စစ်မှုထမ်းဥပဒေ ဆက်လုပ်မယ်လို့ မင်းအောင်လှိုင် ပြော၊

ရပ်ရွာထဲ အိမ်ပေါ်အထိတက် ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေ၊
Phoenix/MFP ၊ ဇူလိုင် – ၃၁
နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ အသေခံ စစ်တိုက်ခိုင်းနေတဲ့ စစ်မှုထမ်း ဥပဒေကို ဆက်လက် လုပ်ဆောင်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်စု လွှတ်တော်မှာ ထုတ်ပြောပါတယ်။
အတုအယောင် ရွေးကောက်ပွဲ လုပ်ကာ ယူနီဖောင်းပြောင်းဝတ်ပြီးနောက် ရက် ၁၀၀ ပြည့် အနေနဲ့ ဒီကနေ့ ဇူလိုင် ၃၁ရက် စစ်အုပ်စု လွှတ်တော်မှာ စကားလာပြောတဲ့ မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီလ ကတည်းက အသက်သွင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်မယ်လို့ ပြောသွားတာပါ။
”နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေးစွမ်းပကား ရရှိစေဖို့ အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကိုလည်း ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်” လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

သူ့လက်ထဲက စစ်တပ်ကို ခေတ်မီအောင် လုပ်မှာဖြစ်ပြီး နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တနိုင်ငံလုံး ပါဝင်တဲ့ ပြည်သူစစ်မဟာဗျူဟာကို စစ်တပ်ရဲ့ ဦးဆောင်မှုနဲ့ ဆက်လုပ်မယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ရာ ၂၀၂၁ နောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မတ်လက စတင်ကာ စစ်အုပ်စုက နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်မှုထမ်း ဥပဒေ အကြောင်းပြကာ တစ်လကို လူ ၅၀၀၀ နှုန်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းပြီးနောက် နိုင်ငံတဝန်းရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်တိုက်ခိုင်းနေတာလည်း ဖြစ်ပါတယ်။
စစ်မှုထမ်း ဥပဒေ အကြောင်းပြပြီး စစ်အုပ်စုက စစ်သားသစ် စုဆောင်းရာမှာ ရပ်ကွက်ကျေးရွာအလိုက် ခွဲတမ်းချ စုဆောင်းသလို အခြေခံလူတန်းစား ဆင်းရဲသား လူငယ်လူရွယ်တွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲတာတွေလည်း ကျူးလွန်နေပြီး ဇူလိုင် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုလွှတ်တော် အစည်းအဝေးမှာ စစ်အုပ်စု ပြည်ထဲရေးဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အဆင့် မင်းသူ က နိုင်ငံတဝန်း စစ်မှုထမ်းခေါ်ရာမှာ အိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီး စုဆောင်းတာတွေ ရှိခဲ့တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက နိုင်ငံတဝန်း ပေါ်တာဆွဲတာတွေ ပိုမိုဆိုးရွားလာပြီး ရပ်ကွက်အလိုက် ခွဲတမ်းချပြီး မဲနှိုက်ခိုင်းတာတွေ၊ မြို့စွန် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အိမ်ပေါ်အထိ တက်ဖမ်းတာတွေ လုပ်နေသလို အလုပ်သွား အလုပ်ပြန်ချိန်တွေနဲ့ ကားဂိတ်၊ ရထားဂိတ်တွေမှာ ချောင်းမြောင်းဖမ်းဆီးတာတွေ လုပ်နေတယ်လို့ အညာဒေသ ပြည်သူတွေက ဆိုပါတယ်။
စစ်အုပ်စုက စစ်မှုထမ်းဥပဒေ အကြောင်းပြကာ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းပြီးနောက် အသေခံ စစ်တိုက်ခိုင်းတာကြောင့် နိုင်ငံအနှံ့က လူငယ်တွေ ပြည်ပကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာ နေကြရတယ်လို့ စစ်အုပ်စု ကျူးလွန်တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။
”စစ်မှုထမ်း ဆက်ရှိနေတော့ ကျွန်တော် အိမ်ပြန်ရဖို့ ဝေးနေဦးမယ် ထင်ပါတယ်၊ ကျနော်က ဒီမှာ အထောက်အထား မရှိတော့ ရဲမြင်ရင် ကြောက်ရတယ်၊ ဘယ်နေ့ အဖမ်းခံရမလဲ မသိလို့ ရွာပြန် လာချင်တယ်လို့ အိမ်ကိုပြောတယ်၊ ရွာက လူတွေက နင် ပိုက်ဆံဘယ်လောက်လိုလဲ၊ ငါတို့ချေးငှားပြီး လွှဲပေးမယ် ပြန်မလာခဲ့နဲ့ နင့်အကို နှစ်ယောက် ပေါ်တာ ပါသွားပြီပြောတယ် အဆင်မပြေဘူးဗျာ” လို့ စစ်မှုထမ်းဥပဒေရဲ့ ရိုက်ခတ်မှုကြောင့် မကွေးတိုင်း၊ အောင်လံမြို့နယ်ကနေ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား အသက် ၂၀ ကျော်အရွယ် ကိုမင်းမင်း (အမည်လွှဲ) က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) ရဲ့ စာရင်းတွေအရ ၂၀၂၁ စစ် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံသား လေးသန်းကျော် ထိုင်းနိုင်ငံထဲ ရောက်ရှိ လုပ်ကိုင်နေကြပြီး အဲဒီ အထဲက တစ်သန်းခွဲကျော်ဟာ တရားဝင် အထောက်အထား မရှိဘဲ နေထိုင်နေကြရတာ ဖြစ်တယ်လို့ ဖော်ပါတယ်။
စစ်အုပ်စုက စစ်မှုထမ်း ဥပဒေ အကြောင်းပြပြီး ပေါ်တာဆွဲ လူသစ်စုရာမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုလည်း အလွတ်မပေးဘဲ ဖမ်းဆီးနေပြီး ၂၀၂၄ မတ်လမှာ စတင်တဲ့ စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁) ကနေ ၂၀၂၆ ဇွန်လမှာ သင်တန်းဆင်းတဲ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် (၂၄) အထိ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၁၁၃ ဦးကို မိဘအုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တယ်လို့ စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးအဆင့် ထွန်းအောင် က ဇူလိုင် ၂ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာတင် စစ်ဘေးနဲ့ စစ်မှုထမ်းဖို့ စိုးရိမ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသူ သန်းနဲ့ချီ ရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ပေါ်တာဆွဲ၊ စုဆောင်းထားတဲ့ လူသစ်တွေကို အသေခံစစ်တိုက်ခိုင်းဖို့ စစ်အုပ်စုက ရက်တို စစ်သင်တန်း ပေးနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ပေါ်တာဆွဲစစ်သားသစ် #စစ်မှုထမ်း #လူငယ်လူရွယ်



