စစ်ကိုင်းသတင်း

ဆားလင်းကြီးမှာ ၈၈၈၈ အရေးတော်ပုံနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေ ပြုလုပ်၊

သုထက်/MFP၊ သြဂုတ် – ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ကျရောက်တဲ့ ၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့်အဖြစ် အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး အာဏာရှင်စနစ် အမြတ်ပြတ်ရေး ဆက်လက် တိုက်ပွဲဝင်ဖို့ ဟောပြောစည်းရုံးခဲ့ကြတယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက MFP ကို ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် တနေရာမှာ ပြုလုပ်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ဆားလင်းကြီးမြို့နယ် ပညာရေးဘတ်အဖွဲ့ဝင်တွေ၊ ဆရာ၊ဆရာမတွေ၊ ကျောင်းသူကျောင်းသားနဲ့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“၈၈၈၈ နဲ့ ပတ်သက်လို့ သမိုင်းကြောင်းတွေ ပြောခဲ့တယ်။ တော်လှန်ကဗျာ ရွတ်ပွဲလေးလည်း လုပ်ဖြစ်ခဲ့တယ်။ ကျောင်းသားတွေကို ကျောင်းသားနိုင်ငံရေးတွေ ဟောပြောခဲ့တယ်”လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။

မိုးရွာသွန်းတာနဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရယ်ကြောင့် မြေပြင် သပိတ်တွေကို မပြုလုပ်ဘဲ ဟောပြောပွဲနဲ့ ကဗျာရွတ်ပွဲတွေပဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဆားလင်းကြီးမြို့နယ် နည်းတူ ယင်းမာပင်ခရိုင်ထဲက ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာလည်း ဒေသတွင်း သပိတ်အဖွဲ့တွေက ဦးဆောင်ကာ ကျင်းပခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

၁၉၈၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး တောင်းဆိုတဲ့ လူထု အရေးတော်ပုံဟာ ယခုဆိုရင် ၃၈ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်မှာ တကျော့ပြန် အာဏာသိမ်းမှုနဲ့ ကြုံနေရပြီး စစ်အုပ်စုဟာ သူတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အရေးယူခံရတာမျိုး မရှိဘဲ ၁၉၈၈ ကနေ ယနေ့အထိ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ ဖိနှိပ်သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ၈၈၈၈ လူထုအရေတာ်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်စဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဆားလင်းကြီး #၈၈၈၈အရေးတော်ပုံ

Related Articles

Back to top button