စစ်ကိုင်းသတင်း

ရွှေဘို ရေဦးမြို့ ရေမြုပ်နေ၊

သဖန်းဆိပ်ဆည် ရေထုတ်လို့ ရေဦးမြို့ အပါအဝင် မူးမြစ်ရိုးရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊

သုထက်၊ MN/MFP ၊ ဩဂုတ် – ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ မြို့ပေါ်ရပ်ကွက်တွေပါမကျန် ရေမြုပ်နေပြီး ရေဦးတနယ်လုံး ရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ သောင်းနဲ့ချီ ရေဘေးသင့်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ ရေတွေ စိုးရိမ်ရေမှတ်အနီးထိ ရောက်နေပြီမို့ မူးမြစ်ထဲ ထုတ်လွှတ်ရာက ခင်ဦးမြို့ အပါအဝင် မူးမြစ်ရိုး တလျှောက် မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။

ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ ဩဂုတ် ၆ရက် မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဦးမှာ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ ၁၀,၀၀၀ ကျော် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ – ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်”

ရေဦးမြို့ရဲ့ အရှေ့ဘက် မူးမြစ်တဖက်ကမ်းရှိ ခင်ဦးမြို့နယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် မူးမြစ်(နတ်မူး)အရှေ့ဘက်နဲ့ DY-1 တူးမြောင်းအတွင်းရှိ ကျေးရွာတွေ သြဂုတ် ၇ရက် ဒီမနက် ၁ နာရီဝန်းကျင်မှာ ရေဝင်လို့ ဘေးလွတ်ရာ ရှောင်တိမ်းကြရတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“သတင်းကတော့ အရင်ကြားရတာ ကိုယ့်ဒေသ အမြန်ရောက်လာမယ်လို့ မထင်ဘူး ည ၁၂လောက်က စဝင်တာ၊ ၁ နာရီဝန်းကျင် ရောက်တော့ အားလုံးကို ရှောင်ဖို့ စပြောရတော့တာပဲ”

ခင်ဦးမြို့နယ်ထဲ လက်ရှိ ရေဝင်လို့ ရွှေ့ပြောင်းရတဲ့ ရွာတွေဟာ ဥယဥ်၊ ကျွန်းတောကြီး၊ ယာတော်၊ မကျီးအုပ်၊ သရက်ပင်စု၊ ကားဆိပ်၊ မြင်းဒေါင်း၊ အင်းပတ်၊ ရွာသစ်၊ မူးသာ၊ သက်ပေး၊ ဇီးတော၊ လက်ပံကွက်၊ တာတိုင် စတဲ့ ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည်က လွှတ်ထုတ်လိုက်တဲ့ ရေတွေဟာ မူးမြစ်သာမက ကန့်ဘလူနယ်ရှိ ကာဘိုးဆည်ထဲကိုလည်း စီးဝင်ပြီး ကာဘိုးဆည်မှာလည်း ရေမထိန်းနိုင်တော့လို့ ဩဂုတ် ၆ရက် မနေ့ကတည်းက ဆည်ကို ဖွင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

ကာဘိုးဆည်အောက်ဘက် တန့်ဆည်မြို့နယ်ထဲရှိ အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ မနေ့ကတည်းက ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေသလို ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီး အထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ ပြည်သူအချင်းချင်း အသိပေးထားပါတယ်။

လက်ရှိမှာ သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်တာကြောင့် မူးမြစ်ရိုးရှိ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ကြုံနေရပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေး ကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ရပ်ကွက်နဲ့ ကျေးရွာ ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။

မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့  ဆိုပါတယ်။

စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ရေဦးမြို့ပေါ် ရေဝင်နစ်မြုပ်နေစဉ်/Photo – Wai Lin FB

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

Related Articles

Back to top button