မန္တလေးသတင်း

မန္တလေးမှာ စစ်အုပ်စု မွေးမြူထားတဲ့ ပျူတွေ ပြည်သူကို လုယက်နေတာ လက်ပူးလက်ကြပ် မိ၊

ပေါ်တာဆွဲ၊ လုယက်နေတဲ့ ပျူတွေကို ကြီးကြပ်ကွပ်ကဲဖို့ စစ်အုပ်စု လွှတ်တော်မှာ မေးခွန်းထုတ်ပြီး နောက် ချက်းချင်း အဖမ်းပြတာဖြစ်၊

Phoenix/MFP ၊ ဇွန် – ၁၂

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးတွေက ဒေသခံပြည်သူကို ဓားထောက် လုယက်နေတာ လက်ပူးလက်ကြပ်တွေ့ရလို့ ပျူနှစ်ယောက်ကို ဇွန် ၁၀ရက် ညပိုင်းမှာ ဖမ်းဆီး ထားတယ်လို့ စစ်အုပ်စု ရဲက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက် ည ၁၀ နာရီအချိန် ပုသိမ်ကြီးမြို့အဝင် ဆိုင်းဘုတ်အနီးမှာ ဆိုင်ကယ်စီးလာတဲ့ ဒေသခံ ပြည်သူ စုံတွဲတစ်တွဲကို ဓားထောက်လုယက်ခဲ့သူတွေကို ရဲက လိုက်လံဖမ်းဆီးရာမှာ လုယက်မှု ကျူးလွန်သူတွေဟာ ပုသိမ်ကြီး ပြည်သူ့စစ်ခေါ် စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးတွေ ဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

လူမှုကွန်ယက်မှာ ပြန့်နှံ့လာတဲ့ပုံအရ လုယက်မှု ကျူးလွန်လို့ ရဲက ဖမ်းလိုက်သူတွေဟာ မန္တလေး နန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ က လက်သပ်မွေးမြူထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေ ဖြစ်ပြီး လပခ က ထုတ်ပေးထားတဲ့ ပုသိမ်ကြီးမြို့မ (၂) ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ၊ အဖွဲ့ဝင်ကတ်ပြား ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ ဖမ်းမိသူတွေဟာ ပုသိမ်ကြီးမြို့၊ မြို့မ ၂ ရပ်ကွက်နေ မျိုးဇင်ထွန်းနဲ့ နိုင်ဇော်ဦးတို့ ဖြစ်ပြီး လပခ ကနေ ၂၀၂၅ ဇူလိုင် ၁ ရက်မှာ ပြည်သူ့စစ်အဖွဲ့ဝင် ကတ်ပြား ထုတ်ပေးထားသူတွေ ဖြစ်ပါတယ်။

ပြည်သူကို ဓားထောက်လုယက်နေတာ လက်ပူးလက်ကြပ်မိလို့ ရဲက ဖမ်းပြလိုက်တဲ့ ပျူတွေဟာ ပျူအစစ် မဟုတ်ဘဲ ပျူ ကတ်ပြားအတု ကိုင်ထောင်းထားသူတွေသာ ဖြစ်ပြီး “ခံယူချက်၊ ရပ်တည်ချက် မရှိဘဲ ကတ်အတု ပြုလုပ်ထားတဲ့သူတွေ ဖြစ်ပြီး ကတ်အတု ထုတ်ပေးခဲ့သူတွေကိုပါ အရေးယူ​ပါ” လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃နဲ့ ၂၀၂၄ကလည်း မန္တလေးမှာ ဓားပြတိုက်၊ လုယက်၊ ခိုးယူနေတဲ့ ပျူတွေနဲ့ ရဲတွေ အချင်းချင်း အဝေမတည့်ဖြစ်ကာ ရဲက ပျူတွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်လာချိန် ရဲတွေက သူတို့ကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး အခုလို အချင်းချင်း ဆက်လက် ဖမ်းဆီးနေပါက စစ်အုပ်စုနဲ့အတူ ရှေ့တန်းစစ်မြေပြင်တွေကို မလိုက်တော့ဘဲ ပျူတွေ အားလုံး နှုတ်ထွက်မယ်လို့ မန္တလေးရှိ ပျူတွေက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ လပခကို စာပို့ တိုင်ကြားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ရဲနဲ့ပျူ အချင်းချင်း ဖမ်းဆီးတာတွေ မရှိသလောက် လျော့နည်းသွားတယ်လို့ စောင့်ကြည့်သူ မန္တလေးမြို့ခံတချို့က ပြောပါတယ်။

မန္တလေးမှာ ရဲနဲ့ပျူတွေကြား အဝေမတည့်ဖြစ်ကာ အချင်းချင်း မပြေမလည်ဖြစ်နေတာ ကြာပြီဖြစ်ပြီး ပျူတွေဟာ လပခ လက်အောက်မှာ ရှိတာမို့ မန္တလေးက ရဲတွေအနေနဲ့ မဖမ်းရဲဘဲ ဖြစ်နေပြီး လက်ရှိ ပုသိမ်ကြီး ဖြစ်စဉ်ကတော့ ခွင့်ပြုချက်ရလို့ ရဲက ပျူတွေကို စောင့်ဖမ်းပြတာ ဖြစ်မယ်လို့ မန္တလေးမြို့ခံ တချို့က သုံးသပ်ပါတယ်။

လပခ ရဲ့ အကာအကွယ်အောက်မှာ မန္တလေးက ပျူတွေ ပိုမို အတင့်ရဲ လာပြီး ယခုလတွေအတွင်း ပေါ်တာဆွဲတာ၊ လုယက်တာ၊ ခိုးယူတာ၊ ဓားပြတိုက်တာ၊ လောင်းကစားနဲ့ မူးယစ်ဆေး လုပ်ငန်းတွေကို ဆက်ကြေးကောက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ တွေ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

မန္တလေးရှိ ပြည်သူ့စစ် (ပျူ)တွေကို ကြီးကြပ်ကွပ်ကဲ စစ်ဆေးဖို့ အစီအစဥ် ရှိ၊မရှိ ဇွန် ၁၀ရက်က လုပ်တဲ့ စစ်အုပ်စု တိုင်းလွှတ်တော်မှာ အချင်းချင်း ပြန်လည် မေးခွန်းထုတ်ရာ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ တာဝန်ယူထားတဲ့ စစ်အုပ်စု ဗိုလ်မှူးကြီးအဆင့် နေလင်းစိုးက ပြည်သူ့စစ် (ပျူ)တွေကို လပခ ရှိ ပြည်သူ့စစ်ဌာနက တိုက်ရိုက်ကွပ်ကဲ ကြီးကြပ်နေတာလို့ ပြန်ဖြေပါတယ်။

အဲ့ဒီလို စစ်အုပ်စု လွှတ်တော်အတွင်း မေးခွန်းထုတ်ခံရပြီနောက် ညပိုင်းမှာပဲ ပြည်သူကို ဓားထောက် လုယက်နေတဲ့ ပျူတွေကို ရဲက လက်ပူးလက်ကြပ် အဖမ်းပြတာ ဖြစ်ပါတယ်။

မန္တလေးမြို့ရှိ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ပျူအဖွဲ့တွေ အဆင့်ဆင့် ဖွဲ့စည်းထားပြီး ပေါ်တာဆွဲတာ၊ ဓားပြတိုက်တာတွေ ကျူးလွန်နေသလို ရဲတွေ လုပ်လေ့ရှိတဲ့ ဆက်ကြေးကောက်တာတွေကိုလည်း ပျူတွေက လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်မှာ ပြည်သူကို ဓားထောက် လုယက်နေတဲ့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေကို ရဲ့ လက်ပူးလက်ကြပ် ဖမ်းဆီးထားစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ပျူစောထီး #ပုသိမ်ကြီး

Related Articles

Back to top button