရံနဲ့ အခန်းဖွဲ့တည်ဆောက်တာမဟုတ်ဘဲ ခုံကလေးနဲ့သာ ခြားထားတာကြောင့်လည်း အသံတွေက ပိုပြီးလုံးထွေးနေပါတော့တယ်။
အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသားဦးရေ ၉၀ ကနေ ၄၀၀ နီးပါးရှိပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ အဲ့ဒီကျောင်းသားရာကျော်ရဲ့ အသံတွေကို လွှမ်းခြုံနိုင်အောင် အော်ဟစ်သင်ရတဲ့ ဆရာ၊ ဆရာမတွေဟာလည်းသောကြာညနေလိုမျိုးမှာ အသံတွေဝင်ပြီး ပြာနေကြပါပြီ။
“ ရင်နာစရာကောင်းတယ်။ ငါတို့နိုင်ငံမှာ စာသင်နေရတာ။ ရှိတဲ့အဆောင်လေးတွေမှာ ကလေးတွေ (ပြွတ်သိပ်) ညပ်ပြီး ပုံထပ်နေတာပဲ” လို့ ငလျင်ဒဏ်သင့်စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်တကား လေ့လာ ကူညီနေတဲ့ မန္တလေးမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စာသင်ဆောင် မပြည့်စုံလို့ နေရာထိုင်ခင်း ကြပ်ကြပ်ညပ်ညပ်၊ ဆရာမစာသင်သံနဲ့ ကလေးတွေ စာအံသံ ရောရောထွေးထွေး၊အဲဒီလိုမြင်ကွင်းဟာ ဝေးလံခေါင်ဖျားပြီး အစွန်အဖျားဒေသတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာပဲ တွေ့မြင်နိုင်ပါတယ်။
အခြေခံပညာကျောင်းတွေမှာ စာသင်ဆောင်တွေလိုအပ်နေတာဟာ ၂၀၂၅ ခုနှစ် ငလျင်ကြီးမတိုင်မီကတည်းကပါ။ အဲဒီလိုအပ်မှုတွေဟာ ငလျင်ကြီးအပြီးမှာတော့ ပိုပြီး မြင်သာထင်သာရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသရှိ စာသင်ကျောင်းပေါင်း ၂,၅၁၄ ကျောင်း ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဘယ်ဒေသက ဘယ်လိုပျက်စီးတယ်ဆိုတဲ့ အသေးစိတ်စာရင်း မသိရှိရပေမဲ့ ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ အမရပူရ၊ အင်းဝ၊ တံတားဦး၊ စဉ့်ကိုင်နဲ့ ပလိပ်ဒေသမှာ စာသင်ကျောင်းတချို့ ပြိုကျ၊ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာသင်ဆောင်နှစ်ခုရှိတဲ့အနက် တစ်ခုက လုံးဝပြိုကျသွားတာ၊ တစ်ခုက တစ်ခြမ်းစောင်းသွားတာ၊ နံရံတွေ အက်ကွဲသွားတာ၊မျက်နှာကျက်ပြိုကျတာ၊ မြင့်မိုရ်ပြိုကျတာ၊ ကျောင်းအုတ်တံတိုင်းတွေ ပြိုကျတာ စတဲ့ ပုံစံမျိုးစုံပျက်စီးနေတာပါ။ ဒီလိုပျက်စီးနေတာတွေကို ပြုပြင်ဖို့အတွက် ပြင်ဆင်ခွင့်ကို သက်ဆိုင်ရာကျောင်းအုပ်တွေက ဌာနတွင်း အဆင့်ဆင့် စာတင်ထားပေမဲ့ စာသင်နှစ်တစ်နှစ် ပြီးဆုံးတော့မယ့် လက်ရှိအချိန်အထိ ကျမလာသေးဘူးလို့ ကျောင်းအခြေအနေကို သိရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
ထိခိုက်၊ ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေအနက် အထက်တန်းကျောင်းတွေဆိုရင် အပြိုအပျက်တွေကို စစ်အုပ်စုလက်အောက်ခံတွေက ရှင်းလင်းပေးကြပါတယ်။ လုံးဝပြိုကျသွားတဲ့ ကျောင်းအတွက်လည်း စစ်အုပ်စုက ဖျက်သိမ်းစရိတ်ကျပ်သိန်း (၃၀) ပေးထားတယ်လို့ စုံစမ်းသိရပါတယ်။
မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေဆိုရင်လည်း ရှင်းလင်း၊ ပြင်ဆင်၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေများပေမဲ့ မြို့နဲ့မလှမ်းမကမ်းက မူလတန်းကျောင်းလေးတွေကတော့ အကူအညီရရှိတာ နည်းပါးကြပါတယ်။
ငလျင်ကြီး လှုပ်ပြီး နှစ်လကျော်အကြာ ကျောင်းဖွင့်ရာသီမှာတော့ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ စစ်အုပ်စုက သြဂုတ်လမှာ သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်၊ ပျက်စီး ကျောင်းဆောင်တွေကို ပြုပြင်ပြီးစီးတာမဟုတ်ဘဲ အချိန်နှစ်ချိန်ခွဲပြီး နှစ်သုတ်တက်စနစ်နဲ့ သင်ကြားဖို့ စစ်အုပ်စုက စီစဉ်ထားတာဖြစ်ပါတယ်။
စစ်အုပ်စုအမိန့်အရ မဖြစ်မနေ ဖွင့်လှစ်ခဲ့ရတဲ့ ငလျင်ဘေးသင့် စာသင်ကျောင်းတွေဟာ မပြုပြင်နိုင်သေးတဲ့ ထိခိုက်၊ ပျက်စီးမှုတွေကြောင့် အဆင်ပြေရာနည်းလမ်းကိုသုံးခဲ့ရပါတယ်။ ကျောင်းဝင်းအတွင်း မပြုပြင်ရသေးတဲ့ ကျောင်းဆောင်တွေအနီးသစ်ပင်ရိပ်အောက်မှာ စာသင်ခုံကလေးတွေချပြီး ပညာသင်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိသလို ကျောင်းဝင်းအတွင်းနေရာလွတ်မရှိတဲ့ တချို့ကျောင်းတွေက ရပ်ရွာခန်းမမှာ၊ တချို့က ဘုရားပေါ်မှာ ရွှေ့ပြောင်းပြီး ပညာသင်ကြားကြရပါတယ်။
စာသင်ဆောင် (၂) ခုရှိပြီး (၁) ခုက လုံးဝပြိုကျသွားတာကြောင့် ကျောင်းဆောင် (၁) ခုတည်းနဲ့ပဲ ဖြစ်သလို ရပ်တည်နေရတဲ့အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းတစ်ခုကတော့ မနက်ပိုင်း၊ ညနေပိုင်း အချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက်စနစ်နဲ့ ပညာသင်ယူနေရပါတယ်။
စစ်အုပ်စုအနေနဲ့ ပျက်စီး၊ ထိခိုက်တဲ့ စာသင်ကျောင်းတွေကို အသစ်တည်ဆောက်ပေးတာ၊ ပြုပြင်ပေးတာတွေကို သတင်းထုတ်ပြန်တဲ့အရေအတွက်ကိုတော့ MFP အနေနဲ့ မတွေ့ရှိရသေးပါဘူး။ ယာယီ Prefabricated စာသင်ကျောင်းဆောင် ၂၀ ဖြန့်ခွဲဆောင်ရွက်ပေးထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
ပေ ၉၀ × ပေ ၃၀ ရှိတဲ့ ကွန်တိန်နာအဆောက်အအုံ ယာယီစာသင်ဆောင်တွေကို ပြည်ပအလှူရှင်တွေက လှူဒါန်းတာဖြစ်ပြီးနေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ (၅) ဆောင်စီ ခွဲဝေပေးတာဖြစ်တယ်လို့ စစ်အုပ်စု လက်အောက်ခံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီပမာဏဟာ ပြိုကျပျက်စီးတဲ့ ကျောင်းဆောင်အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်းခန့်တောင် မဖွင့်လှစ်ပေးနိုင်ခဲ့ပါဘူး။
ကျောင်းဖွင့်ရာသီမှာ အဆင်ပြေရာနည်းလမ်းတွေသုံးပြီး ဖွင့်လှစ်ခဲ့ကြတဲ့ မူလတန်းကျောင်းတွေဟာ ပြုပြင်လို့ရတဲ့ ပျက်စီးကျောင်းဆောင်တွေကို မိဘဆရာအသင်းရဲ့ ရန်ပုံငွေ၊ ကျောင်းရဲ့ရန်ပုံငွေနဲ့ ဖာထေးပြုပြင်ထားပြီးပါပြီ။ အကြီးစားပြင်ဆင်တာတွေ မလုပ်နိုင်သေးပေမဲ့ စာသင်ကြားရာမှာ အဆင်ပြေအောင် အသေးစားပြင်ဆင်မှုတွေ လုပ်ကာ ကလေးတွေရဲ့ပညာရေးအတွက် ကြိုးစားလုပ်ဆောင်ထားကြပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ မူလတန်းကျောင်းကလေးတွေဟာ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ အသေးစားပြုပြင်ထားတဲ့ စာသင်ဆောင်ကလေးတွေနဲ့ ယာယီစာသင်ဆောင်ကလေးတွေထဲမှာ ပညာသင်နေကြပါပြီ။ စာသင်ကျောင်းဆောင်အသစ်တည်ဆောက်ဖို့ဆိုရင် အချိန်နဲ့ ငွေကြေးကုန်ကျမှု အများကြီး ရှိနိုင်တာကြောင့် ပုဂ္ဂလိကအလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ယာယီစာသင်ဆောင်လေးတွေ ဆောက်လုပ်ပေးကြပါတယ်။ သစ်နဲ့ ဝါးကိုအသုံးပြုပြီး မိုးကာအုပ်အဆောင်၊ ထရံအဆောင်လေးတွေ ဖြစ်ပါတယ်။
ငလျင်ဒဏ်သင့် ကျောင်းတွေထဲကမှ တချို့ကျောင်းတွေအတွက် ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေ၊ ပြည်ပအလှူရှင်တွေနဲ့ ကုမ္ပဏီတွေကတော့ စာသင်ဆောင်အသစ်တွေကို အခု ၂၀၂၅-၂၀၂၆ စာသင်နှစ်မှာ တည်ဆောက်ပေးနေပါတယ်။ ပြီးစီးသွားတာတွေရှိသလို နောက်စာသင်နှစ်ဖြစ်တဲ့ ၂၀၂၆-၂၀၂၇ အမီ ပြီးစီးအောင် တည်ဆောက်ပေးဖို့ စီစဉ်နေတာတွေလည်း ရှိပါတယ်။
စစ်အုပ်စုအနေနဲ့ကတော့ ငလျင်ဒဏ်သင့် စာသင်ကျောင်းတွေ ဖြိုဖျက်ပြီးသွားရင် အသစ်ပြန်လည် တည်ဆောက်ဖို့အတွက်ကုန်ကျစရိတ်နဲ့ ပြင်ဆင်စရိတ်တော့ အခု (၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ) မချပေးသေးပါဘူး။ နောက်စာသင်နှစ်အမီလုပ်ဆောင်ဖို့ စစ်အုပ်စုအနေနဲ့ ပြင်ဆင်ထား၊ မထားဆိုတာ မသိရပေမဲ့ စာသင်ကျောင်းတွေအတွက်ကတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်လိုက်မှုဟာ လူနေအိမ်၊ အဆောက်အအုံတွေသာမက စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းတွေကိုပါ ထိခိုက်ခဲ့ရပါတယ်။ လူတွေရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်ခံခဲ့ရတာကြောင့် လူကြီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလျော့ပါးသက်သာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငလျင်ဘေးသင့်ခဲ့ရတဲ့ဒေသမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းတွေမှာစာအုပ်၊ ခဲတံနဲ့ ဘောပင်တွေကိုလှူဒါန်းပေးတဲ့ အဖွဲ့အစည်းတစ်ခုရှိပါတယ်။
ငလျင်ဘေးသင့်ဒေသက စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတဲ့ ကလေးငယ်တွေ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး စာသင်ကျောင်းဆောင် ပြုပြင်ဖို့၊ အသစ်တည်ဆောက်ဖို့အတွက် လှူဒါန်းချင်တဲ့ အလှူရှင်တွေနဲ့ စာသင်ကျောင်းတွေကိုသဘာဝစိမ်းဆိုတဲ့ အဖွဲ့အစည်းက ချိတ်ဆက်ပေးနေပါတယ်။
အဲဒီအဖွဲ့အစည်းဟာ မန္တလေးနဲ့အနီးတစ်ဝိုက်ဒေသရှိ လက်လှမ်းမီပြီး ငလျင်ဒဏ်သင့်တဲ့ အခြေခံပညာမူလတန်း ကျောင်းတွေထဲကမှ နွမ်းပါးကလေးငယ်တွေ တက်ရောက်ပညာသင်ကြတဲ့ စာသင်ကျောင်းဆောင်လေးတွေရဲ့ တည်နေရာ၊ ပျက်စီးသွားတဲ့မှတ်တမ်းဓာတ်ပုံ၊ ဖြစ်စဉ်၊ ကျောင်းသားအရေအတွက်တွေကို ကွင်းဆင်းပြီး စာရင်းပြုစုထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျောင်းဝင်းကလေးထဲက စာသင်ဆောင်မှာ ပညာသင်ကြားရတယ်ဆိုပေမဲ့ ရှိတဲ့စာသင်ဆောင်လေးမှာ ပြုံခဲပြီးပညာသင်ယူနေရတဲ့ အခြေအနေတွေ၊ ဝမ်းလျားထိုးပြီး စာရေးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ KG ကနေ Grade 4 အထိ အတန်း ၅ တန်းကို ဆရာ၊ ဆရာမ သုံးယောက်လောက်က ထိန်းကျောင်းပြီး ပညာသင်ပေးနေရတာတွေ စတဲ့ စာသင်ဆောင်၊ စာသင်ခုံနဲ့ ဆရာ၊ ဆရာမလိုအပ်ချက်ကတော့ ရှိနေဆဲပါပဲ။ ယာယီစာသင်ဆောင်တွေကနေ စာသင်ကျောင်းဆောင်အသစ်တွေ ဖြစ်ဖို့လည်း လိုအပ်နေပါသေးတယ်။
စာသင်ဆောင်တစ်ခု အသစ်တည်ဆောက်မယ်ဆိုရင် ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း (၃,၅၀၀) ဝန်းကျင်ခန့်ရှိတာဖြစ်ပြီးအကြီးစားပြင်ဆင်မယ်ဆိုရင် ကျပ်သိန်း (၅၀၀) ခန့်ကုန်ကျနိုင်တာဖြစ်တယ်လို့ တည်ဆောက်ပြီးစီးတဲ့ စာရင်းတွေအရ သိရပါတယ်။ စာသင်ကျောင်းပေါင်း ၂,၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ စစ်အုပ်စုသာမက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ့် ပြည်သူတွေကပါ တစ်သွေးတည်း တစ်သားတည်း ရှိနေမယ်ဆိုရင် ဒီအခက်အခဲကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” လို့ ဆောင်ပုဒ်တော့ရှိပါရဲ့။ ပညာရေးအတွက်ထည့်သွင်းမစဉ်းစားဘဲ မျက်နှာလွှဲ၊ ခဲပစ်လုပ်ထားမယ်ဆိုရင် ဒီအခင်းအကျင်းဟာ ရေရှည်မှာ ရင်လေးစရာပါ။
လူမှုရေးအသင်းအဖွဲ့တစ်ခုကို ဦးဆောင်လုပ်နေသူကတော့ ကလေးတို့ပညာရေးနဲ့ပတ်သက်ပြီး အခုလို ဆိုပါတယ်။
“အခုကို ငါတို့နိုင်ငံက ဖွတ်တက်သွားပြီ။ ဒီလိုပုံစံသာဖြစ်နေမယ်ဆိုရင် ဘာကို မျှော်လင့်ကြမှာလဲ။ ဘာလုပ်ကြမှာလဲလို့ မေးခွန်းတွေ မေးချင်လာတယ်”
ဓာတ်ပုံ/ မြို့ခံတစ်ဦး မန္တလေးမြို့နဲ့အနီးတဝိုက် ငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့သည့် စာသင်ကျောင်းများ။



