မန္တလေးသတင်း

မန္တလေး ပုသိမ်ကြီးကို ဗဟိုပြုကာ ပြင်းအား ၄ ဒဿမ ၆ ရှိ ငလျင်လှုပ်လို့ မြို့ခံတွေ အထိတ်တလန့် ဖြစ်၊

ဝါဆိုလပြည့် တစ်ရက်တည်း မန္တလေးမှာ ငလျင်နှစ်ကြိမ် လှုပ်၊

ဒေါ်လာ/MFP၊ ဇူလိုင် – ၂၉

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုကာ ပြင်းအား ရစ်ချ်တာစကေး ၄ ဒဿမ ၆ အဆင့်ရှိ ငလျင်တစ်လု ဒီကနေ့ ဇူလိုင် ၂၈ရက် ညနေ ၈နာရီခွဲ ဝန်းကျင်မှာ လှူပ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီညဦးပိုင်း လှုပ်ခတ်တဲ့ ငလျင်ဟာ အင်အား တော်တော်ပြင်းပြီး အသံလည်း ကျယ်တာကြောင့် အိမ်အောက် ဆင်းပြေးကြရတယ်လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

“အခုည ပိုင်းလှုပ်သွားတဲ့ ငလျင်ကတော့ အား နည်းနည်းပါတယ်။ အသံကြီးနဲ့ ဆိုတော့ အိမ်အောက် ဆင်းပြေးကြတာ”

အဲ့ဒီ ငလျင်ရဲ့ ပြင်းအားဟာ ရစ်ချ်တာစကေး ၄ ဒဿမ ၆ ရှိပြီး မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုကာ လှူပ်ခတ်ခဲ့တာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူမှုရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စု မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရဲ့ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၄ ဒဿမ ၅ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားတာလို့ ဖော်ပြပါတယ်။

ဒီကနေ့ ဝါဆိုလပြည့် တစ်နေ့တည်း မန္တလေးမြို့မှာ ငလျင် နှစ်ကြိမ် လှုပ်တာ ဖြစ်ပြီး ဒီမနက် ၃နာရီအချိန်ကလည်း အင်အားသင့်အတင့်ရှိ ငလျင်လှုပ်ခတ်တာကို ခံစားလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို သတိပြု လိုက်နာကြဖို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မတ်လ ၂၈ရက်က မန္တလေးနဲ့ စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံတဝန်း လူ ၅၀၀၀ ကျော် သေဆုံးကာ အိုးအိမ်အဆောက်အအုံနဲ့ လမ်းတံတား အများအပြား ပျက်စီးခဲ့ပါတယ်။ အဲ့ဒီ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ပြန်လည် ထူထောင်ရေး စနစ်တကျ မလုပ်နိုင်သေးချိန် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေတာ ဖြစ်ပါတယ်။

၂၀၂၅ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ပေါ် ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ငလျင် #ပုသိမ်ကြီး

Related Articles

Back to top button