စစ်ကိုင်းသတင်း

သဖန်းဆိပ်ဆည် ရေလွှတ်ချလို့ မူးမြစ်ရေကြီးကာ တန့်ဆည်နဲ့ ရေဦးမှာ အရေးပေါ် ပြောင်းရွှေ့နေရ၊

သဖန်းဆိပ်ဆည် စိုးရိမ်ရေမှတ်နီးကာ ရေဆက်လွှတ်နေလို့ မူးမြစ်ရိုး နေသူတွေ ဂရုပြုကြဖို့ သတိပေး၊

MN/MFP ၊ ဩဂုတ် – ၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ စိုးရိမ်ရေမှတ် ရောက်ဖို့ တစ်ပေခန့်သာ လိုတော့ပြီး ဒီမနက်ပိုင်း ဆည်ရေ လွှတ်ချတာကြောင့် မူးမြစ်ရေကြီးကာ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်ရှိ ကျေးရွာတွေ ရေဝင်နစ်မြုပ်တာ၊ လမ်းတံတား ပျက်စီးတာနဲ့ အရေးပေါ် ပြောင်းရွှေ့တာတွေ လုပ်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၆ ရက် ဒီကနေ့ မနက်ပိုင်းက စတင်ပြီး သဖန်းဆိပ်ဆည်ရေ လွှတ်ချလို့ ရုတ်တရက် မူးမြစ်ရေ ကြီးကာ မြစ်ရိုးတလျှောက် ရွာတွေ ရေဘေးကြုံနေရတာလို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်အတွင်း ပျူစောထီးရွာ ၁၁ ရွာနဲ့ တော်လှန်ရေး အင်အားစု စိုးမိုးနယ်မြေ ကျေးရွာ ၁၀ ရွာကျော် ရေကြီးနစ်မြုပ်မှုတွေ စတင်ဖြစ်ပွားနေပြီး အရေးပေါ် ပြောင်းရွှေ့နေရသလို တံတား ကျိုးကျပျက်စီးတာတွေ ဖြစ်ပွားနေတယ်လို့ တန့်ဆည်နယ်ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မိုးက ဒီဘက် (တန့်ဆည်နယ်)မှာ သုံးရက်လောက်ရှိသွားပြီ ဆက်တိုက် ရွာနေတာ။ အခု လောလော ဆယ် တန့်ဆည်နယ် အရှေ့မြောက်ခြမ်းက ပျူရွာတွေနဲ့ နီးတဲ့ ရွာတွေက ရေဘေး သင့်နေတာပေါ့နော။ ရွာချင်းဆက် တံတားတွေလည်း အတော်များများ ပြုတ်ပါသွားပြီ။ လောလောဆယ်တော့ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ (အပျက်အစီးစာရင်း) စိစစ်တုန်းပဲ ရှိသေးတယ်။ လက်ရှိ ရေးဘေးသင့်တာက ပျူရွာက ၁၁ ရွာ၊ ပြည်သူတွေရွာကတော့ လောလောဆယ် ၁၀ ရွာလောက်ပဲ ရှိဦးမယ်။ အဲဒီ ၁၀ ရွာကတော့ ဒေသခံ ၅၀၀၀ နီးပါးလောက်တော့ ရှိမယ်၊ ဒီကနေ့မှ ရေက တက်လာတာဆိုတော့ စပြီးတော့ ပြောင်းကြရွှေ့ကြတုန်း ရှိသေးတယ်။ အခုလည်း သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာတွေ လုပ်နေပါတယ်။ ရေကလည်း ဒီကနေ့မှ အဆမတန် တက်လာတာဆိုတော့ အကုန်လုံးက ဒုက္ခရောက်နေကြတာပ”

တန့်ဆည်နယ်အတွင်း လယ်ယာစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်နေပြီး တစ်ပတ်အတွင်း ရေပြန်မကျပါက သီးနှံစိုက်ခင်းတွေ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် တန့်ဆည်နယ်ထဲရှိ ပျူရွာတွေနဲ့ ကန့်ဘလူနယ်ရှိ ပျူရွာတွေကို ဆက်သွယ်နိုင်ဖို့ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ ဦးဆောင် ဆောက်လုပ်ထားတဲ့ မူးခွ မူးမြစ်ကူးတံတား ကျိုးကျပြီး ရေထဲမျောပါ ပျက်စီးသွားတယ်လို့ တန့်ဆည်နယ်ခံတစ်ဦးက ပြောပါတယ်။

“ဝါသဝ တံတားဆိုတာက ဒီဘက်(တန့်ဆည်နယ်)နဲ့ ကန့်ဘလူနယ်ကို ချိတ်ဆက်ထားတဲ့ တံတားကြီး ဒီနေ့ မနက် ၁၀ နာရီလောက်က ပါသွားတာ။ အဲဒီတံတားက ကျွန်းလယ်ပျူရွာနဲ့ ဟိုဘက်က ကန့်ဘလူ မှောတော်(ဝါသဝရွာ) တောက္ကရှပ်ဘက်ကို ကူးတံတားပေါ့။ အဲဒီတံတားက ကျွန်တော်တို့ NUG ဘက်ကလူတွေ သွားလို့မရဘူးဗျ။ သူတို့ ဘုန်းကြီးတွေနဲ့ ပျူရွာအချင်းချင်း ကူးတဲ့ တံတားပဲဗျ။ အဲဒီ တံတားက တန့်ဆည်ဘက်က ပျူရွာ ခြောက်ရွာနဲ့ ကန့်ဘလူဘက်ခြမ်းကရွာတွေကို ကူးတဲ့ အရေးပါဆုံး တံတားပေါ့။ လက်ရှိ အဲဒီတံတားမရှိရင် သူတို့ကူးလို့မရတော့ဘူး”

တန့်ဆည်နယ်နဲ့ထိစပ်နေတဲ့ ရေဦးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလည်း မူးမြစ်ရေ ကြီးပြီး ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပင်စိမ်းကင်းရွာကတော့ စပြီးတော့ ရှောင်နေရပြီ။ နောက်ပြီးတော့ လေးရွာကလည်း ရှောင်နေရပြီ။ ရေဦးမြို့ပေါ် ရပ်ကွက်တွေကတော့ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ အောင်မင်္ဂလာ အဲဒီ သုံးရပ်ကွက် စပြီးတော့ ရှောင်နေကြရပြီ။ စပြီးတော့ ရှောင်ကြတာကတော့ အခုမှ စပြီးတော့ ရှောင်ကြရတာပေါ့။ ရွာတွေကတော့ လူဦးရေ ၁၀၀၀ ကျော်လောက်တော့ ရှောင်နေကြပြီ။ တော်လှန်ရေးကာလ ငါးနှစ်တာ ကာလအတွင်းမှာ ရေကြီးမှုဖြစ်စဉ်က မဖြစ်ဖူးသေးဘူး၊ ဒီတခါမှာ စပြီးတော့ စိုးရိမ်ရေမှတ်ကို ရောက် လာတာပေါ့။ ဟိုတစ်နှစ်က စိုးရိမ်ရေမှတ်နား ရောက်ခါနီး ဖြစ်ခဲ့ပေမဲ့ အခုလို မဖြစ်ခဲ့ဘူး”လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မူးမြစ်ရေကြီးမှုကြောင့် ရေဦးမြို့ပေါ် သုံးရပ်ကွက်ဖြစ်တဲ့ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ မြို့နဲ့ ထိစပ်နေတဲ့ မကျီးတောရွာ၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေ ဖြစ်တဲ့ ပင်စိမ်းကင်း၊ လေးရွာ၊ ကြာပန်းညို၊ ရေဦးကုန်း၊ ရွာသာလေး၊ ကုက္ကိုလ်စု၊ မူးသာကုန်း၊ ဇိန့်ဇွန်း စတဲ့ နေရာတွေ ရေဝင်နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ရေဦးရဲ့ မူးမြစ်တစ်ဖက်ကမ်းရှိ ခင်ဦးမြို့နယ်မှာတော့ ဒီကနေ့ မနက်ပိုင်း ကျေးရွာတွေအတွင်း ရေမဝင်သေးပေမယ့် သဖန်းဆိပ်ဆည်ရေ လွှတ်ထားတာကြောင့် မြစ်ကမ်းဘေး ကျေးရွာတွေက ဒေသခံတွေကို ကြိုတင်ပြင်ဆင်ဖို့ အသိပေးထားတယ်လို့လည်း ခင်ဦးနယ်အနောက်ခြမ်းမှာ နေထိုင်တဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ရှောင်ရတာတွေတော့ မရှိသေးဘူးပေါ့နော။ လက်ရှိကတော့ မူးမြစ်ဘေး နေထိုင်တဲ့သူတွေကို အသိ ပေးထားရုံပဲ ရှိသေးတယ်။ အခု လောလောဆယ်ကတော့ မိုးတွေ ဆက်တိုက်ရွာနေတယ်”

ရေဦး၊ ခင်ဦး၊ ကန့်ဘလူ၊ တန့်ဆည် စတဲ့ မြို့နယ်တွေ အထက်ပိုင်းရှိ ကျွန်းလှနယ်ထဲက မူးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ သဖန်းဆိပ်ဆည်မှာ စိုးရိမ်ရေမှတ်ကို ရောက်ဖို့ တစ်ပေ ခန့်သာ လိုတော့တာကြောင့် မနေ့က ရေထု ၄၀၀၀၀ ကျူ့ဆက် လျှော့ချခဲ့ပြီး ဒီကနေ့မှာ ၂၀၀၀၀ ကျူ့ဆက် ထပ်မံ လျှော့ချတာကြောင့် မြစ်ကမ်းနံဘေး ဝဲယာမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်၊ ဂရုစိုက်နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည်ကနေ မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်နဲ့ စစ်ကိုင်းနယ်ရှိ လယ်ယာမြေတွေဆီ စိုက်ပျိုးရေ ပို့လွှတ်နိုင်တာ ဖြစ်ပါတယ်။

တန့်ဆည်နယ် မူးမြစ်ဘေး ရေနစ်မြှုပ်ပျက်စီးမှုတချို့ကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #တန့်ဆည် #မူးမြစ် #သဖန်းဆိပ်ဆည်

Related Articles

Back to top button