မကွေးသတင်း

မြိုင်နယ် သရက်ကန်ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီးလေးဦးသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး၊‌စခန်းသိမ်းနေစဉ် စစ်အုပ်စု ဗုံးပတ်ကြဲတာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်

‌အီသာရမ်/MFP၊ မေ- ၂၅

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်းက သရက်ကန်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်ချိန်မှာ ပျူစောထီးလေးဦးသေဆုံးသွားပြီး တော်လှန်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦးကျဆုံးကာ စစ်အုပ်စုလေကြောင်းက ဗုံးကြဲတာကြောင့် ပြည်သူတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက MFP ကို ပြောပါတယ်။

မေလ ၂၂ ရက်နေ့ မနက်က သရက်ကန်ကျေးရွာ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ စစ်အုပ်စုနဲ့ပျူစောထီး ခန့်မှန်းအင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ရက်ခန့်ကြာမှာတော့ စစ်အုပ်စုအထိုင်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အညာမြေ‌တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေစဉ် ညဦးပိုင်းမှာ မိုးဆက်တိုက်ရွာနေတဲ့ကြားကနေ ပျူစောထီးတွေက ထိခိုက်ဒဏ်ရာတွေနဲ့ စခန်းကို စွန့်ခွာသွားတာဖြစ်ပြီး စစ်အုပ်စုပျူစောထီးလေးဦးရဲ့ ရုပ်အလောင်းတွေကို ရခဲ့ပြီး တခါတည်း မြုပ်နှံခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“ဒီပျူစောထီးရွာသိမ်းဖို့အတွက် ကျွန်တော်တို့ ကြိုတင် ရေးဆွဲခဲ့ရတာတွေကတော့ အများကြီးပေါ့၊ဒီတစ်ကယ်ကျွန်တော်တို့ တိုက်ပွဲစဝင်တော့ ၂၂ ရက်နေ့မနက်မှာ စဝင်ပြီး ၂၃ ရက်နေ့ မနက်မှာ ပြီးပြတ်သွားတယ်ပေါ့ ။ကျွန်တော်တို့ လက်ရလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ (စစ်အုပ်စုနဲ့ပျူစောထီး) လေးယောက်ကိုတော့ ရခဲ့ပြီး အဲဒီလေးယောက်ရဲ့ ပုံတွေတော့ မရခဲ့ဘူး၊တခါတည်းမြုပ်ခဲ့တယ်ပေါ့နော်”

စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေချိန်မှာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး စစ်အုပ်စုက လေကြောင်းကနေ ဗုံးပတ်ကြဲခဲ့တာကြောင့် အနီးအနားကျေးရွာက ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

သရက်ကန်ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ သေနတ်အမျိုးအစားအစုံ ၁၇ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး သိမ်းဆည်းရမိတဲ့ သေနတ်အမျိုးအစားတွေမှာ ကာဘိုင်အမျိုးအစားသေနတ် ၁၁ လက်၊၁၂ ဗို့ ခြောက်လက်၊ လက်လုပ်သေနတ်တစ်လက်နဲ့ ခဲယမ်းတွေအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုနဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာသွားချိန်မှာ ကျေးရွာအတွင်းမှာ ကျန်ရှိခဲ့တဲ့ စစ်အုပ်စုပျူစောထီးတွေ နှိပ်စက်ထားတဲ့ ပြည်သူ ၄၉ ယောက်ကိုလည်း တော်လှန်ရေးတပ်တွေက ကယ်တင်နိုင်ခဲ့ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

သရက်ကန်ကျေးရွာစခန်းကို သိမ်းပိုက်ပြီးတဲ့ မေလ ၂၃ ရက်နေ့မှာပဲ မြိုင်နယ်တောင်ပိုင်းက စက်မှု-၂ ကို ‌မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်အုပ်စုတွေကို Mi-17 အမျိုးအစား ရဟတ်ယာဉ်နဲ့ ခုနှစ်ခေါက်ခန့် အင်အားထပ်ဖြည့်ခဲ့ပြီး အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်နေကာ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းတွေကြောင့် ကုန်းရွာကျေးရွာ၊ဝက်ပုတ်ကျေးရွာ နဲ့ စက်မှု-၂ အနီးက ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဲစစ်‌ဆင်ရေးကို “တမာမြေစစ်ဆင်ရေး”အဖြစ် နာမည်ပေးထားပြီး အညာမြေတပ်ပေါင်းစု အပါအဝင် ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၄/၁၇ ) တပ်ရင်းများ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း – ၁ ( MFUDC -1) ၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်စစ်ဌာန( ဒရုန်းတပ်ဖွဲ့ ) ၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ပြည်သူ့ လုံခြုံရေးအင်အားစု( ကမ္မ) ၊ မြိုင်ပကဖအဖွဲ့ဝင်(ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ်ဖွဲ့များ ၊ တပ်ရင်းဆေးတပ်ဖွဲ့ ၊ မြို့နယ်ဆေးတပ်ဖွဲ့ နဲ့ မြိုင်မြို့နယ်တောင်ပိုင်းဇုန် ( ပအဖ ၊ ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်နယ် သရက်ကန်ရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ/ ဓာတ်ပုံ- Myaing Villages Revolution Front

Related Articles

Back to top button