
Phoenix/MFP ၊ ဇူလိုင် – ၃၀
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေရှိ ပုပ္ပါးမြို့မှာ ဟိုတယ် တည်းခိုနေတဲ့ ခရီးသွားပြည်သူ ၁၁ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မူးရူးသောက်စားထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ပုပ္ပါမြို့၊ Popa Garden Resort မှာ တည်းခိုနေတဲ့ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၁ ဦးကို ကားတွေနဲ့ ရောက်လာတဲ့ လက်နက်ကိုင်တွေက ဖမ်းခေါ်သွားပြီး ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အဖွဲ့ဟာ ဘယ်အဖွဲ့ဆိုတာ မသိရသေးဘူးလို့ အာဏာသိမ်း စစ်အုပ်စုက ဇူလိုင် ၂၉ရက်မှာ သတင်းဖြန့်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြိုနယ်နေ ဦးဝေလင်းထိုက် (၃၆) နှစ်၊ မအေးသန္တာမိုး (၂၀) နှစ်၊ မောင်သူရိန်ကျော် (၂၇) နှစ်၊ ဦးသိန်းထွန်း (၅၈) နှစ်၊ ဦးစိုးကျော်သူ (၃၀) နှစ်၊ ဦးညွန့်ထွေး (၃၀) နှစ်၊ ဦးဇင်မင်းဟိန်း (၃၆) နှစ်၊ မောင်အာကာ (၁၆) နှစ်၊ ကျောက်တန်းမြိုနယ်နေ ဦးဖြိုးဇင်ဦး (၃၁) နှစ်၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြိုနယ်နေ ဒေါ်နန်းနန်းအေး (၅၇) နှစ်၊ ဧရာဝတီတိုင်း၊ ငပုတောမြိုနယ်နေ မောင်ဖြိုးဝေကျော် (၂၅) နှစ်တို့ ဖြစ်ပြီး ဇူလိုင် ၃၀ရက် ဒီကနေ့ ညနေပိုင်းအထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
အဲ့ဒီ ပုပ္ပါးတောင်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို မူးရူးသောက်စားထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ဖမ်းခေါ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၂၇ ရက်နေ့က ပုပ္ပါးနယ်တဝိုက်မှာ စစ်တပ်က ကား ခြောက်စီးလောက်နဲ့ ရောက်လာတယ်။ ရောက်လာ ပြီးတော့ စစ်တပ်က ပုပ္ပါးလွင် (ရွာ)မှာ ထိုင်တယ် (အထိုင်စခန်းချ)၊ ပုပ္ပါးကျောင်းမှာ ထိုင်တယ်၊ နောက် ပိုဇိုလန် စက်ရုံမှာ ထိုင်တယ်၊ ရွှေစီတိုင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ထိုင်တယ်။ ထိုင်တော့ ပုပ္ပါးလွင် ကျောင်းရှေ့မှာ စောင့်နေတဲ့ ပြည်သူ့စစ်ရယ်၊ စစ်သားတွေရယ်က မူးပြီးတော့ ခေါ်သွားတယ် ကြားတယ်”

Popa Garden Resort ဘက်ကတော့ အဲဒီဧည့်သည် ၁၁ ဦးဟာ ဟိုတယ်ထဲမှာ အဖမ်းခံရတာ မဟုတ်ဘဲ အပြင်ထွက်သွားချိန်မှ ဖြစ်သွားတာလို့ သတင်းဌာနတချို့ကို ဖြေဆိုထားပါတယ်။ MFP အနေနဲ့ သီးခြား ဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
PDF တွေက ဖမ်းသွားတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပေမဲ့ ပုပ္ပါးမြို့နဲ့ ပုပ္ပါးတောင်တဝိုက် စစ်အုပ်စုက အင်အားအပြည့်နဲ့ စစ်ကြောင်းထိုးတာ၊ အထိုင်ချ တပ်စွဲထားတာတွေကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပုပ္ပါးမြို့ထဲ ကားတွေနဲ့ အလွယ်တကူ ဝင်ရောက်ပြီး ဟိုတယ်မှာ တည်းခိုနေသူတွေကို ဖမ်းခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အခု ဒီကိစ္စမှာ ဘာလို့လဲဆိုရင် ၂၇ ရက်နေ့က ဆိုရင် အဲဒီနေရာ တစ်ခုလုံးက ဒီကောင်တွေ (စစ်အုပ်စု) ထိုင်ထားတာလေ။ ဒီကောင်တွေ စစ်ကြောင်းထိုးနေတာ ငါးရက်လောက်ရှိပြီ။ ပုပ္ပါးမြို့ပေါ်မှာ၊ တောင်ကလပ်ဘက်တွေမှာ အသွားအလာ များနေတာ စစ်သားတွေပဲ ရှိတယ်။ တော်လှန်ရေး အုပ်စုတွေကတော့ စစ်ကြောင်းက အင်အား ၂၀၀၊ ၃၀၀ လောက်နဲ့ ချထားတာဆိုတော့ မဝင်နိုင်ဘူး။ တော်လှန်ရေးအဖွဲ့တွေ ပုပ္ပါးကို တက်ဖို့ မဖြစ်နိုင်ဘူး။ ပုပ္ပါးလွင် ကျောင်းရှေ့မှာ စစ်ဆေးရေးလုပ်နေတဲ့ အဖွဲ့က ခေါ်သွားတယ်လို့ ကြားထားတယ်။ Resort ဘက်ကနေ တော်လှန်ရေးနယ်မြေထဲ ရောက်ဖို့ဆိုရင် စစ်ဆေးရေး ဂိတ်တွေ အများကြီး ရှိတယ်။ သူတို့တည်းတဲ့ ဟိုတယ်နဲ့လည်း မဝေးဘူး၊ ပုပ္ပါး နဲ့ ပုပ္ပါးလွင် က ကပ်ရပ်ပဲလေ” လို့ ဒေသခံက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု ကြီးစိုးထိန်းချုပ်ထားတဲ့ ပုဂံ – ညောင်ဦးနဲ့ ပုပ္ပါးဒေသတွေမှာ ခရီးသွားတွေကို ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ပုဂံ- ညောင်ဦးမြို့က သူခိုးဓားပြတွေ၊ ရာဇဝတ်သား ထောင်ထွက်တွေနဲ့ လောင်းကစားဒိုင်တွေထဲက တချို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ကာ တချို့ကို ပျူစောထီးတွေ အဖြစ် လက်သပ်မွေးထားပြီး လက်နက်တွေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။
ဗျတ္တပန်းဆက်လမ်း အပါအဝင် ပုဂံ – ညောင်ဦးနဲ့ ပုပ္ပါးကြားမှာ တော်လှန်ရေးတပ် PDF လား၊ စစ်အုပ်စုရဲ့ ပျူစောထီးလား မသဲကွဲတဲ့ လက်နက်ကိုင်တွေ လှုပ်ရှားမှုရှိပြီး လူဖမ်း၊ ပြန်ပေးဆွဲ ငွေညှစ်တာတွေ မကြာခဏ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


ပုပ္ပါးဒေသ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #ပုပ္ပါး #ပုဂံညောင်ဦး



