
သဖန်းဆိပ်ဆည် ရေလွှတ်ချနေလို့ ဒီပဲယင်း အပါအဝင် ဆည်အောက်ပိုင်းရှိ မြစ်ရိုး၊ ချောင်းရိုး တလျှောက် ရွာတွေ ရေဘေး ဂရုပြုဖို့ သတိပေးထား၊
MN၊ သုထက်/MFP ၊ ဩဂုတ် – ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်း ကောက်စိုက်ပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ချောင်းကို ဖြတ်ကူးစဉ် ရုတ်တရက် ချောင်းရေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ရေစီးနဲ့အတူ မျောပါသွားခဲ့ပြီး ခြောက်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာ မြောက်ဘက်ရှိ ချောင်းအတွင်းမှာ ကောက်စိုက်ပြီး ပြန်လာတဲ့ ကောက်စိုက်သမ အမျိုးသမီး ၁၀ ဦးဟာ ချောင်းကို ဖြတ်ကူးစဉ်မှာ ရုတ်တရက် ချောင်းရေတိုးချိန် မျောပါသွားခဲ့တာလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“လက်ရှိမှာတော့ ရုပ်အလောင်း ငါးလောင်းကို ဆယ်ယူရရှိပြီး ဖြစ်ပါတယ်ဗျ။ နောက်ထပ် တစ်လောင်း ကိုတော့ ရှာဖွေနေဆဲပါ။ သေဆုံးသူကတော့ စုစုပေါင်း ခြောက်ဦးပါဗျ။ အခုက အထက်ပိုင်းက မိုးများတော့ ချောင်းရေက ရုတ်တရက် လှိမ့်ဝင်လာတဲ့သဘော ဖြစ်သွားတာပါ”လို့ ဒီပဲယင်းမြို့နယ် ပအဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ချောင်းရေနဲ့အတူ မျောပါ သေဆုံးသွားခဲ့တဲ့ အမျိုးသမီးတွေဟာ ချောင်းရိုးကျေးရွာက အသက်လတ်ပိုင်းရှိ မနှင်းဆီ၊ မဝင်းမာ၊ မဌေးဌေး၊ မကေသီဦး၊ မညိုဆန်းနဲ့ မမြင့်မြင့်ဝင်း တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သဖန်းဆိပ်နဲ့ ကာဘိုး (ဆည်)က ရေတွေ မနိုင်ဘဲ လွှတ်နေလို့ မူးမြစ်ကနေလည်း ရေတွေတက်ပြီး တချို့ ရွာတွေထဲ ရေတွေ စဝင်နေပါပြီ။ မြေပဲ၊ ပဲစင်းငုံ၊ စပါး (စိုက်ခင်း) အများအပြား ပျက်စီးတယ်” လို့ ဒီပဲယင်းနယ်ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ ရေတိုးကာ စိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေတာကြောင့် ဆည်ရေတွေ လွှတ်ချထားရပြီး ဆည်အောက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး စတဲ့ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေသလို ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် စတဲ့ မြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ရေကြီးမှုဒဏ်ကို အမြင့်ဆုံး ခံစားလာရနိုင်တာကြောင့် ရေဘေးအန္တရာယ် အထူးသတိရှိကြဖို့ ဒေသခံ အချင်းချင်း အသိပေး နေကြပါတယ်။
သဖန်းဆိပ်ဆည်က လွှတ်ချနေတဲ့ ရေတွေကြောင့် ဩဂုတ် ၆ရက် ဒီကနေ့ ညနေ ၆နာရီမှာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ရှိ ဒေါင်ကြီးမူးဘောင်နဲ့ အက်တောမူးဘောင်တွေ ကျိုးပျက်သွားပြီမို့ ရေဦးမြို့နယ် ဗိုလ်ရုံမူးဘောင် ဧရိယာအနီး ကျေးရွာတွေ ရေဘေးအန္တရယ် ကြုံရနိုင်လို့ ကြိုတင်ပြင်ဆင်မှု့ထားကြဖို့ ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
သဖန်းဆိပ်ဆည်ရဲ့ ကန်ရေပြည့်အမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး လက်ရှိမှာ ၅၄၃ ဒဿမ ၇၅ ပေအထိ ရောက်ရှိနေပြီမို့ ဆည်ကြံ့ခိုင်စေရေးအတွက် ဒီကနေ့ ဩဂုတ် ၆ရက်မှာ ရေလွှတ်ချနေပြီး အဲ့ဒီ ရေတွေဟာ မူးမြစ်ကတဆင့် ဒီညနေပိုင်း၊ ဒါမှမဟုတ် မနက်ဖန်မှာ ကာဘိုးဆည်ကို ရောက်ရှိမှာ ဖြစ်ကာ ကာဘိုးဆည်နဲ့ မူးမြစ် (နတ်မူးမြစ်) ရေတံခါးတွေ အားလုံးကိုလည်း ဖွင့်ထားပြီမို့ မူးမြစ်ရိုးတလျှောက်နဲ့ ဆည်အောက် ချောင်းမြောင်းတလျှောက် မြို့၊ရွာတွေမှာ နေထိုင်သူတွေ သတိထားကြဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပင်မ သတင်းနဲ့ပြန်ကြားရေးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
“မူးမြစ် (နတ်မူးမြစ်) ရေသည် ယခုလက်ရှိ ရေပြင်ထက် ပို၍ တက်လာနိုင်သဖြင့် မူးမြစ် (နတ်မူးမြစ်) ဘေး ကျေးရွာများတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို သတိပြု ဂရုစိုက်ကြရန်နှင့် မွေးမြူရေး တိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများကို ရေလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်း နိုင်ကြပါရန် အသိပေးကြေညာအပ်ပါသည်”
သဖန်းဆိပ်ဆည်က ရေတွေဟာ မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်နဲ့ စစ်ကိုင်းနယ်ရှိ လယ်ယာမြေတွေအထိ စိုက်ပျိုးရေ ပို့လွှတ်နိုင်တာ ဖြစ်ပါတယ်။

ဒီပဲယင်းနယ် လယ်ကွင်းတစ်ခု ရေမြုပ်နေသည်ကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဒီပဲယင်းကောက်စိုက်သမ #မူးမြစ် #သဖန်းဆိပ်ဆည်



