
ဆိုင်ပိုင်ရှင် လင်မယား အပါအဝင် ရွာခံသုံးဦးကို ဖမ်းခေါ်သွား၊
MN၊ သုထက်/MFP ၊ ဇူလိုင် – ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မန္တလေး – မုံရွာ ကားလမ်းပေါ်ရှိ ခင်မွန်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ရုတ်တရက် စီးနင်းပြီး စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- ပအဖ တာဝန်ခံ တစ်ဦးနဲ့ ဒေသခံပြည်သူ နှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ကာ ဆိုင်ရှင် နှစ်ဦး အပါအဝင် ရွာခံပြည်သူ သုံးဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၃၀ ရက် မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ခင်မွန်ကျေးရွာရှိ စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ရပ်ကျေး ပအဖ တာဝန်ခံနဲ့ ဒေသခံ နှစ်ဦးကို စစ်အုပ်စုက ရုတ်တရက် ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင် လင်မယားနဲ့ နောက်ထပ် ပြည်သူတစ်ဦးတို့ကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာ မဟုတ်ဘူးဗျ။ စားသောက်ဆိုင်ထဲမှာ ထိုင်နေကြရင်းနဲ့ (စခ)တွေက သတင်းရလို့ ထင်တယ် ဝင်ပစ်သွားတာ၊ မနေ့က ညနေ ၆ နာရီ ထိုးခါနီးလောက်မှာ ဖြစ်သွားတာ။ အဲဒီလို ဝင်ပစ်လို့မို့ ရပ်ကျေး ပအဖ တာဝန်ခံနဲ့ ပြည်သူ နှစ်ဦး သေဆုံးတယ်။ နောက်ထပ် ဆိုင်ပိုင်ရှင် လင်မယားနဲ့ ပြည်သူ တစ်ဦးကိုလည်း ဖမ်းခေါ်သွားတယ်” လို့ ချောင်းဦးနယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မုံရွာ – မန္တလေးကားလမ်း ခင်မွန်ရွာအနီးရှိ မြပုလဲဂိတ်ထဲနေ စစ်အုပ်စုဟာ နေ့ခင်းဘက်တွေမှာ ခရီးသွား ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်ပြီးနောက် ရရှိလာတဲ့ ငွေနဲ့ ညနေပိုင်းတွေထဲ ခင်မွန်ရွာထဲ အရက်သေစာ လာရောက် ဝယ်ယူ သောက်စားလေ့ရှိပြီး မနေ့ကတော့ စားသောက်ဆိုင်မှာ ရှိနေတဲ့ ပအဖ တာဝန်ခံနဲ့ ပြည်သူတွေကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။
“မြပုလဲ အထိုင်ဂိတ်က စစ်သားတွေက အချိန်မရွေး ခင်မွန်ရွာထဲကို စျေးဝယ် လာကြတယ်၊ သတင်းပေး ရှိလို့လား တိုက်ဆိုင်တာလားတော့ မသိဘူး။ ဝင်ပြီး ရုတ်တရက် ပစ်ခတ်သွားတာ၊ အဖမ်းခံရတဲ့ ပြည်သူ နှစ်ဦးကလည်း သေနတ်ထိမှန် ဒဏ်ရာနဲ့ပဲတဲ့”လို့ နောက်ထပ် ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ရုတ်တရက် ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးကာ ပြန်ထွက်သွားပြီး အလောင်းတွေ စွန့်ပစ်ခဲ့တာကြောင့် ရပ်ကျေး ပအဖ တာဝန်ခံ အပါအဝင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ တော်လှန်ရေး တပ်တွေက ကောင်းမွန်စွာနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး – မုံရွာ ကားလမ်းပေါ်ရှိ ခင်မွန်ရွာကို အလစ်အငိုက်ချောင်း စီးနင်းပြီး ရပ်ကျေး ပအဖ တာဝန်ခံနဲ့ ဒေသခံပြည်သူတွေ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး “ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ပြည်သူများအား PDF များက ခြိမ်းခြောက်ကာ ဆက်ကြေးကောက် ဓါးပြတိုက်နေကြာင်း ပြည်သူများက သတင်းပေးပို့လာသည့်အတွက် စစ်ကြောင်းများက သွားရောက်ချေမှုန်းခဲ့ရာ PDF သုံးလောင်း၊ လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ခဲယမ်းများ၊ ဖုန်းများ သိမ်းဆည်းရမိခဲ့”တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စုဘက်က သတင်းဖြန့်ထားသလို လက်ပစ်ဗုံး၊ စကားပြောစက်နဲ့ ခဲယမ်းတွေ ဖမ်းမိတယ်ဆိုတာ မဟုတ်မှန်ဘဲ ရဲဘော်တစ်ဦးနဲ့ ပြည်သူ နှစ်ဦးဟာ အရပ်ဝတ်နဲ့သာ လက်နက်ခဲယမ်းမပါဘဲ ဆိုင်ကို သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီဖြစ်စဉ်မှာ သူတို့(စစ်အုပ်စု)ချန်နယ်မှာ ဝါဒဖြန့်ထားတဲ့ လက်ပစ်ဗုံးတွေ စကားပြောစက်တွေ ဘာတစ်ခုမှ မပါဘူး။ ဒီအတိုင်းလူလွတ်ပဲ သူတို့(စားသောက်ဆိုင်)သွားကြတာပါ။ အဲဒီ လက်ပစ်ဗုံးတွေ အိုင်ကွန်တွေကတော့ ဒါဟာ သပ်သပ်ဝါဒဖြန့်ထားတဲ့ ပုံတွေပါ”

မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ချောင်းဦးမြို့နယ်ထဲ လေကြောင်း ဗုံးကြဲတာ၊ စစ်ကြောင်းထိုး မီးရှို့တာ၊ ဒေသခံပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချောင်းဦးနယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုက ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက်ကာ ဒေသခံ အမျိုးသား သုံးဦးကို ဖမ်းဆီးသတ်ဖြတ်သလို နေအိမ် ၃၀၀ ကျော်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
မြပုလဲဂိတ်နေ စစ်အုပ်စုဟာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲပြီး ရရှိလာတဲ့ ငွေနဲ့ မူးရူးသောက်စားကာ မူးယစ်လာချိန်တိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာထဲ စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့သူတွေကို သင်္ဂြိုဟ်စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦးခင်မွန်မြပုလဲဂိတ်



