မကွေးသတင်းအညာမြေ တော်လှန်ရေး

ပခုက္ကူ စက်မှုဇုန် စစ်အုပ်စု ငွေညှစ်ဂိတ်ကို တိုက်ခိုက်ရာ လေးယောက် သေ၊ လက်နက် သုံးလက်ရ၊

ဒေါ်လာ/MFP၊ ဧပြီ – ၇

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန်မှာ ဂိတ်ဖွင့်ထားပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဧပြီ ၆ရက် မနေ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု လေးယောက် သေပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိတယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂ (မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ – M.R.G) က သတင်း ထုတ်ပြန်ပါတယ်။

ပခုက္ကူမြို့ စက်မှုဇုန် စစ်အုပ်စုဂိတ်ကို တိုက်ခိုက်ဖို့ သွားရောက်ရာ ဂိတ်မရောက်ခင် လမ်းမှာတင် ကင်းပတ်လာတဲ့ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့လို့ ကြိုတင်လက်ဦးမူယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၁၅မိနစ်ခန့် ကြာမြင့်ကာ စစ်အုပ်စု လေးယောက် သေ၊ နှစ်ယောက်က ဒဏ်ရာနဲ့ ထွက်ပြေးတယ်လို့ ဆိုပါတယ်။

“မစ်ရှင်ကတော့ ဂိတ်သွားပစ်တာ၊ မထင်မှတ်ဘဲ လမ်းမှာတွေ့ပြီး ပစ်ခတ်မှု ဖြစ်သွားတာပါ။ အနီးကပ် ဖြစ်သွားတာပေါ့” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံက MA-3 နှစ်လက်နဲ့ MA-1 MK II T1 တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန် စစ်အုပ်စုက ပခုက္ကူမြို့၊ စက်မှုဇုံ ၆လမ်းဂိတ်ကနေ လက်နက်ကြီး ၆၀ မမ လက်နက်ကြီးတွေ အပါအဝင် ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ အေင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ M.R.G က ဖော်ပြပါတယ်။

အဲ့ဒီ ပခုက္ကူမြို့ စက်မှုဇုန်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်ဟာ အာဏာသိမ်းစကတည်းက ဖွင့်ထားတဲ့ ဂိတ်ဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ ပေါ်တာဆွဲတာတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ စက်မှုဇုန်ရိ စစ်အုပ်စု ငွေညှစ်ဂိတ်ကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ M.R.G

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #MRG #မကွေး #ပခုက္ကူ

Related Articles

Back to top button