စစ်ကိုင်းသတင်း

မြင်းမူမြို့နယ်မှာ ကင်းပုန်းချဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ခုနှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

ရွှေဥ/MFP၊ မေ -၂၉

စစ်ကိုင်းတိုင်း ၊မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ကင်းပုန်းချဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်အုပ်စုဝင် ခုနှစ်ဦး သေဆုံးပြီး ၊ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မေ(၂၇) ရက်နေ့မှာ စစ်အုပ်စုတပ်တွေက မုံရွာ-မန္တလေးလမ်းမကြီးမှာ အင်အား (၂၀)ခန့်နဲ့ ကင်းပုန်းချဖို့ ပြင်ဆင်နေချိန် တော်လှန်ရေးအင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရန်သူ့ဘက်မှ ၇ ယောက်ခန့်သေဆုံးပြီး ၅ ယောက်ခန့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မိမိတို့ ပူးပေါင်းမဟာမိတ်များဘက်မှ အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”
လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းသေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းတပ်မ(၃၃) လက်အောက်ရှိ တပ်ရင်းထဲက စစ်အုပ်စုတပ်သားတွေနဲ့ ပျူစောထီးတွေ ပါဝင်ပြီးတော့ တော်လှန်ရေးအင်အားစုတွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ မုံရွာခရိုင်ပကဖ (ရေနဂါးစစ်ကြောင်း)နဲ့ Black Eagle အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက မဟာဗျူဟာလမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ပိုမိုကြိုးစားလာတာကြောင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်အုပ်စုတပ်တွေက မြင်းမူမြို့နယ်အပါအဝင် ဝက်လက် -ရွှေဘို ၊စစ်ကိုင်း ခရိုင်ချင်းဆက်လမ်း ၊မုံရွာ -မန္တလေး ၊ထီးချိုင့် -ကသာ -အင်းတော်-နဘား -မော်လူး လမ်း- တမူး-ကလေး -ချင်းပြည်နယ်လမ်းတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုး ဝင်ရောက်နေတာတွေ လုပ်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေတဲ့ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)ကိုတွေ့ရစဉ်/ ဓာတ်ပုံ- BLDF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

စစ်ကိုင်း #မြင်းမူ #စစ်အုပ်စုတိုက်ခိုက်ခံရ

Related Articles

Back to top button