
NUG တရားရေးဝန်ကြီးဌာနဆီက သေဒဏ်အမိန့် အတည်ပြုချက်ရဖို့ စောင့်နေ၊
ဒီဒီ၊ ဝင်းသိန်း/MFP၊ ဧပြီ-၄
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ် အလောင်းဖျောက်မှု ကျူးလွန်ခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် မင်းမင်းစိုးကို အမျိုးသား ညီညွတ်ရေး အစိုးရ – NUG ဆောမြို့နယ် တရားရေးအဖွဲ့က ငါးလကြာ အမှုစစ်ဆေးပြီးနောက် ဧပြီ ၆ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၂၅ အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့ ရင်းနှီးသူ မင်းမင်းစိုးက ခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့် သတ်ဖြတ် အလောင်းဖျောက်ခဲ့တာပါ။
မိန်းကလေးပျောက်ဆုံးပြီး လေးရက်အကြာမှာ မိသားစုက ပုပ်ပွနေတဲ့ အလောင်းကို ပြန်တွေ့ရတာ ဖြစ်ပြီး သံသယရှိသူ မင်းမင်းစိုးကို ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ က ဖမ်းဆီးကာ NUG မြို့နယ် တရားရုံးမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အမှုကို NUG ဆောမြို့နယ် တရားရေးအဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၂၀၁ (အလောင်းဖျောက်မှု)တို့နဲ့ ငါးလကြာ စစ်ဆေးပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ မြို့နယ် တရားရေးအဖွဲ့က သေဒဏ်အမိန့် ချမှတ်ပြီးနောက် NUG တရားရေးဝန်ကြီးဌာဆီ တင်ပြကာ အတည်ပြုဖို့ စောင့်ဆိုင်းနေတယ်လို့ ဆောမြို့နယ် တရားရေးအဖွဲ့ ဥက္ကဌ ဦးလင်းထက်က MFP ကို ပြောပါတယ်။
“သေဒဏ်ကို တရားရေးအဖွဲ့ အနေနဲ့ အမိန့်ချတာပါ။ အတည်ပြုဖို့က ဥပဒေဘက်ကနေ အတည်ပြုရပါ့မယ်။ ပြီးတော့ ယခင်က ပြည်ထောင်စုရုံးချုပ်ကို ချမှတ်လိုက်တဲ့ မြို့နယ်ရဲ့ အမိန့်ကို ၃၈ ရက်အတွင်း ပြင်ဆင်ခြင်း/ အတည်ပြုခြင်း ဆိုင်ရာ လုပ်ငန်းရပ်တွေကို လုပ်ဆောင်ရပါတယ်။ မြို့နယ်အမိန့်ကို အတည်ပြုရင်တော့ တရားခံကို ဘယ်လို စီရင်ရမလဲ၊ ဘယ်လိုပုံစံလဲဆိုတာ ညွှန်ကြားမှာပါ။ မြို့နယ်အမိန့်ကို ပြင်ဆင်မယ်ဆိုရင်တော့ ဘယ်လို ပြင်ဆင်လိုက်ကြောင်းကိုတော့ ပြန်လည်ပြီး ပြောဆိုမှာ ဖြစ်ပါတယ်ခင်ဗျာ”
မြို့နယ် တရားရေးအဖွဲ့က သေဒဏ်အမိန့်ချခဲ့တဲ့အပေါ်မှာ NUG တရားရေးဝန်ကြီးဌာနက သေဒဏ် စီရင်တာ၊ သေဒဏ်နဲ့ညီမျှတဲ့ ထောင်ဒဏ် စီမံတာတွေကို အတည်ပြုပေးရမှာ ဖြစ်ပြီး ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ဦးလင်းထက်က ပြောပါတယ်။
သေဒဏ်ချမှတ်တဲ့အပေါ် တရားခံအနေနဲ့ တစ်ပတ်အတွင်း အယူခံဝင်ခွင့်ရှိကြောင်း မြို့နယ် တရားရေးအဖွဲ့က တရားခံကို ရှင်းလင်းပြခဲ့ပြီး တရားခံအနေနဲ့ အယူခံ တက်ရောက်လိုခြင်း မရှိကြောင်းနဲ့ ချမှတ်တဲ့ပြစ်ဒဏ်ကို ခံယူမှာလို့ ပြောကြောင်း ဦးလင်းထက်က ပြောပါတယ်။
တရားခံ မင်းမင်းစိုးဟာ ယခင်က ဂန့်ဂေါခရိုင် PDF အမှတ်-၃ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ဟောင်း ဖြစ်ပြီး ၂၀၂၅ ဇူလိုင်လကလည်း ဆောမြို့မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အဓမ္မမှု ကျူးလွန်ခဲ့ကာ သူ့ကို PDF တပ်ရင်းနဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တို့ က ဖမ်းဆီးထားချိန် ထွက်ပြေးလွတ်မြောက်ပြီးနောက် အောက်တိုဘာလမှာ အထက်ပါအတိုင်း နောက်ထပ်တစ်ကြိမ် သက်ငယ်မုဒိန်းမှုနဲ့ သတ်ဖြတ်မူ ထပ်မံကျူးလွန်ခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို သေဒဏ်စီရင်ချက် ချမှတ်ဖို့ ၂၀၂၅ အောက်တိုဘာလအတွင်း ဒေသခံတွေက ဆောမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုခဲ့ပါသေးတယ်။
“အရမ်းကို ရက်စက်လွန်းတဲ့ လုပ်ရပ်ဖြစ်သလို ပြည်သူလူထု တစ်ရပ်လုံးကလည်း ဒီကိစ္စကို အတော်လေး စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်ခဲ့ကြတာပါ” လို့ ဆောမြို့ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
NUG အနေနဲ့ စိုးမိုးထိန်းချုပ်ဒေသတွေမှာ တရားရုံးတွေ ဖွင့်လှစ်ကာ ဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး လုပ်ငန်း တွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မကွေးတိုင်း အပါအဝင် နိုင်ငံတဝန်း NUG စိုးမိုးထိန်းချုပ်ဒေသတွေမှာ မြို့နယ်အဆင့် တရားရုံး ၃၁ ရုံးနဲ့ ကြားကာလ အယူခံရုံး တစ်ရုံး ဖွင့်လှစ်ထားပြီး ၂၀၂၄ နှစ်ကုန်အထိ အမျိုးသား တရားသူကြီး ၁၀၀ ဦးနဲ့ အမျိုးသမီး တရားသူကြီး ၄၉ ဦး၊ စုစုပေါင်း တရားသူကြီး ၁၄၉ ဦး ခန့်အပ်ထားတယ်လို့ NUG က ၂၀၂၅ မေလမှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ အောက်တိုဘာလက မင်းမင်းစိုးကို ဆောမြို့နယ် ပလဖ က ဖမ်းဆီးထားစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ဆော #NUGတရားရေး



