
ရေဘေးကြောင့် ကိုးဦး သေဆုံးပြီး မြွေဆိပ်ဖြေဆေး အပါအဝင် အရေးပေါ် အကူအညီတွေ လိုနေ၊
စစ်ဘေးနဲ့ ရေဘေး သင့်နေတဲ့ အညာကို ကူညီကြဖို့ NUGနဲ့ တော်လှန်ရေး အင်အားစုတွေ တိုက်တွန်း၊
MN/MFP ၊ ဩဂုတ် – ၈
စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်ရွာသွန်းပြီး သဖန်းဆိပ်ဆည် အပါအဝင် ဆည်ရေတွေ ပြည့်လျှံကာ ဖောက်ချနေရတာကြောင့် မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၁၅၀ ကျော် ရေကြီးနစ်မြုပ်နေတာ သုံးရက်ကြာ ရှိလာပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက MFP ကို ပြောပါတယ်။
ကန့်ဘလူခရိုင်၊ ကျွန်လှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည် ရေပြည့်လျှံကာ ဩဂုတ် ၅ရက်က စတင်ပြီး ရေလွှတ်ထုတ်တာကြောင့် ဆည်ရဲ့အောက်ဘက်၊ မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေက မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၁၅၀ ကျော် ရေမြုပ်ကာ ရေဘေးဒုက္ခကြုံနေရတာ ဖြစ်ပါတယ်။

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူနယ်က ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ရေဦးနယ်က မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော်၊ ခင်ဦးနယ် ၁၅ ရွာကျော်၊ ဒီပဲယင်းနယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ရွှေဘိုနယ်က ကျေးရွာ ၁၈ ရွာ၊ ဝက်လက်နယ်က ကျေးရွာ ၁၅ ရွာနဲ့ အရာတော်မြို့နယ် မူးမြစ်ဘေးက ကျေးရွာတွေ၊ စုစုပေါင်း မြို့၊ရွာ ၁၅၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့် နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ကန့်ဘလူနယ်ရှိ ကင်းတပ်ဆည်အောက်က မူးမြစ်ကူး တံတား နှစ်စင်းနဲ့ တူးမြောင်းကူးတံတား ကျိုးကျ ထားသလို ခင်ဦးနဲ့ ရွှေဘိုမြို့ကို စိုက်ပျိုးရေ ပေးဝေထားတဲ့ တူးမြောင်းဘောင်တွေ၊ ကန်ဘောင်တွေ ကျိုးကျထားတာကြောင့် မူးမြစ်ရိုးတလျှောက် ရေကြီးနစ်မြုပ်မှုတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကြောင့် ဩဂုတ် ၆ရက်မှာ ဒီပဲယင်းနယ်က ကောက်စိုက်သမ အမျိုးသမီး ခြောက်ဦး၊ ဩဂုတ် ၇ရက်မှာ တန့်ဆည်နယ်က အမျိုးသားတစ်ဦးနဲ့ ကန့်ဘလူနယ်ခံ နှစ်ဦး၊ စုစုပေါင်း ကိုးဦး သေဆုံးတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက MFP ကို ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၈ ရက် မနက်ပိုင်းမှာတော့ မိုးဆက်မရွာတော့လို့ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး စတဲ့ ဒေသတွေမှာ နှစ်ပေခန့် ရေကျသွားခဲ့ပေမဲ့ ဗန်းမောက်၊ ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်း စတဲ့ မူးမြစ် အထက်ပိုင်းမှာ မိုးကောင်းနေတာကြောင့် သဖန်းဆိပ်ဆည်ထဲ ရေစီးဝင်မှု ဆက်လက် အားကောင်းနေဆဲ ဖြစ်သလို ယခင်နေ့တွေက ထုတ်လွှတ်ထားတဲ့ ရေတွေ မြစ်အောက်ပိုင်းကို ဆက်လက် စုန်ဆင်းနေတာကြောင့် ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်နဲ့ အရာတော်မှာ ရေကြီးနစ်မြုပ်တွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တွေက ထုတ်ပြန်ပါတယ်။
ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ ဩဂုတ် ၇ ရက် မနေ့က စတင်ပြီး မူးမြစ်ရိုးတလျှောက် ကျေးရွာတွေ ရုတ်တရက် ရေကြီးနစ်မြုပ်လို့ အရေးပေါ်ပြောင်းရွှေ့နေရပြီး ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ မူးမြစ်ရိုးတလျှောက်ဟာ မြွေပွေးပေါတဲ့ ဒေသဖြစ်ပြီး ရေတက်ချိန် မြွေအန္တရာယ်ပါ ကြုံနေရသလို လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ ပြတ်တောက်နေတာကြောင့် ပိုးထိ (မြွေကိုက်ခံရသူ) လူနာတွေအတွက် မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
“ပိုးထိထားတဲ့ ပြည်သူ၊ ရဲဘော်တွေ ရှိပါတယ်ဗျ။ လမ်းပိုင်း ပြတ်တောက်သွားတာ ဖြစ်တဲ့အတွက် သွားရေး လာရေး ခက်ခဲသွားပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ မြွေဆိပ် ဖြေဆေးတွေနဲ့ ကုသမှု ပေးထားပါတယ်ဗျ။ မြွေဆိပ်ဖြေဆေးတွေလည်း ထပ်ပြီးတော့ လိုအပ် နေပါတယ်ဗျ”
ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်းနယ်တွေမှာ ရေဆက်တိုးနေတာကြောင့် ရွှေ့ပြောင်းရသူ ထပ်တိုးနေပြီး အမိုးအကာ၊ သောက်သုံးရေ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“မူးမြစ်ထဲ ရေတိုးလာတာက အရမ်းမြန်တဲ့အတွက် မြစ်ကမ်းဘေးရွာနေ ပြည်သူတွေကတော့ ပျက်စီး ဆုံးရှုံးမှုတွေ များပါတယ်ဗျ။ အမိုးအကာအတွက် ယာယီတဲထိုးဖို့ မိုးကာတွေ၊ မြွေဆိပ်ဖြေဆေးနဲ့ ဆေးဝါးတွေ အဓိက လိုအပ်ပါတယ်ဗျ။ နောက်ပြီးတော့ သောက်သုံးရေလည်း အရေးပေါ် လိုအပ် နေပါတယ်။ လက်ရှိအထိကတော့ ရေက ဆက်တိုးနေဆဲပါ။ သဖန်းဆိပ်ကတော့ ရေ ဆက်မလွှတ်တော့ဘူးလို့တော့ သိရတယ်ဗျ။ အထက်က ကျလာတဲ့ရေနဲ့ လက်ရှိက မိုးရွာနေတာဖြစ်လို့ ရေက ပြန်မကျသေးဘူးဗျ” လို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မူးမြစ်ရေက ရုတ်တရက် တက်လာတာကြောင့် အိုးခွက်ပန်းကန်ကအစ သယ်ယူချိန်မရဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးရတယ်လို့ ဝက်လက်နယ် ကိုယ်တိုင် ရေဘေးကြုံနေသူတွေက ပြောပါတယ်။
ရွှေဘို၊ ဝက်လက်နဲ့ အရာတော်နယ်မှာ မူးမြစ်ရေ အတက်ကြမ်းလို့ ကူညီကယ်ဆယ်ရေးတွေ မနိုင်မနင်း ဖြစ်နေသလို ကိုယ်လွတ်ရုန်းထွက်လာရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာ စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ ရေးဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မူးမြစ်ရိုးတလျှောက် ကျေးရွာတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ် ခံစားနေရတဲ့ ဒေသဖြစ်ပြီး အာဏာသိမ်းကာလ ငါးနှစ်ကျော်ကြာ စစ်ဘေးဒုက္ခ သာမက ရေဘေးပါ ထပ်မံ ကြုံရတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်တာ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြဖို့ အမျိုသားညီညွတ်ရေးအစိုးရ – NUG နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

“ရေနစ်မြုပ် ကျေးရွာများရှိ ပြည်သူများကို စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူစာနာ တာဝန်ခံများက ရေကြီးလာနိုင်ခြင်းနှင့် ပတ်သက်၍ အရေးပေါ် သတင်း ထုတ်ပြန်ခြင်းက အစ တက်နိုင်သမျှ အကူအညီပေးလျက်ရှိပါသည်။ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဒေသတွင်း အဖွဲ့အစည်းများက အကူအညီ ပေးမှုများ ရှိသော်လည်း ရေနစ်မြုပ် ဧရိယာ များပြားပြီး မိုးဆက်လက် ရွာသွန်းလျက်ရှိသဖြင့် ဒေသခံပြည်သူများမှာ အရေးပေါ် အကူအညီများစွာ လိုအပ်လျက်ရှိပါသည်” လို့ NUG လူ/စာနာ၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဩဂုတ် ၇ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းရေး၊ အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါး၊ ကျန်းမာရေး အထောက်အပံ့၊ ယာယီနေရာချထားရေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေပြီး ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်တွေ၊ လူမှုကူညီရေး အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုကြောင်း ရွှေဘိုခရိုင် PDF အမှတ် (၂၄) တပ်ရင်းကလည်း ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံး ကူညီနိုင်ရေးနဲ့ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေးကိစ္စတွေ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ရာအတွက် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွေကလည်း အရေးပေါ်ကူညီတုန့်ပြန်ရေးအဖွဲ့ Emergency Response Team – ERT ကို ဩဂုတ် ၈ရက် ဒီကနေ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ရရှီလာတဲ့ အကူအညီတွေကို အဖွဲ့အနေနဲ့ ရေဘေးသင့်ပြည်သူတွေထံ လက်ဝယ်အရောက် တိုက်ရိုက် ရောက်ရှိစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


ရေဘေးသင့်နေတဲ့ အညာ/Photo – YFC၊ PLK၊ CMO၊ ပကဖ၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ



