ပုလဲနယ် ဗိုလ်နဂါး အခြေပြုရာ ရွာတွေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ရှေ့မတိုးနိုင်လို့ နောက်ပြန်ခေါက်၊

ဇီးဖြူကုန်း ပျူရွာထဲ အင်အားဖြည့်နေ၊
သုထက်/MFP၊ ဧပြီ – ၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ ချင်ပျစ်ကျေးရွာထဲ တစ်လကျော်ကြာ တပ်စွဲပြီးနောက် ယမန်နေ့က နောက်ကြောင်းပြန်ခေါက်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖေါ်ဝါရီလ ၂၄ရက်က စတင်ကာ ပုလဲမြို့နဲ့ ဇီးဖြူကုန်းရွာ ပျူစခန်းကတဆင့် စစ်အုပ်စု အင်အား ၃၀၀ ကျော်နဲ့ ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အခြေပြုခဲ့ရာ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၂၆ရက်မှာ ပုလဲနယ် ချင်ပျစ်ရွာကို စီးနင်းနိုင်ပြီးနောက် ရှေ့ဆက်မတိုးနိုင်ဘဲ တစ်လကျော်ကြာချိန် ဧပြီ ၁ရက်မှာ ဇီးဖြူကုန်းရွာ ပျူစခန်းဘက် နောက်ပြန်ခေါက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် လနဲ့ချီကြာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ရာသီဥတု ပူးပြင်းတဲ့ဒဏ်က ကာကွယ်နိုင်ရေး ကိုယ့်ရွာကိုယ့်အိမ်မှာ ပြန်လည် နေထိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
“လောလောဆယ်တော့ ကိုယ့်ရွာကိုယ် ပြေးပြန်ကပ်နေရတယ်၊ ဒါပေမယ့် စိတ်တော့ မလုံသေးဘူး၊ ရာသီဥတု ပူပြင်းချိန် စစ်ရှောင်တွေ အိမ်ပြန်ရတော့ တော်သေးတာပ၊ ဒါပေမဲ့ ချင်ပျစ်ရွာကို စစ်တပ်က ပြန်ဝင်မယ် ဆိုတဲ့ သတင်းက ကြားနေရပြန်တော့ အသင့်အနေထားနဲ့ နားစွင့်နေရတယ်” လို့ တစ်လကျော်ကြာ စစ်ဘေးရှောင်ထွက်ပြေးခဲ့ရတဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ချင်ပျစ်ရွာကနေ ဇီးဖြူကုန်းရွာ ပျူစခန်းထဲ ပြန်ဝင်သွားတဲ့ စစ်အုပ်စုကို ဧပြီ ၂ရက်မှာ ရဟတ်ယာဉ်နဲ့ တင်ကာ ပခုက္ကူ တပ်မ ၁၀၁ ထဲ ပို့ပြီးနောက် ဧပြီ ၃ရက် မနေ့ကတော့ မကွေးတိုင်း၊ ဂန့်ဂေါဒေသ၊ ကျောတိုက်နယ်ရှိ စစ်အုပ်စု လက်နက်စက်ရုံ ကပစ ၂၃ ကနေ စစ်အင်အား ၁၇၀ လောက်ကို ဇီးဖြူကုန်းရွာ ပျူစခန်းဘက် ပြန်သယ်လာတာ တွေ့ရတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိမှာ ဇီးဖြူကုန်း ပျူစခန်းဘက်ကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ကနေ MI-17 ရဟတ်ယာဉ်တွေ ပျံသန်းကာ လူအတင်အချတွေ လုပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ လကုန်ပိုင်းက စလို့ ပုလဲနယ်ထဲကို အင်အားသုံး စစ်ကြောင်းထိုးကာ နေအိမ်ဖောက်ထွင်း၊ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ပြီး လက်ရှိမှာ ချင်ပျစ်ရွာကတဆင့် ရှေ့ဆက်မတိုးနိုင်တာနဲ့ ခိုးရာပါ ပစ္စည်းတွေ စားသောက်လို့ ကုန်ပြီး ရိက္ခာပြတ်ကာ ငတ်လာတာကြောင့် နောက်ကြောင်းပြန်ခေါက်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
ပုလဲနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ တစ်လကျော်အတွင်း ချင်ပျစ်၊ မုံသွင်၊ ပိတောက်ကုန်း စတဲ့ ကျေးရွာတွေက ဗုံးထိမှန် သေဆုံးသူတွေ အပါအဝင် ဒေသခံပြည်သူ ခုနှစ်ဦးထက်မနည်း စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အပါအဝင် အိုးအိမ်အဆောက်အအုံ ၅၀ထက် နည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပါတယ်။


စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ ပုလဲနယ်က ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ပုလဲ #ချင်ပျစ်ရွာ



