စစ်ကိုင်းသတင်း

ခင်ဦးမှာ စစ်အုပ်စု ဗုံးကြဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရ

ကျီးညို/MFP၊ဇူလိုင်-၃၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့မြောက်ခြမ်း၊ ထနောင်းကိုင်းလေးကျေးရွာကို စစ်အုပ်စုဗုံးကြဲလို့ ရွာပြင်မှာ နွားကျောင်းနေတဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး၊တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ‌ဒေသအုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၃၀ရက်၊ မွန်းလွဲ သုံးနာရီဝန်းကျင်မှာ စစ်အုပ်စုက ထနောင်းကိုင်းလေးကျေးရွာကို တံတားဦးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံး ကြဲချခဲ့ပြီး ရွာအနောက်ဘက် လယ်ကွင်းမှာ တစ်လုံး၊ ရွာလမ်းမဘေးမှာ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲတဲ့ ဗုံးကြောင့် ရွာအနောက်ဘက် ယာခင်းမှာ နွားကျောင်းနေတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်မောင် သေဆုံးခဲ့ပြီး၊ ရွာလမ်းဘေးကျကွဲတဲ့ ဗုံးတွေကြောင့်လည်း အသက် ၅၀ ဝန်းကျင် ရွာခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နွားသုံးကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ဒီဘက်မှာတော့ တိုက်ပွဲလည်းမရှိ၊ တော်လှန်ရေးတပ်တွေ စုရုံးတာမျိုးလည်း မရှိဘူး။ အခုက ရွာထဲ ရွာပြင်ကို ချသွားတာ။ တပ်တွေနဲ့ ဘာမှ မဆိုင်တဲ့ ရွာသားတွေပဲ ထိခိုက်သေဆုံးတာပါပဲ”လို့ ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာလည်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ခင်ဦးမြို့နယ်အပါအဝင် ဝက်လက်နဲ ကန့်ဘလူမြို့နယ်တွေကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။

ဇူလိုင် ၂၅ ရက်တုန်းကလည်း ရေဦး-ခင်ဦး-ကန့်ဘလူနယ် မြို့သုံးမြို့အစပ်မှာရှိတဲ့ မြန်မာနိုင်ငံ ကတ်သလစ်ခရစ်ယာန်ဂိုဏ်ချုပ် ဘုန်းတော်ကြီးကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ မွေးဇာတိဖြစ်တဲ့ မုံလှစံပြကျေးရွာကို ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဖွားအိုတစ်ဦးမီးလောင်သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၃ရက်ကလည်း ခင်ဦးမြို့နယ် ငါးတင်းကြီးရွာကို ဗုံးကြဲခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ပြီး နေအိမ်အလုံး ၂၀ပျက်စီးခဲ့သလို ဇူလိုင်လ ၉ရက်နေ့ကလည်း သာဝတ္ထိရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့လို ဒေသခံငါးဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုဟာ ခင်ဦးမြို့ပေါ် နေရာလေးခုမှာ စခန်းချထားသလို မြို့အရှေ့ဘက် မကျည်းတုံရွာနဲ့ မြို့နယ်အနောက်ပိုင်း ပျဉ်ထောင်ရွာတို့မှာ တပ်စွဲထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ခင်ဦးမြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်အနီး မင်းသိုက်ဆေးဆိုင်နေရာမှာ ရှိတဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးဘက်က တပ်စိတ်မှုးအဆင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ စစ်အုပ်စုဘက်ကလည်း သေဆုံးသူတွေ ရှိခဲ့သလို ပျူစောထီးတွေနဲ့ အမျိုးသမီးတချို့ကိုလည်း အရှင်ဖမ်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာလည်း စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်နဲ့ ကန့်ဘလူမြို့နယ်တွေကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိကာ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့သလို၊ မေလနဲ့ ဇွန်လအတွင်းမှာလည်း ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတွေကို ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ယခုလပိုင်းတွေမှာ စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ တော်လှန်ရေးတပ်တွေနဲ့ မြေပြင်တိုက်ပွဲ ဖြစ်ပွားရာနေရာတွေ မဟုတ်ဘဲ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၅,၈၄၆ ဦး သေဆုံးခဲ့ပြီး အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်၂၅ ရက်က ခင်ဦးမြို့နယ် မုံလှစံပြကျေးရွာကို ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်/ ဓာတ်ပုံ -ဒေသခံ

Related Articles

Back to top button