
စစ်အုပ်စုက အချိန်ကိုက် သွေးခွဲ ဗုံးကြဲတာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေ ပိုမိုညီညွတ်ကြဖို့လို၊
ဒီဒီ/MFP၊ ဧပြီ-၄
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ ညနေပိုင်း တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲပစ်ခတ်ခဲ့ရာ တော်လှန်ရေး ရဲဘော် ငါးဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၄ ရက် ဒီကနေ့ မွန်းလွဲ ၃ နာရီလောက်မှာ မြိုင်နဲ့ပေါက်မြို့နယ် အစပ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ် ငါးစီးနဲ့ ၁၀ကြိမ်ကျော် တရစပ် ဗုံးကြဲ ပစ်ခတ်ခဲ့တာပါ။
ဗုံးထိမှန်လို့ တော်လှန်ရေးရဲဘော် ငါးဦး ကျဆုံးကာ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိပြီး အိုးအိမ် အဆောက်အအုံတွေလည်း ပျက်စီးတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ကနဦး ကြားတာကတော့ ကျဆုံးက ငါးယောက်လောက်နဲ့ ထိခိုက်တာက အသေးစား ထိခိုက်တာရောဆို ၁၂ ယောက်လောက်လို့ သိရတယ်၊ မြိုင်နဲ့ ပေါက်နယ်က ပြည်သူတွေလည်း အထူး သတိထားသင့်တယ်။ မြေပြင် အခင်းအကျင်းက ရှုပ်ထွေးနေတော့ စစ်ကောင်စီက ဒီအခင်းအကျင်းကို အသုံးချပြီး အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားက ပဋိပက္ခတွေ ပိုကြီးအောင်ဖန်တီးနေတာ”
ဒဏ်ရာရ ရဲဘော်တွေထဲက တချို့ဟာ ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ကျဆုံး၊ ဒဏ်ရာရတဲ့ ရဲဘော်တွေဟာ ရေနံတွင်းတွေကို ထိန်းချုပ်စီမံနိုင်ရေးအတွက်လို့ ဆိုကာ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD အမိန့်နဲ့ ရေနံတွင်းတွေကို လာဝိုင်းထားရတဲ့ PDF တပ်ရင်းတွေက ရဲဘော်တွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရေနံတွင်းတွေကို စီမံထိန်းချုပ်ရေး အပါအဝင် ရေနံသယံဇာတ ခွဲဝေရေးနဲ့ ပတ်သတ်ပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းအောက်ပိုင်းရှိ PDF တပ်ရင်းတွေက ရဲဘော် အင်အား ၃၀၀ ခန့်ကို MOD က မတ်လ ၃၀ ရက် ကတည်းက မြိုင်နဲ့ပေါက်နယ်ရှိ ရေနံတွင်းတွေရှိရာ စေလွှတ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ PDF အင်အား ၃၀၀ ခန့်ဟာ မကွေးဖက်ဒရယ်ယူနစ် အစိုးရ အပါအဝင် ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းတွေကို အသိပေး၊ အကြောင်းကြားတာ မရှိလို့ဆိုပြီး ဒေသခံတပ်တွေက အဝင်မခံဘဲ တားဆီးထားလို့ နှစ်ဖက်တင်းမာမူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ တင်းမာမူကို ဖြေလျော့နိုင်ရေး အပါအဝင် မကွေးတိုင်းရှိ ရေနံသယံဇတ ခွဲဝေရေးနဲ့ ပတ်သက်လို့ NUG နဲ့ မကွေးယူနစ်အစိုးရ၊ မကွေးယူနစ် လွှတ်တော်တို့ ဧပြီ ၂ရက်နဲ့ ၃ရက်နေ့တွေက နှစ်ရက်ဆက် တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက် ရယူထားရပါတယ်။
အဲ့ဒီလို ဒေသတွင်း ရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူကကာ အာဏာသိမ်း စစ်အုပ်စုက အခုလို ဗုံးကြဲသတ်ဖြတ်တာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုက အချိန်ကိုက် သွေးခွဲကာ ဗုံးကြဲသတ်ဖြတ်တာကြောင့် တော်လှန်ရေးတပ်အချင်းချင်း ပိုမို သွေးကွဲ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မယုံကြည်မူတွေ ပိုတိုးကာ တင်းမာမူတွေ ပိုမိုဆိုးရွာလာမှာကို စိုးရိမ်ပြီး ပိုမို ညီညွတ်ကြစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ဒေသခံ ပြည်သူတွေကိုလည်း တော်လှန်ရေးတပ်တွေကြောင့် လေကြောင်း တိုက်ခိုက်တယ်ဆိုတဲ့ အမြင်မျိုး၊ အတွေးမျိုး ဝင်အောင် ဖန်တီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မကွေးတိုင်းအတွင်း ရေနံတွင်းနဲ့ ရေနံသယံဇာတ ခွဲဝေရေးနဲ့ ပတ်သတ်ပြီး NUG နဲ့ ယူနစ်အစိုးရတို့ နှစ်ဖက် သဘောတူညီချက် ရရှိပြီး ဖြစ်သလို ပေါက်နဲ့မြိုင်နယ်ထဲ ရောက်ရှိနေတဲ့ PDF တပ်တွေကိုလည်း ပြန်လည် ရုပ်သိမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်မယ်လို့ မကွေးယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စု ဧပြီ ၂ရက်ကလည်း အဲ့ဒီ ပေါက်နဲ့ မြိုင်နယ်အစပ် ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ပြည်သူတချို့ ထိခိုက်တာ၊ အိုးအိမ် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်နယ်အစပ် ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ရေနံတွင်း #ပေါက်နဲ့မြိုင်နယ်



