
လှိုင်း / MFP၊ ဇူလိုင် – ၉
မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်ထဲ ရွာစဥ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဇွန် ၂ရက် မွန်းလွဲပိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား သေပြီး အလောင်းတွေ လာရောက်ကောက်ယူ သင်္ဂြိုဟ်သူ မရှိတာကြောင့် ပုပ်ပွနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာအနီး နှမ်းခင်းတွေထဲမှာ ပုပ်ပွနေတဲ့ စစ်အုပ်စု အလောင်း ဆယ်နဲ့ချီကာ တွေ့ရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“နှမ်းခင်းတွေထဲမှာ အလောင်းတွေ တွေ့တော့ ပုပ်ပွနေကြပြီ။ (ဇူလိုင်) ၃ ရက်နေ့က ပထမတွေ့တာ ၁၀ ယောက်၊ နောက်ရက်တွေမှာ ၂၀ လောက် တွေ့တယ်ရှင့်။ စုစုပေါင်း ၃၀ ကျော် အလောင်းတွေ တွေ့တယ်။ ရွာတွေ ထဲမှာလည်း မီးရှို့သွားတာတွေ ရှိတယ်။ အခုက စစ်တပ် စစ်ကြောင်းတွေက ပြန်ဆုတ် သွားကြပြီ။ ပန်းအိုင်ရွာထဲမှာတော့ နည်းနည်းကျန်ခဲ့တယ်လို့ သိရတယ်” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

ဇူလိုင် ၂ ရက်က မလှိုင်မြို့နယ်၊ အိမ်ကြီးတောကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု ရဲတပ်ရင်း (၈)၊ တပ်ခွဲ (၁)က ဒုတိယ ရဲမှူးကြီးအဆင့် ဇော်ဝင်းထိန် ဦးစီးတဲ့ အင်အား ၁၁၀ ကျော်ပါ စစ်အုပ်စုကို မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ မြင်းခြံခရိုင်စစ်ဌာန တပ်ရင်းတွေ၊ မိတ္ထီလာခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် (ပကဖ)၊ နွားထိုးကြီးမြို့နယ် (ပကဖ)၊ မလှိုင်မြို့နယ် (ပကဖ/ TTA ပြောက်ကျားတပ်ဖွဲ့)တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းနဲ့ အနီးကပ်ပစ်ကူပေးခဲ့ပေမယ့် စစ်အုပ်စု တပ်ဖွဲ့ဝင် နှစ်ဦး မျက်မြင် သေဆုံးပြီး စစ်သုံံ့ပန်းအဖြစ် ၁၀ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စုထံကနေ လက်နက်နဲ့ စိန်ပြောင်းမျိုးစုံ ၂၀ လက်၊ ဒရုန်းနဲ့ စပ်ဆက်ပစ္စည်း အပါအဝင် ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ် က ဆိုပါတယ်။
တိုက်ပွဲအတွင်း မျက်မြင်သေဆုံးသူ နှစ်ဦးတည်းကိုသာ PDF စစ်ရုံးချုပ်က ဖော်ပြပေမယ့် စစ်အုပ်စု ဆယ်နဲ့ချီသေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မလှိုင်နယ်တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုဟာ စစ်ရေးနဲ့မသက်ဆိုင်ဘဲ ပြည်သူတွေနေထိုင်တဲ့ နွားထိုးကြီးနဲ့ တောင်သာနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲခဲ့တာကြောင့် အသက် ၁၈နှစ်အရွယ် ၁၀တန်းအောင်ပြီးစ ကျောင်းသူ အပါအဝင် ဒေသခံပြည်သူ လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိသလို အိုးအိမ် ပျက်စီးတာတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီးတဲ့ ညနေနဲ့ ညပိုင်းမှာ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ တိုက်ပွဲက နေ့လယ်ပိုင်းမှာ ဖြစ်ပြီးသွားတာပါ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲဖြစ်အပြီး ဇူလိုင် ၂ရက် ညနေပိုင်းမှာပဲ မလှိုင်မြို့နယ်နဲ့ ထိစပ်နေတဲ့ နွားထိုးကြီးမြို့နယ် တောင်ခြမ်းရှိ အိုးပုံတောရွာကို ပုဂံ – ညောင်ဦးကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံး လေးလုံး ကြဲချသလို မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့လည်း အိုးပုံတောရွာအနောက်ဖက်ကို နှစ်ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင် တောင်သာမြို့နယ် လှည်းကူးမရွာကိုလည်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ် အိုးပုံတောရွာကို စစ်အုပ်စုက စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတာကြောင့် ကျောင်းသူတစ်ဦး အပါဝင် စုစုပေါင်း ဒေသခံပြည်သူ လေးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံး ပျက်စီးတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မလှိုင်နယ် ကျွဲခြံရွာနဲ့ ဉာဏ်ကန်ကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း လုယက်ပြီးနောက် ဉာဏ်ကန်ကျေးရွာရှီ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အုပ်စု ရန်ကြောင့် မလှိုင်နဲ့ နွားထိုးကြီးမြို့နယ်အစပ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရပေမယ့် မလှိုင်နယ် တိုက်ပွဲအတွင်း အရပ်သား သေဆုံးတာ မရှိသလို နောက်ဆက်တွဲ အနေနဲ့ အရပ်သား သတ်ဖြတ်ခံရတာမျိုးလည်း မရှိဘူးလို့ ဒေသခံတွေက အတည်ပြုပါတယ်။
“အရပ်သား သတ်ဖြတ်ခံရတာတော့ မရှိပါဘူး။ တိုက်ပွဲက ဇူလိုင် ၂ရက်နေ့က တစ်နာရီခွဲလောက် ကြာတာပါ။ ၃ ရက်နေ့ ကတည်းက တိုက်ပွဲ မရှိတော့ပါဘူး။ ဒေသခံတွေက ပြန်ဝင်နေကြပါပြီ။ ပန်းအိုင်အုပ်စု၊ ပန်းအိုင်ရွာမှာ တပ်စွဲထားတာ ကျန်သေးတော့ အကုန် ပြန်မဝင်ကြရဘူး ဖြစ်နေတာ။ သူတို့က အစကတည်းက ရှောင်ရတာဆိုတော့ တစ်လလောက်ရှိနေပြီ” လို့ လူထုသတင်းကွန်ရက် – မလှိုင်မြို့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုဟာ မိတ္ထီလာမြို့ဘက် ပြန်ဝင်သွားပြီ ဖြစ်သလို ထွက်ပြေးနေကြရတဲ့ ဒေသခံပြည်သူတချို့တဝက်လည်း ကျေးရွာထဲကို ပြန်လည် ဝင်ရောက်နေထိုင်ကြပြီလို့ ဆိုပါတယ်။

မလှိုင်မြို့နယ်ဟာ မြင်းခြံခရိုင်ထဲက နွားထိုးကြီးနယ်နဲ့ ထိစပ်နေသလို စစ်အုပ်စုရဲ့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ်နဲ့ ရှမ်းတဲလေတပ်ဌာနချုပ် အပါအဝင် သံချပ်ကာ၊ အမြောက်တပ်ရင်းတွေ၊ ရဲသင်တန်းကျောင်းတွေနဲ့ စစ်အုပ်စု အခြေစိုက်တဲ့ မိထ္တီလာမြို့နဲ့လည်း ၂၂ မိုင်သာ ကွာဝေးတာ ဖြစ်ပါတယ်။

မလှိုင်တိုက်ပွဲအပြီး သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – PDF စစ်ရုံးချုပ်၊ မြင်းခြံခရိုင် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မလှိုင် #မန္တလေး #နွားထိုးကြီး



