သတင်း

ကလေး-တမူးလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ပြန်မလာတဲ့ စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ စစ်အုပ်စု ခြိမ်းခြောက်၊စိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ ကြိုးစားနေ

ရွှေဥ / MFP၊သြဂုတ်-၅

မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ ကလေး-တမူးလမ်းမကြီးကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်ပြီးနောက် လမ်းတစ်လျှောက် ကျေးရွာတွေက စစ်ရှောင်တွေကို ကျေးရွာအတွင်း ပြန်လည်‌နေထိုင်ဖို့ ဖိအားပေးနေပြီး လူမရှိတဲ့နေအိမ်တွေကို ချိတ်ပိတ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ စစ်အုပ်စု ပြန်လည်ထိန်းချုပ်သွားတဲ့ ကလေး-တမူးလမ်းမကြီး တစ်လျှောက်က ခမ်းပတ်၊ ဘုက္ကန်၊ ကနန်၊ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင်၊ ကြံစက်ကုန်း၊ ကံသာ၊ ကံကြီး၊ နန်းမွန်းတား၊ ရာဇဂြိုဟ်၊ ၅၆ မိုင်၊ ရန်မျိုးအောင်၊ ရန်ငြိမ်းအောင်၊ ခုံသာ၊ နန်းစောင်းပု၊ ကံသာယာ စတဲ့ ကျေးရွာ တွေက စစ်ရှောင်နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆို‌နေသလို တဖက်ကလည်း ခရစ်ယာန်သင်းအုပ်ဆရာတွေကို ပြောဆိုစည်းရုံးခိုင်းတာတွေ လုပ်နေတယ်လို့ စော်ဘွားရေရှင်ရွာခံတစ်ဦးက ပြောပါတယ်။

”လူမနေတဲ့အိမ်တွေကို ချိတ်ပိတ်မယ်လို့ ပြောနေတာ၊ စစ်တပ်ကလူတွေက လာပြောတာ။ ပြန်လာနေ မနေရင် ချိတ်ပိတ်မယ်၊ အဲလိုလာပြောတာ။ ရွာတွေမှာက လူတွေက နည်းနည်းရှိတာ (၁၀) ဦး (၁၅) ဦးလောက် ကျန်တာကို ခေါ် ပြီးပြောတာ။ ကြံစက်ကုန်းတို့၊ စော်ဘွားတို့၊ ခမ်းပါတ်တို့မှာက ခရစ်ယာန်သင်းအုပ်ဆရာတွေ စည်းရုံးခိုင်းထားတယ်၊ စစ်ရှောင်တွေ ပြန်နေဖို့”လို့သူကဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလကုန်ကစပြီး (၈၃) မိုင်ခန့်ရှည်လျားတဲ့ ကလေး-တမူး (အာရှလမ်းမကြီး) ကို ကလေး၊ တမူးနဲ့ မော်လိုက်မြို့တို့ကနေ စစ်ကြောင်းတစ်ကြောင်းစီနဲ့ အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

အဲဒီနောက် ၅၆ မိုင်၊ ရာဇဂြိုဟ်၊ ခုံသာ၊ ဝိတုတ်၊ ခမ်းပါတ်၊ ကနန်၊ ထင်းဇင် စတဲ့နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်လကျော် တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင် (၃၁) ရက်နေ့မှာတော့ ကလေး-တမူး လမ်းမကြီးအားလုံးကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်အုပ်စုဟာ သြဂုတ် ၁ရက်နေ့မှာ ကလေးနဲ့ တမူးမြို့နယ်က ထွေအုပ်၊ ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်က Non-CDM ဝန်ထမ်းတွေကို ခမ်းပတ်မြို့ကို ခေါ်ဆောင်လာခဲ့ပြီး ဆန်၊ ဆီ၊ ဆား ရိက္ခာခြောက်တွေ ဝေနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုတပ်တွေဟာ ပြီးခဲ့တဲ့နှစ်လကျော်အတွင်း စစ်ကြောင်းထိုးလို့ ပြည်သူတွေထွက်ပြေးချိန်မှာ ကံမကြီး၊ နန်းမွန်းတား၊ ရန်လင်းဖိုင်၊ ကြံစက်ကုန်းနဲ့ စော်ဘွားရေရှင်ကျေးရွာတို့က နေအိမ်တွေကို ဖောက်ထွင်းခိုးယူတာတွေ လုပ်ခဲ့သလို တုံးကျော်၊ အရှေ့ခုံသာ၊ အနောက်ခုံသာ၊ ကံမ္မကြီး၊ ကံသာယာ၊ ကံကြီး ကျေးရွာတို့က နေအိမ်အလုံး(၅၀) ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကလေး-တမူးလမ်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာပေါင်း (၅၀) ကျော်က ဒေသခံ နှစ်သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ ခမ်းပတ်၊ ကြံစက်ကုန်း၊ စော်ဘွားရေရှင်၊ ရာဇဂြိုဟ်ကျေးရွာတို့က ဒေသခံ အနည်းငယ်သာ နေရပ်ပြန်ကြသေးတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးတော့ တမူးဘက်ရွာတွေမှာတော့ စစ်တပ်နဲ့ ပျူစောထီးက စားလို့ရသမျှ အကုန်ယူတယ်။အိမ်မှာ ကျန်တဲ့ပစ္စည်းဆိုရင် ကားတွေနဲ့တိုက်ပြီးယူကြတာ ၊အခုက ကားလမ်းက သွားလို့မရသေးဘူး၊ မိုင်းတွေက ရှင်းလို့မပြီးကြသေးဘူးပြောတယ်။ လူနည်းနည်းပဲ နေကြသေးတာ”လို့ သူကဆိုပါတယ်။

နှစ်လကျော်တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်တွေက ကလေး-တမူးလမ်းတလျှောက် ကျေးရွာတချို့က အရပ်သားပြည်သူ ဒါဇင်ချီကို ဓားစာခံလုပ်ဖမ်းဆီးကာ စစ်ကြောင်းထိုးခဲ့ပြီး တမူးမြို့နယ်က အရပ်သားလေးဦးနဲ့ ကလေးမြို့နယ်က အရပ်သားခုနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလကုန်၊ဇွန်လဆန်းက သူ့ရဲ့အိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းအပါအဝင်၊နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ကြိုးစားသွားမယ်လို့ ကတိကဝတ်တွေ ပေးခဲ့ပြီးနောက် ကလေး-တမူးလမ်းလမ်းကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ တရားဝင် စာထုတ်ပြန်ကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဗုံးကြဲတာတွေ အပြင်းအထန် လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို အိန္ဒိယနိုင်ငံက ဦးဆောင်ကာ အိန္ဒိယငွေ ရူပီးခန့်မှန်း ၁၂ ဘီလီယံ အကုန်အကျခံကာ ဖောက်လုပ်နေတာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ မိုရေး (Moreh) မြို့ကနေတစ်ဆင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နေရာတွေကို ဖြတ်ကာ (တမူး – ကလေး – ကလေးဝ – မင်းကင်း – ယာကြီး – ကနီ – မုံရွာ – မန္တလေး – မိတ္ထီလာ – နေပြည်တော် – ပဲခူး – မြဝတီ လမ်းမကြီး) အတိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက် (Mae Sot) မြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။

သြဂုတ်လဆန်းက ကလေး-တမူးလမ်းပိုင်း ခမ်းပါတ်မြို့ကို စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ရောက်ရှိလာစဉ်နဲ့ ကလေးနဲ့ တမူးမြို့တွေက စစ်ကြောင်းနှစ်ကြောင်း ရန်တိုင်းအောင်ရွာမှာ တွေ့ဆုံစဉ် /ဓာတ်ပုံ-စစ်အုပ်စု

Related Articles

Back to top button