သတင်း

အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ စစ်မှုထမ်းဖို့ မှားယွင်းဆင့်ခေါ်ခဲ့ကြောင်း စစ်အုပ်စု ဝန်ခံ၊

ကလေး ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆို၊

Phoenix/MFP ၊ ဇူလိူင် -၃

နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းရာမှာ အသက် ၁၈နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ စစ်မှုထမ်းဖို့ မှားယွင်းဆင့်ခေါ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးအဆင့် ထွန်းအောင်က ထုတ်ဖော်ဝန်ခံပါတယ်။

ဇူလိုင် ၂ ရက်က လုပ်တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး စစ်အုပ်စု ကော်မတီ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးအဆင့် ထွန်းအောင်က အထက်ပါအတိုင်း ကလေးသူငယ်တွေကိုပါ စစ်မှုထမ်းဖို့ မှားယွင်းဆင့်ခေါ်ခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) ကနေ အမှတ်စဉ် (၂၄) အထိ နှစ်နှစ်ကျော် ကာလအတွင်း အသက်မပြည့်သေးတဲ့ ကလေး ၁၁၃ ဦးကို မိဘ၊ အုပ်ထိန်းသူတွေထံ ပြန်လည် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၄) အထိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များမှ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်ခဲ့သည့် အသက် ၁၈ နှစ်မပြည့်သူ စုစုပေါင်း ၁၁၃ ဦးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတဆင့် မိဘ၊ အုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်”

စစ်အုပ်စုဟာ ကလေးသူငယ်တွေပါ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေပြီး သူတို့ လက်ထဲ ရောက်သွားပါက ငွေနဲ့ ပြန်မရွေးထုတ်နိုင်ရင် ပြန်လွှတ်တယ်ဆိုတာ မရှိသလောက် ရှားတယ်လို့ မန္တလေးတိုင်း နယ်ခံတချို့က ပြောပါတယ်။

စစ်အုပ်စုက စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်ရာမှာ အသက်အရွယ် မခွဲခြားဘဲ လုပ်ဆောင်နေတယ်လို့ မိတ္ထီလာနယ်ခံ တစ်ဦးက MFP ကို ပြောပါတယ်။

“လမ်းပေါ်မှာ တွေ့သမျှလူ အကုန်လိုက်ဆွဲနေတဲ့ သဘောပဲ။ ဒီဘက်မှာ အသက် ၄၀ ကျော်တဲ့သူတောင် မှတ်ပုံတင် ပြပြီးမှ ပြန်လွှတ်ပေးတာတွေ ရှိတယ်။ လူငယ်ဆိုရင် ကျောင်းသားကတ်ပါရင်တော့ ရတယ်၊ မပါရင် ကားပေါ်တက်ပဲ” လို့ သူက ပြောပါတယ်။

စစ်တပ်အတွင်း အသက်မပြည့်သေးတဲ့ စစ်သည်တွေ မှားယွင်းစုဆောင်းခံရတာတွေ ရှိလာရင် တပ်မတော် သာမက နိုင်ငံတော်ရဲ့ ပုံရိပ်ကိုပါ ကျဆင်းစေနိုင်တဲ့အတွက် တပ်မတော်အတွင်း ကလေး စစ်သည်တွေ ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ဖို့နဲ့ စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ မပါဝင်စေရေးအတွက် ကော်မတီဝင်တွေက သက်ဆိုင်ရာ ဌာနတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေကို အသိပညာပေး ဟောပြောပို့ချတာတွေ ပိုမို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ စစ်အုပ်စု ဗိုလ်ချုပ်ကြီးအဆင့် ထွန်းအောင်က ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ နှစ်ဆန်းပိုင်း စတင်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာကို ပြဌာန်းကာ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

၂၀၂၄ မတ်လမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ စတင်ခဲ့ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ်တစ်ခုကို လူ ၅,၀၀၀ ခန့် ပေါ်တာဆွဲ၊ စုဆောင်းကာ ရက်တိုစစ်သင်တန်း ပေးပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ လစဉ်လတိုင်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ဇွန် ၂၉ ရက်က စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၆) ဖွင့်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားသူတွေကို အသေခံစစ်သားအဖြစ် အသုံးချနိုင်ရေး လေ့ကျင့်ပေးနေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကလေးစစ်သား #ပေါ်တာဆွဲ

Related Articles

Back to top button