မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မြင်းခြံမှာ စစ်အုပ်စုက ငါးလကြာ စစ်ကြောင်းထိုးနေပြီး ရွာမီးရှို့၊ လူသတ်၊ အဓမ္မကျင့်၊ ဗုံးကြဲနေ၊

ရွာ ၃၀ က အိမ်ခြေ ၅၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ ရွာ ၅၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ၊

MN/MFP ၊ မေ – ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ငါးလကျော်ကြာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်ခဲ့သလို ပြည်သူ အမျိုးသမီး ခြောက်ဦးကို အဓမ္မပြုကျင့်ကာ ကျေးရွာ ၃၀ကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၅,၅၀၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ မြင်းခြံနယ်ရှိ မဲပုံးမထောင်နိုင်တဲ့၊  ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့၊ရွာတွေကို စစ်အုပ်စုက အဓိက ပစ်မှတ်ထားကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီးနောက် လူသတ်၊ လုယက်၊ ဗုံးကြဲကာ ရွာတွေကို မီးရှို့ပြာချနေတာလို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် မြင်းခြံနယ်ရှိ ကျေးရွာ ၅၀ ကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ အဝတ်အထည် စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“အခု (စစ်အုပ်စု) စစ်ကြောင်းကလည်း ရွာထဲကို ဘာမှ ပြန်ယူလို့မရအောင် ပစ္စည်းယူ၊ မီးရှို့ လိုက်လုပ်တာ ဆိုတော့ အကုန်လုံး ခက်ခဲတာပေါ့။ စားနပ်ရိက္ခာတွေလည်း လိုအပ်သလို နေစရာ၊ ထိုင်စရာတွေလည်း လိုအပ်နေတယ်။ တချို့ စစ်ရှောင်ပြည်သူတွေဆိုရင် သူ့ရွာလည်း စစ်ကြောင်းထိုး၊ ကိုယ့်ရွာလည်း စစ်ကြောင်းထိုးဆိုတော့ တောထဲမှာ ဖြစ်သလို၊ သစ်ပင်တွေအောက်မှာ နေနေကြရတာ။ ကျန်းမာရေး အတွက်ကလည်း ဆေးဝါးက ရှားပါးတာနဲ့ ဈေးတွေက ကြီးတာဆိုတော့ ဘယ်လိုမှ ဆေးဝါး ကုသမှုက အဆင်မပြေကြဘူး” လို့ မြင်းခြံနယ်ထဲ စစ်ရှောင်ပြည်သူ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ကျေးရွာတွေကို မစီးနင်းခင် ဒရုန်းတွေနဲ့ ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ကျူးလွန်သလို တချို့ရွာတွေကို အလစ်အငိုက်ချောင်း စီးနင်းပြီးနောက် တွေ့သမျှပြည်သူကို ဖမ်းဆီးကာ တချို့ကို သတ်ဖြတ်တာ၊ ဓားစာခံ လူသာဒိုင်းအဖြစ် အသုံးချတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုဟာ စီးနင်းနိုင်တဲ့ ကျေးရွာတွေရှိ နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်း မှန်သမျှ ခိုးယူလုယက်ပြီးနောက် ရွာကို မီးတင်ရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

“ကျွန်မတို့ဆိုရင် ဘာမှကို မယူနိုင်ဘူး။ ကိုယ်လွတ်ရုန်း ပြေးလာရတာဆိုတော့လေ။ ရွာမှာကျန်တဲ့ ပစ္စည်းတွေ ဆိုရင်လည်း သူတို့(စစ်အုပ်စု) အကုန်ယူတာဆိုတော့ ကုန်ပြီပေါ့။ ရှေ့ဆက် ဘာလုပ်ကိုင် စားရမယ်ဆိုတာကို မသိတော့ပါဘူး” လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ မြင်းခြံနယ်ထဲရှိ ကားလမ်းတွေကို စစ်အုပ်စုက စီးနင်းထိန်းချုပ်ထားတာကြောင့် ဒေသခံ ပြည်သူတွေ သွားလာရေး အခက်အခဲ ဖြစ်နေသလို စစ်ရှောင်ပြည်သူတွေကို သွားရောက် ကူညီထောက်ပံ့ဖို့အတွက်ပါ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြင်းခြံနယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို အဓိက ပစ်မှတ်ထားကာ ဗုံးကြဲ၊ လူသတ်၊ ရွာမီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပြီး မြင်းခြံနယ် မြောက်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကျေးရွာတွေကိုလည်း ပစ်မှတ်ထားကာ ကာလကြာရှည် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ရန်ပြုနေတာလို့ ဆိုပါတယ်။

မြင်းခြံနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – MSN၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မြင်းခြံ #စစ်ကြောင်းထိုး #မန္တလေးတိုင်း

Related Articles

Back to top button