စစ်ကိုင်းသတင်း

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုး ခြောက်မြို့နယ်ရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊

ဆည်ရေကြောင့် တာတမံတွေလည်း ထပ်မံကျိုးပေါက်ကာ ရေကြီးနစ်မြုပ်မှုတွေ ဆက်လက်ဖြစ်ပွားနေ၊

MN/MFP ၊ ဩဂုတ် – ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်လှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေတွေ လွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ရေကြီး နစ်မြုပ်ကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့မှာ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ဖြစ်နေပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေးကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ကျေးရွာပေါင်း ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာပါ။

သဖန်းဆိပ်ဆည်ရေတိုးကာ စိုးရိမ်ရေမှတ် နီးတာကြောင့် ဩဂုတ် ၅ ရက်က စတင်ပြီး ဆည်ရေတွေ မူးမြစ်ထဲ ဖောက်ချလို့ မြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို စတဲ့ မြို့နယ်တွေ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ရက် မနေ့က စတင်ကာ တန့်ဆည်နယ် ရွာ ၂၀ ကျော် ရေမြုပ်နေပြီး မူးခွရွာ ပျူစာထီးစခန်း မူးမြစ်ကူးတံတားနဲ့ အောင်စွာကျေးရွာ ချောင်းကူးတံတားတို့ မူးမြစ်အတွင်း မျောပါ ကျိုးကျခဲ့သလို မူးမြစ်ကနေ စိုက်ပျိုးရေအတွက် သွယ်တန်းထားတဲ့ တူးမြောင်းတွေ ကျိုးပေါက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ တစ်သောင်းကျော် ရေးဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ – ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“ကာဘိုးဆည် အောက်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေ စဝင်နေပြီ။ လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်”

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်သာမက ကန့်ဘလူနယ်ထဲရှိ ကာဘိုးဆည်လည်း ရေလျှံကာ မနေ့ကတည်းက ကာဘိုးဆည် ဖောက်ချထားပြီး ဆည်အနီး တန့်ဆည်မြို့နယ်ထဲက အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီးအထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဦးမြို့အရှေ့ဖက် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ခင်ဦးနယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

မူးမြစ်ရေ ဆက်တိုးနေလို့ မူးမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဘိုနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ် အရှေ့ခြမ်းရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့  ဆိုပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေကာ ဆည်ကြံ့ခိုင်ရေးအတွက် ရေတွေ ဆက်လက် ဖောက်ထုတ်ဖွယ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးမြစ် စတင်စီးဆင်းရာ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဗန်းမောက်၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဆည်ရေတွေ တိုးလာနေတာ ဖြစ်သလို ဝန်းသိုနဲ့ ကောလင်းမြို့နယ်ထဲမှာပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပြီး အဲဒီရေတွေဟာလည်း သဖန်းဆိပ် ဆည်အတွင်းကို စီးဝင်နေတာ ဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်က ရေထုတ်လွှတ်နေမှုနဲ့ စစ်ဘေးရှောင်စခန်း ရေမြုပ်လို့ ထပ်မံ နေရာ ရွှေ့ပြောင်းနေကြရသူတွေ/Photo – C.M.O (ဂဏန်း)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

Related Articles

Back to top button