သတင်းအညာမြေ တော်လှန်ရေး

စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ CNO/CNDF ဥက္ကဋ္ဌကို ရာထူး ထုတ်ပယ်၊

တော်လှန်ရေးအတွက် ဆက်လက်ရပ်တည်မယ်လို့ CNO တာဝန်ရှိသူတွေ ပြော၊

ရွှေဥ/MFP၊ ဩဂုတ် – ၃

အာဏာသိမ်း စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) ဥက္ကဋ္ဌ ကို ရာထူးက ထုတ်ပယ်လိုက်တယ်လို့ CNO/CNDF နဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

CNO/CNDF မှာ ဗဟိုကော်မတီဝင် ၂၀ ကျော် ရှိတဲ့အနက် ကော်မတီကို အသိမပေးဘဲ စစ်အုပ်စုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ CNO/CNDF ဥက္ကဋ္ဌ Pu David ကို ဗဟိုကော်မတီဝင်တွေရဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့ ဩဂုတ် ၃ရက် ဒီကနေ့မှာ ရာထူးက ထုတ်ပယ်လိုက်တာလို့ CNO/CNDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အားလုံးဆွေးနွေးပြီးတော့ ရာထူးက ထုတ်ပယ်တာ”

ဥက္ကဌကို ရာထူးက ထုတ်ပယ်ဖို့အတွက် CNO/CNDF ဗဟိုကော်မတီဝင် ၂၀ ကျော် အပါအဝင် တာဝန်ရှိသူတွေ လေးရက်တာ ဆွေးနွေးပြီးနောက် အများသဘောတူ ဆုံးဖြတ်တာလို့လည်း ဆိုပါတယ်။

CNO/CNDF ရဲ့ ဘုံသဘောထား ရပ်တည်ချက်ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတစ်ခုတည်းသာ ဖြစ်ပြီး စစ်အုပ်စုနဲ့ ညှိနှိုင်းဆွေးနွေးရေး မပါဝင်ဘူးလို့လည်း CNO/CNDF နဲ့ နီးစပ်သူက ပြောပါတယ်။

“CNO ဘုံသဘောတူညီချက်ထဲမှာက တွေ့ဆုံညှိနှိုင်းရေး မပါဘူး။ အဲ့လို ပုံစံနဲ့ သွားတွေ့တာ၊ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မဟုတ်တဲ့ ပုံစံနဲ့ ဖြစ်နေတယ်”

အယောင်ပြရွေးကောက်ပွဲ လုပ်ပြီးနောက် တိုက်ပုံပြောင်းဝတ်ကာ သမ္မတ ရာထူး ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို CNO/CNDF ဗဟိုကော်မတီ တစ်ခုလုံးရဲ့ သဘောထားကို တောင်းခံရယူတာ မရှိဘဲ ဥက္ကဌနဲ့ ဒု-ဥက္ကဌ (၁)တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ မေလက စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီလို တွေ့ဆုံဆွေးနွေးမှုအပေါ် ဗဟိုကော်မတီဝင်တွေ အပါအဝင် CNO/CNDF အဖွဲ့ဝင်တွေ မသိရဘဲ မင်းအောင်လှိုင်က ထုတ်ပြောလာမှသာ သိရှိကြတာလို့လည်း ဆိုပါတယ်။

CNO/CNDF ဥက္ကဋ္ဌ Pu David ၊ ဒု-ဥက္ကဌ (၁) တို့ဟာ ပြီးခဲ့တဲ့ မေလအတွင်း အိန္ဒိယနိုင်ငံတနေရာမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးနိုထန်ကပ်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်းဝန်ကြီးချုပ်ဟောင်း ဦးလောရမ်းထန်ငါ တို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း CNO/CNDF တာဝန်ရှိသူတချို့ကို စစ်အုပ်စုက ခေါ်တွေ့ခဲ့တာလို့ CNO/CNDF နီးစပ်သူက ပြောပါတယ်။

အဲ့ဒီ တွေ့ဆုံဆွေးနွေးမှုဟာ CNO/CNDF ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဌ(၁) တို့ နှစ်ဦးသာ တိတ်တဆိတ် တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပြီးတော့ အားလုံးဆန္ဒမပါဝင်ဘူးလို့လည်း ဆိုပါတယ်။

CNO/CNDF ဟာ လူမျိုးစု (ဒါမှမဟုတ်) လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ရပ်တည်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ ချင်းလူမျိုးအားလုံး သဘောတူညီမှု၊ စည်းလုံးညီညွတ်မှုနဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး အားလုံး ဆွေးနွေးမှု မရှိမချင်း တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပြီးတော့ စစ်အုပ်စုနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စကိုလည်း စာထုတ်ရှင်းလင်းမှာ ဖြစ်တယ်လို့ CNO/CNDF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းတင်မီက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“CNO/CNDF သည် လူမျိုးနွယ်စု (သို့) လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ရပ်တည်သည့် အဖွဲ့အစည်း မဟုတ်ပါ။ CNO/CNDF သည် တော်လှန်ရေးကို လုပ်ဆောင်နေဆဲ ဖြစ်ပြီး၊ အနာဂတ်မှာလည်း Chin (ချင်း) လူမျိုးအားလုံးရဲ့ သဘောတူညီမှု၊ စည်းလုံးညီညွတ်မှုနဲ့ ပေါ်ပေါက်လာသည့် ဆွေးနွေးမှုများ မရှိမချင်း တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။ အွန်လိုင်းမှာ တွေ့နေရသည့် သတင်းများနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ရန် မကြာမီ တရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါသည်”

စစ်အုပ်စုက ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် – NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ကြတဲ့ RCSS၊ KNU/KNLA-PC၊ NMSP၊ LDU၊ DKBA နဲ့ ALP၊ NCA မထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ SSPP၊ NDAA၊ UWSP၊ SNA၊ PSLF/TNLA၊ CNO နဲ့ NSCN-K အဖွဲ့ စုစုပေါင်း ၁၃ဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က သမ္မတရာထူးယူတဲ့ ရက် ၁၀၀ ပြည့်အဖြစ် ဇူလိုင် ၃၁ ရက်က စစ်အုပ်စု လွှတ်တော်မှာ ပြောပါတယ်။

CNO/CNDF ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ဖလမ်းမြို့နယ် အပါအဝင် ချင်းပြည် မြောက်ပိုင်းမှာ အခြေစိုက် လှုပ်ရှားတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #CNO/CNDF #တွေ့ဆုံဆွေးနွေးမှု #ချင်းပြည်

Related Articles

Back to top button