
တစ်ဦး ခြေထောက်ဖြတ်ရနိုင်၊
ဝင်းသိန်း/MFP၊ ဧပြီ -၄
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက အကြောင်းမဲ့ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ နေအိမ်ထဲမှာ ဘုရားရှိခိုးနေတဲ့ အလယ်တန်းပြ ဆရာမ အပါအဝင် အပြစ်မဲ့ ပြည်သူ နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ တစ်ဦးလည်း ခြေထောက်ဖြတ်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၄ ရက် ဒီကနေ့ မနက်အစောပိုင်းအချိန် ညောင်ဦးမြို့နယ်၊ နတ်ပလင်ရွာထဲ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာ ဖြစ်ပြီး ချောင်းရှည်ရွာထဲ ကျရောက်ပေါက်ကွဲကာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာလို့ ဆိုပါတယ်။
“မနေ့ည ကတည်းက စစ်ကြောင်းထိုးဖို့ လုပ်နေတာ၊ သူတို့ မလာရဲတော့ နတ်ပလင်ရွာမှာ တပ်စွဲပြီး အဲ့ဒီကနေ လှမ်းပစ်နေတာ။ တိုက်ပွဲ ဖြစ်နေတာလည်း မဟုတ်ဘူး၊ အပြစ်မဲ့ ပြည်သူတွေကိုပဲ ရည်ရွယ် ချက်ရှိရှိ သတ်နေတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ချောင်းရှည်ရွာနေ အသက် ၅၀ အရွယ် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး နေအိမ်အတွင်း ဘုရားရှိခိုးနေချိန် ဦးခေါင်းကို လက်နက်ကြီးကျည် ထိမှန်ကာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသလို နောက်ထပ် ရွာခံပြည်သူဖြစ်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးလည်း လက်နက်ကြီးကျည် ထိမှန်သေဆုံးတယ်လို့ ဆိုပါတယ်။
“စိတ်မကောင်း၊ ဟိုအဒေါ်ကဆိုရင် ဆရာမက ဘုရားရှိခိုးရင်း ခေါင်းတည့်တည့် မှန်တာ မနက်စော။ နောက်တစ်ယောက်ဆိုရင် မီးဖိုချောင်မှာ ရှိနေတာ။ လက်နက်ကြီးက နောက်ကျောကိုထိပြီး ဆုံးသွားတာ။ သေဆုံးသူတွေက အမျိုးမတော်ကြဘူး။ လက်နက်ကြီး ကျည်က တစ်အိမ်တစ်လုံး ခွဲပြီး ကျသွားတာ” လို့ အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီး ထိမှန်လို့ အသက် ၅၀ ကျော်အရွယ် ထန်းတက်သမားတစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရပြီး လက်နက်ကြီး ပစ်ခတ်သံကြားလို့ ထန်းပင်ပေါ်က ပြန်အဆင်း၊ မြေပြင် အရောက် လက်နက်ကြီးကျည် ထိလို့ ခြေတစ်ဖက် ဒူးခေါင်းအောက်ကနေ ဖြတ်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ညောင်ဦးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးဖို့ ပြင်နေတဲ့ စစ်အုပ်စုဟာ ခုခံတိုက်ခိုက်ခံရမှာ ကြောက်ပြီး အခုလို ကျေးရွာတွေကို ရမ်းကားပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ရက်ကလည်း ညောင်ဦးမြို့နယ်၊ မအူပင်နဲ့ ညောင်လှ ကျေးရွာတို့ကို စစ်အုပ်စုက ပါရာမော်တာ (Paramotor- စက်တပ်လေထီး)နဲ့ ဗုံးကြဲရာ ပြည်သူလူထု အထိအခိုက် မရှိပေမဲ့ အိုးအိမ်တွေ ပျက်စီးခဲ့ပါတယ်။
မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ စစ်အုပ်စုကာ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချပြီး ညောင်ဦးနယ် အပါအဝင် နယ်မြေချင်း ထိစပ်နေတဲ့ မန္တလေးတိုင်း ကျာက်ပန်းတောင်းနယ်၊ မကွေးတိုင်း ချောက်နဲ့ ပခုက္ကူနယ်တွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ညောင်ဦးနယ်မှာ အာဏာသိမ်း စစ်အုပ်စုက ရွာကို လက်နက်ကြီး ထုလို့ ထိမှန်သေဆုံးတဲ့ ကျောင်းဆရာမနဲ့ ပြည်သူ အမျိုးသမီးတို့ကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မန္တလေး #ညောင်ဦး



